CNI International News
တိုကျို၊ ဩဂုတ် ၂၂
တရုတ်၏ ဩဇာကြီးထွားလာချိန်တွင် ဂျာမနီနှင့် ဂျပန်ကြား သံတမန်ရေး၊ စီးပွားရေးနှင့် ကာကွယ်ရေး ကဏ္ဍများ ၌ ဆက်ဆံရေးများ မြှင့်တင်သွားမည်ဖြစ်ကြောင်း ဂျာမနီနိုင်ငံခြားရေးဝန်ကြီး ဂျိုဟန် ဝါဒီဖူလ် (Johann Wadephul) က ပြောကြားခဲ့သည်ဟု DW သတင်းဝက်ဘ်ဆိုက်မှ ဖော်ပြခဲ့သည်။
ဝါဒီဖူလ်သည် ယိုကိုဆူကာ (Yokosuka) မြို့ရှိ ဂျပန်ရေတပ်စခန်းသို့ ဩဂုတ် ၂၀ ရက်တွင် ရောက်ရှိချိန်က ဒေသ တွင်း တရုတ်၏ မြင့်တက်လာသည့် ဩဇာလွှမ်းမိုးမှုများနှင့်ပတ်သက်ပြီး ပြောကြားခဲ့သည်။
တရုတ်သည် ဒုတိယကမ္ဘာစစ်အတွင်းက ဂျာမနီနှင့် ဂျပန် မဟာမိတ်ဆက်ဆံမှုကို ယနေ့အချိန်အထိ မေ့ပျောက်နိုင် ခြင်း မရှိသေးပေ။
ဩဂုတ် ၂၀ ရက်ကလည်း ဝါဒီဖူလ်က တရုတ်သည် ဒေသတွင်း ရန်လိုသည့် လုပ်ရပ်များ လုပ်ဆောင်နေကြောင်း စွပ်စွဲခဲ့ပြီး တရုတ်ကလည်း ထိုစွပ်စွဲချက်ကို ဒေါသတကြီး တုံ့ပြန်ခဲ့သည်။
ထိုစွပ်စွဲချက်သည် ထိပ်တိုက်တွေ့မှုနှင့် တင်းမာမှုများ မြင့်တက်စေရန် သွေးထိုးလှုံ့ဆော်ခြင်းဖြစ်ကြောင်း တရုတ်က သတိပေးခဲ့သည်။
ဂျာမနီနိုင်ငံခြားရေးဝန်ကြီး ဂျိုဟန် ဝါဒီဖူလ်ကို တွေ့ရစဉ်
သို့သော် ဂျာမနီနိုင်ငံခြားရေးဝန်ကြီးက ၎င်း၏ သဘောထားကို ပြောင်းလဲခဲ့ခြင်း မရှိခဲ့ပေ။
“ဥရောပမှာပဲဖြစ်ဖြစ်၊ အင်ဒို-ပစိဖိတ် ဒေသမှာပဲဖြစ်ဖြစ်၊ ကမ္ဘာပေါ်က ဘယ်နေရာမှာမဆို နယ်စပ်စည်းတွေကို အင်အားသုံးပြီး ပြောင်းလဲလို့ မရပါဘူး”ဟု ဝါဒီဖူလ်က ပြောကြားခဲ့သည်။
ထိုမှတ်ချက်စကားသည် ထိုင်ဝမ်ကို ရည်ညွှန်းသည့် ပြောကြားမှု ဖြစ်သည်။
တရုတ်သည် ထိုင်ဝမ်ကို ၎င်း၏ နယ်နိမိတ်အဖြစ် ကြေညာထားပြီး လိုအပ်လာမည်ဆိုပါက အင်အားသုံးပြီး ထိန်းချုပ်သွားမည်ဟု သတိပေးထားသည်။
ဂျာမနီသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံကို တရားဝင် အသိအမှတ် ပြုထားခြင်းအားဖြင့် တရုတ်တစ်နိုင်ငံ တည်းမူကို လေးစားမည်ဟု ကတိပြုထားသည်။
ဂျာမနီသည် ထိုင်ဝမ်နှင့် တရားဝင် သံတမန်ဆက်ဆံရေး မရှိသော်လည်း စီးပွားရေး၊ ယဉ်ကျေးမှုနှင့် သုတေသန ကဏ္ဍများတွင် တရားမဝင် ဆက်ဆံမှုများရှိပြီး အပြန်အလှန် သဘောတူညီမှုအပေါ် အခြေခံထားသည့် ငြိမ်းချမ်း စွာ ပြန်လည်ပေါင်းစည်းရေးကို ထောက်ခံထားသည်။
ဂျာမနီစစ်သားတွေကိုတွေ့ရစဉ်
ဥရောပနိုင်ငံများသည် ယူကရိန်း၏ အနာဂတ်အတွက် ဆက်လက် တိုက်ပွဲဝင်နေချိန်တွင် ဂျာမနီအနေဖြင့် တရုတ် ကို ရှင်းလင်းပြတ်သားစွာ ပြောကြားရန် လိုအပ်ကြောင်း ဂျာမနီဝန်ကြီးချုပ် ဖရက်ဒရစ်ချ် မာ့ဇ် (Friedrich Merz) ၏ ပါတီမှ နိုင်ငံရေးသမားတစ်ဦးဖြစ်သူ ဂျာဂန် ဟတ် (Jürgen Hardt) က ပြောကြားခဲ့သည်။
“တရုတ်က ယူကရိန်းကို တိုက်ခိုက်နေတဲ့ ရုရှားကို ထောက်ခံခြင်း ရှိ၊မရှိကို ကျနော်တို့အနေနဲ့ တရုတ်အစိုးရ ကိုယ်စားလှယ်တွေကို မေးခဲ့ဖူးပါတယ်။ သူတို့ကလည်း မထောက်ခံဘူးလို့ ငြင်းခဲ့ကြပါတယ်။ ဒါပေမယ့် ဒါဟာ အမှန် မဟုတ်ဘူးဆိုတာကို ကျနော်တို့ ခံစားနေရပါတယ်” ဟု ဝါဒီဖူလ်၏ အာရှခရီးစဉ်တွင် လိုက်ပါလာသည့် ဟတ်က ပြောကြားခဲ့သည်။
လက်ရှိတွင် ယိုကိုဆူကာ စစ်စခန်း၌ ဂျာမနီစစ်သားများ ဖြန့်ကြက်ချထားပြီး ထိုစစ်သားများသည် မြောက်ကိုရီး ယားအပေါ် ချမှတ်ထားသည့် ကုလသမဂ္ဂ ပိတ်ဆို့မှုများ ချိုးဖောက်ခံရခြင်း ရှိ၊မရှိ စောင့်ကြည့်နေသည့် နိုင်ငံတကာ စစ်ရေး မစ်ရှင်၌ ပါဝင်သော စစ်သားများဖြစ်သည်။
ထို့ပြင် ဂျပန်သည် အာရှတွင် ဂျာမနီ၏ အကောင်းဆုံး မိတ်ဖက်နိုင်ငံဖြစ်ကြောင်းလည်း ဝါဒီဖူလ်က ပြီးခဲ့သည့် ရက်ပိုင်းက ပြောကြားခဲ့သည်။
Source: DW