CNI International News
ဝါရှင်တန်၊ ဩဂုတ် ၂၂
မြောက်ကိုရီးယားသည် တရုတ်နယ်စပ်အနီးတွင် ဒုံးကျည်စခန်းတစ်ခု တည်ဆောက်ပြီး တာဝေးပစ် ဒုံးကျည်များ နှင့် နောက်ဆုံးပေါ် မဟာဗျူဟာမြောက် လက်နက်များကို သိုလှောင်ထားသည်ဟု အမေရိကန်အခြေစိုက် ကျွမ်းကျင်ပညာရှင်အဖွဲ့က ထုတ်ပြန်ခဲ့ကြောင်း South China Morning Post မှ ဖော်ပြခဲ့သည်။
ထိုလျှို့ဝှက်ဒုံးကျည်စခန်း တည်ဆောက်မှုသည် နျူကလီးယား တိုက်ခိုက်ရေး စွမ်းဆောင်ရည်များကို မြှင့်တင်နေ သည့် မြောက်ကိုရီးယား၏ အားထုတ်ကြိုးပမ်းမှုများအား ပြသရာရောက်ကြောင်း ဝါရှင်တန်အခြေစိုက် မဟာဗျူဟာနှင့် နိုင်ငံတကာ လေ့လာရေးစင်တာ (CSIS) က ထုတ်ပြန်ခဲ့သည်။
မြောက်ပြုံဂန် (North Pyongan) ပြည်နယ်၊ ဆင်ပွန် (Sinpung)မြို့တွင် တည်ရှိသည့် ထိုဒုံးကျည်စခန်းသည် တရုတ်နယ်စပ်နှင့် ၂၇ ကီလိုမီတာ (၁၇ မိုင်) အကွာအဝေးတွင် တည်ရှိသည်။
ထိုဒုံးကျည်စခန်းတွင် တိုက်ချင်းပစ် ပဲ့ထိန်းဒုံးကျည် ၆ စင်းမှ ၉ စင်းအထိ ထားရှိနိုင်ပြီး ဒုံးကျည်များကို ပစ်လွှတ် သည့် ဒုံးပစ်လောင်ချာ များကိုလည်း သိုလှောင်ထားဖွယ်ရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။
မြောက်ကိုရီးယား ဒုံးကျည်စခန်းတစ်ခုကို တွေ့ရစဉ်
“အဲဒီဒုံးကျည်တွေက အရှေ့အာရှနဲ့ အမေရိကန်ရဲ့ ကုန်းမြေတွေအတွက် ဖြစ်လာနိုင်ခြေရှိတဲ့ နျူကလီးယား ခြိမ်းခြောက်မှု ဖြစ်ပါတယ်"ဟု CSIS က ပြောကြားခဲ့သည်။
လက်ရှိ လေ့လာဆန်းစစ်ချက်များအရ ပဋိပက္ခ သို့မဟုတ် စစ်ပွဲဖြစ်ပွားလာချိန်တွင် ထိုဒုံးကျည်များနှင့် ဒုံးပစ် လောင်ချာများကို ဒုံးကျည်စခန်းမှ သယ်ထုတ်ပြီး လက်နက်ထိပ်ဖူးများ တပ်ဆင်ကာ သယ်ယူပို့ဆောင်ရေး တပ်ဖွဲ့ထံ ပေးပို့လိမ့်မည်ဖြစ်ကြောင်း၊ ထို့နောက် နေရာဒေသ အသီးသီးရှိ ကြိုတင်ပြင်ဆင်ထားသည့် စခန်းများမှ တဆင့် ဒုံးကျည်များကို ပစ်ခတ်လိမ့်မည်ဖြစ်ကြောင်း CSIS က ဂြိုဟ်တုဓာတ်ပုံများကို ကိုးကားပြီး ဖော်ပြခဲ့သည်။
ထိုဒုံးကျည်စခန်းကို ၂၀၀၄ ခုနှစ်က စတင် တည်ဆောက်ခဲ့ပြီး ၂၀၁၄ ခုနှစ်တွင် အပြီးသတ် တည်ဆောက်ကာ အသုံးပြုခဲ့ခြင်း ဖြစ်သည်ဟု CSIS က ပြောကြားခဲ့သည်။
တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာနကမူ မြောက်ကိုရီးယား၏ နျူကလီးယားနှင့် ဒုံးကျည်လှုပ်ရှားမှုများကို အနီးကပ် စောင့်ကြည့်နေကြောင်း ပြောကြားခဲ့ပြီး အသေးစိတ် ထုတ်ပြန်ခဲ့ခြင်းမရှိပေ။
ထိုဒုံးကျည် စခန်းနှင့်ပတ်သက်သည့် သတင်းထွက်ပေါ်လာမှုသည် မြောက်ကိုရီးယား၏ နျူကလီးယား ခြိမ်းခြောက်မှုနှင့် မဟာဗျူဟာမြောက် ရည်ရွယ်ချက်ကို ပိုမိုပေါ်လွင်စေခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့ သည်။
ထို့ပြင် မြောက်ကိုရီးယား၏ နျူကလီးယား လက်နက် အင်အားသည် မျှော်မှန်းထားသည်ထက် ပိုမိုကြီးမားပြီး ပိုမို ဆန်းပြားရှုပ်ထွေးနေခြင်းကို ပြသရာရောက်ခဲ့ကြောင်း CSIS ၏ ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။
Source: South China Morning Post