CNI International News

ကာရာကက်စ်၊ ဇန်နဝါရီ ၃၀

အမေရိကန်သည် ဗင်နီဇွဲလားနိုင်ငံအတွင်းရှိ ရုရှား၊ တရုတ်နှင့် အီရန်တို့၏ တည်ရှိမှုကို လျှော့ချရန် ဖိအားပေးနေ ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးနှင့် အမျိုးသားလုံခြုံရေးအကြံပေး မာကို ရူဘီယို(Marco Rubio)က ပြောကြားခဲ့သည်ဟု တာ့စ်သတင်းဌာနက ဖော်ပြခဲ့သည်။

“အနှစ် ၂၀ အတွင်းမှာ ပထမဆုံးအကြိမ်အဖြစ် အီရန်ရဲ့ တည်ရှိမှု၊ တရုတ်ရဲ့ ဩဇာလွှမ်းမိုးမှုနဲ့ ရုရှားရဲ့ ပါဝင် ပတ်သက်မှုတွေကို လျော့ပါး ပျောက်ကွယ်သွားအောင် လုပ်ဖို့ အလေးအနက် ဆွေးနွေးနေကြပါပြီ။ တကယ်တော့ ဗင်နီဇွဲလားမှာရှိတဲ့ အင်အားစု အတော်များများဟာ အမေရိကန်နဲ့ ကဏ္ဍစုံမှာ ဆက်ဆံရေး ပြန်လည်ထူထောင်ဖို့ ကြိုဆိုနေကြတယ်လို့ ကျနော် ပြောချင်ပါတယ်” ရူဘီယိုက ဆိုသည်။

ဗင်နီဇွဲလားသမ္မတ နီကိုလပ်စ် မာဒူရို (Nicolas Maduro) အာဏာရှိနေချိန်က အမေရိကန်အနေဖြင့် ယခုကဲ့သို့ ဆောင်ရွက်နိုင်ခြင်း မရှိခဲ့ကြောင်းကိုလည်း ၎င်းက ဝန်ခံခဲ့သည်။

“မာဒူရိုသာ ရှိနေမယ်ဆိုရင် အီရန်၊ ရုရှား ဒါမှမဟုတ် တရုတ်ရဲ့ ဩဇာလွှမ်းမိုးမှုကို လျှော့ချဖို့ဆိုတာ ဘယ်လိုမှ ဖြစ်နိုင်မှာမဟုတ်ဘူး” ဟု မာဒူရိုက အထက်လွှတ်တော် နိုင်ငံခြားရေးကော်မတီ ကြားနာစစ်ဆေးပွဲတွင် ပြောကြား ခဲ့သည်။

ဗင်နီဇွဲလား ယာယီသမ္မတကို တွေ့ရစဉ် (အလယ်က အမျိုးသမီး)

“အခုတော့ ကျနော်တို့မှာ အပြောင်းအလဲ ဖန်တီးဖို့ တကယ့် အခွင့်အရေး ကောင်းတစ်ခု ရှိနေပါပြီ။ ကျနော်တို့ရဲ့ ပထဝီနိုင်ငံရေး ရန်သူတိုင်းအတွက် ဗဟိုစစ်ဆင်ရေး အခြေစိုက် စခန်းအဖြစ် ဆက်မရှိအောင် လုပ်ဖို့ဆိုတာ အမေရိကန်အစိုးရရဲ့ တာဝန်ဖြစ်ပါတယ်”ဟု ၎င်းက ဖြည့်စွက် ပြောကြားခဲ့သည်။

“ဒါဟာ မာဒူရို လက်ထက်က ဗင်နီဇွဲလားရဲ့ အခြေအနေဖြစ်ပြီး အဲဒါကို ကျနော်တို့ ပြောင်းလဲပစ်ဖို့ ရည်ရွယ်ထား ပါတယ်” ဟု ရူဘီယိုကဆိုသည်။

ဗင်နီဇွဲလားသည် ကျူးဘား၊ နီကာရာဂွါတို့နှင့်အတူ အနောက်ကမ္ဘာခြမ်းတွင် ရုရှား၏ အဓိက ဩဇာလွှမ်းမိုးရာ နေရာ ဖြစ်သည်ဟု ၎င်းက ပြောကြားခဲ့သည်။

ဇန်နဝါရီ ၃ ရက်တွင် အမေရိကန်သည် ဗင်နီဇွဲလားရှိ အရပ်ဘက်နှင့် စစ်ဘက်ဆိုင်ရာ အဆောက်အအုံများကို တိုက်ခိုက်ခဲ့ကာ ဗင်နီဇွဲလားနိုင်ငံခြားရေးဝန်ကြီး အီဗန်ဂေးလ်ပင်တို(Yvan Gil Pinto) က အမေရိကန်၏ လုပ်ရပ်ကို စစ်ရေးအရ ကျူးကျော်မှုအဖြစ် ရှုတ်ချခဲ့သည်။

ဇန်နဝါရီ ၆ ရက်တွင် ဒုတိယသမ္မတ ဒယ်လ်စီ ရိုဒရီဂွက်စ်(Delcy Rodriguez) သည် ဗင်နီဇွဲလား၏ ယာယီသမ္မတ အဖြစ် ကျမ်းသစ္စာ ကျိန်ဆိုခဲ့ပြီး တစ်ချိန်တည်းမှာပင် အမေရိကန်အနေဖြင့်  ကြားကာလအတွင်း ဗင်နီဇွဲလားကို စီမံခန့်ခွဲသွားမည်ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump )က ပြောကြားခဲ့သည်။

Source: TASS