CNI International News

ဘေဂျင်း၊ မတ်လ ၁၆

အမေရိကန်နှင့် ဆက်ဆံရေး ဆိုးရွားနေသော တရုတ်၊ အီရန်နှင့်ရုရှားတို့မှ ရေတပ်များသည် ယခုသီတင်းပတ် အတွင်း ပူးတွဲစစ်ရေး လေ့ကျင့်မှု ပြုလုပ်ခဲ့သည်ဟု တရုတ်ကာကွယ်ရေးဌာနက ပြောကြောင်း အေပီ သတင်းတွင် ဖော်ပြသည်။

Security Bond-2023 ဟု ခေါ်သော စစ်ရေး လေ့ကျင့်မှုတွင် တခြားသော နိုင်ငံများပါ ပါဝင်မည်ဟု တရုတ် ကာ ကွယ်ရေးဌာနက ပြောသော်လည်း အသေးစိတ်ကို မဖော်ပြခဲ့ပေ။

အီရန်၊ ပါကစ္စတန်၊ အိုမန်နှင့် ယူအေအီးတို့သည် မဟာဗျူဟာအရ အရေးပါသော ပါရှန်ပင်လယ်ကွေ့တွင် ကမ်းရိုးတန်းများကို အသီးသီး ပိုင်ဆိုင်ထားသည်။

တရုတ်-ရုရုား- အီရန် ခေါင်းဆောင်များကိုတွေ့ရစဉ်

ယခု လေ့ကျင့်မှုတွင် ပါဝင်သည့် ရေတပ်များအကြား လက်တွေ့ ပူးပေါင်းဆောင်ရွက်မှု ခိုင်မာစေရန် အထောက် အကူဖြစ်စေကာ ဒေသတွင်း ငြိမ်းချမ်းရေးနှင့်လုံခြုံရေးအတွက် အပြုသဘောဆောင် စေလိမ့်မည်ဟု တရုတ်ကာ ကွယ်ရေးဌာနမှ ထုတ်ပြန်သည့် ကြေညာချက်တွင် ဖော်ပြထားသည်။

ပြိုင်ဘက် သုံးနိုင်ငံ၏ ပူးတွဲစစ်ရေး လေ့ကျင့်မှုနှင့်ပတ်သက်၍ အိမ်ဖြူတော်ဘက်မှ စိုးရိမ်မှုမရှိကြောင်း အမေရိကန် လုံခြုံရေးကောင်စီ ပြောခွင့်ရပုဂ္ဂိုလ် ဂျွန်ကာဘီ (John Kirby)က ပြောသည်။

အမေရိကန်နှင့် တခြားသော နိုင်ငံများသည်လည်း ပူးတွဲလေ့ကျင့်မှုများ ပြုလုပ်ခဲ့ကြောင်း၊ တရုတ်နှင့် ရုရှားတို့၏ ပူးတွဲစစ်ရေး လေ့ကျင့်မှုသည် ပထမဆုံးအကြိမ် မဟုတ်ကြောင်းလည်း ကာဘီက ပြောသည်။

ပြိုင်ဘက် သုံးနိုင်ငံ၏ စစ်ရေး လေ့ကျင့်မှုသည် အမေရိကန်၏ အမျိုးသားလုံခြုံရေး အကျိူးစီးပွားနှင့် ဒေသတွင်းရှိ မဟာမိတ် နိုင်ငံများအပေါ် ခြိမ်းခြောက်မှု မဖြစ်စေရေး သေချာစေရန် ယင်းကို အနီးကပ် စောင့်ကြည့် သွားမည် ဟုလည်း ကာဘီက ပြောသည်။

တရုတ်-အီရန်-ရုရှား သုံးနိုင်ငံ ရေတပ်ပူးတွဲစစ်ရေး လေ့ကျင့်မှုကို ဗုဒ္ဓဟူးနေ့မှ တနင်္ဂနွေနေ့အထိ ပြုလုပ် သွားမည် ဖြစ်သည်။

အမေရိကန် ခေါင်းဆောင် ဘိုင်ဒန်ကိုတွေ့ရစဉ်

ယင်းသည် တရုတ်၏ ယူကရိန်းစစ်ပွဲနှင့် ပတ်သက်၍ ရုရှားအပေါ် အပြစ်တင်ရန် ငြင်းဆိုမှု၊ ရုရှား စီးပွားရေးအား ဆက်လက် ထောက်ပံ့နေမှုတို့ အပါအဝင် တခြားသော အကြောင်းအရာများကြောင့် တရုတ်နှင့် အမေရိကန်တို့ အကြား တင်းမာမှုများ မြင့်တက်နေချိန်တွင် ပေါ်ပေါက်လာခဲ့ခြင်း ဖြစ်သည်။

အမေရိကန်နှင့် မဟာမိတ်များသည် ရုရှား၏ ကျူးကျော်မှုကို ဝေဖန်ရှုတ်ချခဲ့ပြီး ယင်းအပေါ် စီးပွားရေးဆိုင်ရာ အရေးယူမှုများ လုပ်ဆောင်ခဲ့ကာ ယူကရိန်းအတွက် ကာကွယ်ရေး လက်နက်များ ထောက်ပံ့ပေးခဲ့သည်။
အီရန်နှင့် အမေရိကန်တို့အကြား ဆက်ဆံရေးသည်လည်း ၁၉၇၉ ခုနှစ်နောက်ပိုင်း အဆိုးရွားဆုံး အခြေအနေတွင် ရှိနေသည်။

တရုတ်သည် ယခုစစ်ရေး လေ့ကျင့်မှုတွင် Nanning ဖျက်သင်္ဘောကိုပါ စေလွှတ်သွားမည် ဖြစ်သည်။

အဆိုပါ သုံးနိုင်ငံသည် ပြီးခဲ့သည့် နှစ်နှင့် ၂၀၁၉ ခုနှစ်တို့တွင်လည်း အလားတူ စစ်ရေး လေ့ကျင့်မှုများ လုပ်ဆောင် ခဲ့ပြီး ယင်းတို့က တရုတ်သည် အမေရိကန် ဦးဆောင်သည့် အနောက်အုပ်စုနှင့် အဆင်မပြေသော နိုင်ငံများနှင့် စစ်ရေး၊ နိုင်ငံရေးအရ ဆက်နွယ်မှု မြင့်တက်လာနေသည်ကိုလည်း ဖော်ပြနေသည်။

Source: AP