CNI International News
ဘာလင်၊ မတ်လ ၁၉
ဂျာမနီနိုင်ငံ၏ မော်တော်ယာဥ် လုပ်ငန်းသည် လျှပ်စစ်ကားဝယ်လိုအား နှေးကွေးခြင်းနှင့် တရုတ်နိုင်ငံမှ ပြိုင်ဆိုင်မှု မြင့်တက်လာခြင်းတို့နှင့် ရင်ဆိုင်နေရချိန်တွင် Audi ကားကုမ္ပဏီက ဂျာမနီ၌ အလုပ်အကိုင်ပေါင်း ၇၅၀၀ ကို လျှော့ချသွားမည်ဖြစ်ကြောင်း မတ်လ ၁၇ ရက်က ကြေညာခဲ့သည်ဟု DW သတင်းမှ ဖော်ပြခဲ့သည်။
၂၀၂၉ ခုနှစ် နှစ်ကုန်တွင် အကောင်အထည်ဖော်မည့် အလုပ်အကိုင်များ လျှော့ချမှုသည် Audi ၏ ကမ္ဘာတစ်ဝန်းရှိ လုပ်သားအင်အား၏ ၈ ရာခိုင်နှုန်းရှိသည်။
ထိုသို့ ဝန်ထမ်းအင်အား လျှော့ချရသည့် ရည်ရွယ်ချက်မှာ ကုန်ထုတ်စွမ်းအား၊ လျင်မြန်ထိရောက်မှုနှင့် လိုက်လျော ညီထွေရှိမှုကို မြှင့်တင်ရန်ဖြစ်ကြောင်း Audi က ထုတ်ပြန်ခဲ့သည်။
“စီပွားရေး အခြေအနေတွေက ပိုပြီး ကြမ်းတမ်းလာပါတယ်။ ပြိုင်ဆိုင်မှု ပြင်းထန်တဲ့ ဖိအားတွေ၊ နိုင်ငံရေးအရ သေချာရေရာမှု မရှိတာတွေက ကုမ္ပဏီအတွက် ကြီးမားတဲ့ စိန်ခေါ်မှုတွေ ဖြစ်နေပါတယ်”ဟု Volkswagen ကုမ္ပဏီ၏ လက်အောက်ခံကုမ္ပဏီဖြစ်သည့် Audi က ထုတ်ပြန်ခဲ့သည်။
Audi ကားကို တွေ့ရစဉ်
“၂၀၃၃ ခုနှစ်ကုန်တဲ့ အချိန်ကျမှ ပိုလျံဝန်ထမ်းတွေ မရှိတော့မှာပါ။ အခုလို စီးပွားရေး ခက်ခဲနေတဲ့ အချိန်မှာတော့ ဒါက ဝန်ထမ်းအားလုံးအတွက် သတင်းကောင်းပဲဖြစ်ပါတယ်” ဟု စီမံခန့်ခွဲရေး ဘုတ်အဖွဲ့ဥက္ကဋ္ဌ ဂျာနော့ ဒေါ်လ်နာ (Gernot Döllner) က ပြောကြားခဲ့သည်။
လက်ရှိ အလုပ်အကိုင် လုံခြုံရေးအစီအစဉ်အရ ပိုလျှံဝန်ထမ်းများအား အလုပ်မှ ဖယ်ရှားရေးကို တားမြစ်ထားသည့် အစီအစဉ်အား ၂၀၃၃ ခုနှစ်အထိ သက်တမ်းတိုးမည်ဖြစ်ပြီး ယခင်က ၂၀၂၉ ခုနှစ်ကုန်အထိ ကျင့်သုံးရန် သတ်မှတ် ခဲ့ခြင်းဖြစ်သည်။
၂၀၂၉ ခုနှစ်မတိုင်မီ အလုပ်များ လျှော့ချမှုသည် ဝန်ထမ်များ၏ သဘောဆန္ဒအလျှောက် နုတ်ထွက်ခြင်းနှင့် စာချုပ် သက်တမ်း ကုန်ခြင်းတို့ဖြင့်သာ လျှော့ချသွားမည်ဖြစ်သည်။
Audi ကားစက်ရုံကိုတွေ့ရစဉ်
မော်တော်ယာဥ်လုပ်ငန်းသည် ဂျာမဏီစက်မှုလုပ်ငန်း၏ တန်ဖိုးထားဂုဏ်ယူရသည့် လုပ်ငန်းတစ်ခုအဖြစ် ဆယ်စုနှစ်များစွာကြာအောင် ရပ်တည်နိုင်ခဲ့သော်လည်း စီးပွားရေးကျဆင်းမှုကြောင့် နိုင်ငံ၏ ကုန်ထုတ်လုပ်မှု ကျဆင်းလာခဲ့သည်။
Audi ၏ အလုပ်အကိုင် ဖြတ်တောက်မှုသည် ဥရောပ၏ အကြီးဆုံး စီးပွားရေး အင်အားကြီး နိုင်ငံဖြစ်သည့် ဂျာမနီနိုင်ငံအတွက် နောက်ဆုံး ထိုးနှက်ချက်တစ်ခုဖြစ်ခဲ့သည်။
လက်ရှိတွင် ဂျာမနီ၏ မော်တော်ယာဉ် လုပ်ငန်းကဏ္ဍသည် လျှပ်စစ်ကားစျေးကွက်ကို အာရုံစိုက်လာခြင်း၊ တရုတ် ၏ ပြိုင်ဆိုင်မှု ပြင်းထန်လာခြင်း၊ ဝယ်လိုအား အားနည်းခြင်းနှင့် အမေရိကန် အခွန်ခြိမ်းခြောက်မှုတို့၏ ရိုက်ခတ် မှုကို ပြင်းထန်စွာ ခံခဲ့ရသည်။
Source: DW