CNI International News

ဘာလင်၊ မေလ ၁၀

ယူကရိန်းအရေးနှင့် ပတ်သက်၍ တရုတ်နှင့်ဂျာမနီတို့သည် အင်္ဂါနေ့က အပြန်အလှန် ပြစ်တင်ပြောဆိုမှု လုပ် ဆောင်ခဲ့ ကြသည်ဟု ဘန်ကောက်ပို့စ် သတင်းတွင် ဖော်ပြထားသည်။

တရုတ်ကုမ္ပဏီများအပေါ် အီးယူ(EU)က ပစ်မှတ်ထား အရေးယူခြင်းနှင့် ပတ်သက်၍ တရုတ်ဘက်က သတိပေးခဲ့ ပြီး ပဋိပက္ခအတွင်း ကြားနေခြင်းသည် ရုရှားဘက်တွင် ရပ်တည်နေသည့် အဓိပ္ပာယ်ဖြစ်သည်ဟု ဂျာမနီက ပြော သည်။

တစ်လအတွင်း ဒုတိယမြောက် တွေ့ဆုံမှုတွင် တရုတ်နိုင်ငံခြားရေးဝန်ကြီး ကျင်ဂန်း (Qin Gang)နှင့် ဂျာမနီ နိုင်ငံ ခြားရေးဝန်ကြီးဝန်ကြီး အန်နာလီနာ ဘဲရာဘော့ (Annalena Bearbock) တို့သည် ကမ္ဘာ့စင်မြင့်၌ အင်အားကြီး နိုင်ငံများ၏ တာဝန်ယူမှုနှင့် ပတ်သက်၍ ထပ်ခါထပ်ခါ အငြင်းပွားမှု ဖြစ်ခဲ့သည်။

ရုရှားအရေးကြောင့် တရုတ်ကုမ္ပဏီများအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်မည့် အီးယူကို ကျင်က သတိပေးခဲ့ သလို အကျိုးစီးပွားကို ကာကွယ်ရန် တုံ့ပြန်မှု လုပ်ဆောင်သွားမည်ဟု ပြောသည်။

တရုတ်ကုမ္ပဏီ ၈ ခုအပေါ် အရေးယူမှု လုပ်ဆောင်ရန် အီးယူက ဆွေးနွေးနေမှုနှင့် ပတ်သက်၍ အမှန်တကယ် အရေးယူခဲ့မည်ဆိုလျှင် တရုတ်ဘက်ကလည်း ကုမ္ပဏီများ၏ အကျိုးစီးပွားအတွက် လိုအပ်သော တုံ့ပြန်မှုများ လုပ်ဆောင်သွားမည်ဟု ပြောသည်။

ကျင်သည် ဂျာမနီမြို့တော်တွင် ဘဲရာဘော့နှင့် တွေ့ခဲ့စဉ် တရုတ်နှင့် ရုရှားကုမ္ပဏီများသည် ပုံမှန် ဆက်ဆံရေး ရှိသည့်အတွက် ယင်းကို အရေးယူခြင်းမှာ မဖြစ်သင့်ဟု ပြောခဲ့သည်။

ကျင်သည် ဂျာမနီပြီးနောက် ပြင်သစ်နှင့် နော်ဝေတို့သို့ သွားရောက်ရန် စီစဉ်ထားသည်။

တရုတ်အနေဖြင့် တခြားနိုင်ငံများ၏ ကိုယ်ပိုင် သတ်မှတ်ချက်များ သို့မဟုတ် တစ်ဖက်သတ် လုပ်ဆောင်ချက်များ ကို ပြင်းပြင်းထန်ထန် ကန့်ကွက်သည်ဟု ပြောခဲ့သည်။

အီးယူ ကိုယ်စားလှယ်များသည် ယူကရိန်းစစ်ပွဲအတွက် ရုရှားအား ၁၁ ကြိမ်မြောက် အရေးယူ ပိတ်ဆို့မှု ပြုလုပ်ရန် ဗုဒ္ဓဟူးနေ့မှ စတင် ဆွေးနွေးသွားမည်။

ယူကရိန်းအလံကိုတွေ့ရစဉ်

ယင်း၏ အစိတ်အပိုင်း တစ်ရပ်အဖြစ် အီးယူ ကိုယ်စားလှယ်များက ရုရှားသို့ ပြန်ရောင်းနေသည့် သံသယဖြစ်ရ သော တရုတ်ကုမ္ပဏီ ၈ ခုအား ထိလွယ်ရှလွယ်သည့် နည်းပညာများ ရောင်းချနေမှုကို ရပ်နားရန် ထောက်ခံချက် ပေးထားသည်။

မိုက်ခရိုချပ်စ်များ အပါအဝင် တိုက်ပွဲအတွင်း အသုံးပြုနိုင်သည့် ထိလွယ်ရှလွယ်သော နည်းပညာများကို တတိယ နိုင်ငံတစ်ခုမှတစ်ဆင့် ရုရှားသို့ ပြန်လည် တင်ပို့နေမှုကို အီးယူဘက်က ဖယ်ရှားလိုနေခြင်း ဖြစ်သည်။

တရုတ်ကုမ္ပဏီများအပေါ် အီးယူဘက်မှ ချမှတ်နိုင်သည့် လုပ်ဆောင်ချက်များနှင့် ပတ်သက်၍ ဘဲရာဘော့က ပြောဆိုရန် ငြင်းဆိုခဲ့သော်လည်း ရုရှားအပေါ် လက်ရှိ ချမှတ်ထားသော အရေးယူမှုများကို တတိယနိုင်ငံတစ်ခု အကူအညီဖြင့် ဖောက်ထွက်သွားခြင်းမျိုး မဖြစ်ရန် အီးယူက သေချာစေလိုနေသည်ဟု ပြောသည်။

စစ်ပွဲအတွက် အရေးပါသည့် ကုန်ပစ္စည်းများကို ရုရှားလက်နက် ကုမ္ပဏီများ ရရှိနေခြင်းမှာ အရေးကြီးသည့် အကြောင်းအရာဖြစ်ကြောင်း တရုတ် အပါအဝင် ကမ္ဘာ့နိုင်ငံများ အနေဖြင့် ၎င်းတို့၏ လွှမ်းမိုးနိုင်မှုဖြင့် ယင်းကို ရပ်တန့်သင့်ကြောင်း ဘဲရာဘော့က ပြောသည်။

သို့သော် ကျင်က တရုတ်သည် ယူကရိန်းစစ်ပွဲ အဆုံးသတ်ရေး ငြိမ်းချမ်းစွာ ဆွေးနွေးသည့် နည်းလမ်းကို တွန်းအား ပေးနေကြောင်း ပြောကာ တရုတ်သည် အလွန်အကျူး ဝင်ရောက် စွက်ဖက်ခြင်းဖြင့် မီးလောင်ရာ လေမပင့်ဟု တုံ့ပြန်သည်။

တရုတ်သည် ယူကရိန်းအရေးအတွက် ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့ စေလွှတ်မည်ဟု ပြောခဲ့ကာ ဂျာမနီ အနေ ဖြင့် အပစ်အခတ်ရပ်စဲရေး၊ ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ ပေါ်ပေါက်လာစေရန် ပို၍ လုပ်ဆောင်ရန်လည်း တိုက် တွန်းခဲ့သည်။

ဘဲရာဘော့ဘက်က တရုတ်အနေဖြင့် ရုရှားနှင့်ပတ်သက်၍ ပြတ်သားသော ရပ်တည်ချက်ရှိရန် တောင်းဆိုခဲ့ကာ ကြားနေအဖြစ် နေနေခြင်းသည် ရုရှားဘက်တွင် ရှိနေသည့် အဓိပ္ပါယ်ဖြစ်သည်ဟု တုံ့ပြန်သည်။

ကျင်ဂန်းနဲ့ အန်နာလီနာဘဲရာဘော့ကို တွေ့ရစဉ်

ဂျာမနီဝန်ကြီး၏ ပြောစကားကို ကျင်က ဥရောပ ထိပ်သီး စီးပွားရေး အင်အားကြီးဖြစ်သော ဂျာမနီအနေဖြင့် တရုတ်နှင့် အဆက်ဖြတ်ခြင်းကြောင့် ဖြစ်လာနိုင်သည့် အန္တရာယ်ကြီးကြီးမားမားကို လက်ခံနိုင်သလား သို့မဟုတ် နိုင်ငံရေး အမြင်မတူမှုကြောင့် တရုတ်နှင့်ကင်းအောင် နေနိုင်ပါမည်လားဟု ပြန်လည် မေးခွန်းထုတ်ခဲ့သည်။

တရုတ်ဘက်မှ ပြိုင်ဆိုင်မှုနှင့် ယှဉ်ပြိုင်မှုများ မြင့်တက်လာသည်ဟု ဂျာမနီဝန်ကြီးချုပ်က အီးယူ လွှတ်တော်တွင် ပြောခဲ့ဖူးသည်။

ဥရောပသည် တရုတ်နှင့် ပတ်သက်လာလျှင် အမေရိကန်၏ ပြင်းထန်သော လုပ်ငန်းစဉ်များထက် စွန့်စားမှုများကို ပါးပါးနပ်နပ် လျှော့ချနိုင်သည့် နည်းလမ်းတစ်ခုကို လိုအပ်နေသည်ဆိုသည့် အီးယူကော်မရှင် ဥက္ကဋ္ဌ၏ ပြောစကား ကိုလည်း ဂျာမနီဝန်ကြီးချုပ်က ထောက်ခံခဲ့သည်။

တရုတ်သည် ယူကရိန်းစစ်ပွဲတွင် ကြားနေနိုင်ငံ တစ်ခုဖြစ်ကြောင်း သိသာစေရန် ဆောင်ရွက်မှုများ လုပ်ဆောင်နေ ကာ ပြီးခဲ့သည့်လတွင် ယူကရိန်းသမ္မတဗိုလိုဒီမီယာ ဇာလန်းစကီးနဲ့ပထမဆုံးဖုန်းပြောဆိုမှုလုပ်ဆောင်ခဲ့သည်။

သို့သော် ပြင်သစ်နိုင်ငံဆိုင်ရာ တရုတ်သံအမတ်၏ ဆိုဗီယက်နိုင်ငံဟောင်းများ၏ အချုပ်အခြာ အာဏာ အပေါ် ပြောဆိုမှုသည် ယင်း၏ ရပ်တည်ချက်နှင့် ပတ်သက်၍ မေးခွန်းထုတ်စရာ ဖြစ်ခဲ့ကာ တရုတ်ဘက်မှ အဆိုပြုသော ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကိုလည်း အမေရိကန်နှင့် နေတိုးအဖွဲ့တို့က ဝေဖန်မှု လုပ်ဆောင်ထားသည်။

Source: ဘန်ကောက်ပို့စ်