CNI International News

မင့်စ်၊ ဩဂုတ် ၂၂

ယူကရိန်းကို တိုက်ခိုက်နေသည့် ရုရှားအား ထောက်ခံပေးခဲ့သော ဘယ်လာရုစ်နှင့် အီရန်တို့က ကာကွယ်ရေးကဏ္ဍ အပါအဝင် နယ်ပယ်ပေါင်းစုံတွင် ဆက်ဆံရေးများ မြှင့်တင်ရန် စီစဉ်ထားကြောင်း ဩဂုတ် ၂၀ ရက်က ဘယ်လာရုစ် နိုင်ငံ မင့်စ် (Minsk) မြို့တော်၌ နှစ်နိုင်ငံသမ္မတများ၏ ဆွေးနွေးပွဲတွင် ပြောကြားခဲ့သည်ဟု ရိုက်တာမှ ဖော်ပြခဲ့ သည်။

ဘယ်လာရုစ် နိုင်ငံပိုင် သတင်းအေဂျင်စီဖြစ်သည့် Belta ၏ ထုတ်ပြန်ချက်တွင် ဘယ်လာရုစ်သမ္မတ လူကာရှန်ကို (Alexander Lukashenko) နှင့် အီရန်သမ္မတ မာဆွတ် ပီဇက်ရှ်ကီယန် (Masoud Pezeshkian) တို့သည် မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး စာချုပ်ချုပ်ရန် သဘောတူခဲ့ကြသည်ဟု ဆိုသည်။

“ပထဝီနိုင်ငံရေး အခြေအနေ ရှုပ်ထွေးနေချိန်မှာ ဘယ်လာရုစ်နဲ့ အီရန်တို့ဟာ ပူးပေါင်းဆောင်ရွက်မှုတွေ တိုးမြှင့်ဖို့ နဲ့ စိန်ခေါ်မှုတွေကို အခွင့်အလမ်းအဖြစ် ပြောင်းလဲဖို့အတွက် အစီအစဉ်တွေ ရေးဆွဲခဲ့ကြပါတယ်” ဟု Belta သတင်းအေဂျင်စီက ထုတ်ပြန်ခဲ့သည်။

အီရန်သမ္မတ မာဆွတ် ပီဇက်ရှ်ကီယန်နဲ့ ဘယ်လာရုစ်သမ္မတ လူကာရှန်ကို ကိုတွေ့ရစဉ်

“ကျနော်တို့က ဘယ်ကိစ္စကိုမဆို ဆွေးနွေးဖို့ အသင့်ရှိပါတယ်။ ကျနော်တို့ကြား မဆွေးနွေးမယ့် ကိစ္စဆိုတာ မရှိပါဘူး” ဟု လူကာရှန်ကိုက ပြောကြားခဲ့သည်။

ထို့နောက် နှစ်နိုင်ငံစလုံးသည် စစ်ရေးနှင့် နည်းပညာ ပူးပေါင်းဆောင်ရွက်မှု အပါအဝင် နယ်ပယ်အသီးသီးတွင် မိတ်ဖက်ဆက်ဆံရေး ဖော်ဆောင်သွားမည်ဟု ဆိုသည်။

ရုရှားသမ္မတ ပူတင် (Vladimir Putin) ၏ နီးကပ်သည့် မဟာမိတ်ဖြစ်သော လူကာရှန်ကိုသည် ယူကရိန်းကို ဝင်ရောက် တိုက်ခိုက်နေသည့် ရုရှားတပ်ဖွဲ့များအား ဘယ်လာရုစ်နိုင်ငံ၏ နယ်နိမိတ်များမှတဆင့် တိုက်ခိုက်မှုများ ပြုလုပ်ရန် ခွင့်ပြုပေးခဲ့သည်။

ထို့ပြင် ဘယ်လာရုစ်နိုင်ငံအတွင်း ရုရှား၏ နည်းဗျူဟာမြောက် နျူကလီးယား ဒုံးကျည်များကိုလည်း ဖြန့်ကြက် ချထားခွင့် ပြုခဲ့သည်။

အီရန်သမ္မတ မာဆွတ် ပီဇက်ရှ်ကီယန်နဲ့ ဘယ်လာရုစ်သမ္မတ လူကာရှန်ကို ကိုတွေ့ရစဉ်

အီရန်ကမူ ယူကရိန်းစစ်ပွဲတွင် ရုရှားတပ်ဖွဲ့များ အသုံးပြုရန် ဒရုန်းများ ထောက်ပံ့ပေးခဲ့ပြီး ဇန်နဝါရီလကလည်း အီရန်သမ္မတ ပီဇက်ရှ်ကီယန်သည် ပူတင်နှင့် မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်ရေးစာချုပ် ချုပ်ဆိုခဲ့သည်။

အီရန်နှင့် ဘယ်လာရုစ်သည် အနောက်နိုင်ငံများ၏ တရားမဝင် ပိတ်ဆို့မှုများကို ခံခဲ့ရကြောင်း၊ အီရန်သည် ထိုပိတ်ဆို့မှုများကို ဖြေရှင်းရန် ဘယ်လာရုစ်အား ကူညီပေးရန် အသင့်ရှိနေသည်ဟု သမ္မတ ပီဇက်ရှ်ကီယန်က ပြောကြားခဲ့ကြောင်း Belta သတင်းအေဂျင်စီက ဖော်ပြခဲ့သည်။

နှစ်နိုင်ငံကြား စီးပွားရေးနှင့် အခြား ဆက်ဆံရးများကို ထူထောင်ရန် လိုအပ်ပြီး စီးပွားရေး၊ ယဉ်ကျေးမှုနှင့် ခရီးသွား ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် တူညီသည့် သဘောထားများ ရှိခဲ့သည်ဟုလည်း ပီဇက်ရှ်ကီယန်က လူကာရှန်ကိုအား ပြောကြားခဲ့ကြောင်း Belta သတင်းအေဂျင်စီက ဖော်ပြခဲ့သည်။

Source: ရိုက်တာ