CNI International News

ဝါရှင်တန်၊ အောက်တိုဘာ ၁၄

အရှေ့အာရှညီလာခံတွင် အာဆီယံနိုင်ငံများက မူကြမ်းရေးဆွဲခဲ့သည့် ဘုံသဘောတူညီချက် ကြေညာစာတမ်းကို ရုရှားနှင့်တရုတ်တို့က ပိတ်ပင်ခဲ့ကြောင်း အမေရိကန်အရာရှိတစ်ဦးက ပြောကြားခဲ့သည်ဟု ရိုက်တာမှ ဖော်ပြခဲ့ သည်။

အောက်တိုဘာ ၁၀ ရက်က လာအိုနိုင်ငံတွင် ပြုလုပ်သည့် အရှေ့အာရှညီလာခံ၌ အာဆီယံနိုင်ငံများ၏ သဘောဆန္ဒဖြင့် မူကြမ်းကြေညာချက်တစ်စောင် အဆိုပြုခဲ့ခြင်းဖြစ်သည်။

ထိုကြေညာချက် မူကြမ်းထဲတွင် တောင်တရုတ်ပင်လယ်နှင့်ပတ်သက်သည့် အကြောင်းအရာများကို ဖော်ပြ ထားသည်။

အမေရိကန်၊ ဂျပန်၊ ဩစတြေးလျ၊ တောင်ကိုရီးယားနှင့် အိန္ဒိယတို့ကမူ အာဆီယံက အဆိုပြုသည့် မူကြမ်း ကြေညာချက်ကို ထောက်ခံခဲ့သော်လည်း ရုရှားနှင့် တရုတ်ကမူ ထိုကြေညာချက်ကို သဘောမတူကြောင်း တားမြစ်ခဲ့သည်ဟု အမေရိကန်အရာရှိက ပြောကြားခဲ့သည်။

ရုရှားနိုင်ငံခြားရေးဝန်ကြီး လာဗရော့ဗ် (Sergei Lavrov) သည် အောက်တိုဘာ ၁၁ ရက်က ဗီယန်ကျင်း (Vientiane) မြို့တော်တွင် ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲ၌ အာဆီယံ၏ အဆိုပြုချက်ကို အမေရိကန်၊ ဂျပန်၊ တောင်ကိုရီးယား၊ ဩစတြေးလျနှင့် နယူးဇီလန်တို့က နိုင်ငံရေးသဘော သက်ဝင်စေရန် ကြိုးပမ်းခဲ့ခြင်းကြောင့် ထိုအဆိုပြုချက်ကို အပြီးသတ် ကြေညာချက် မထုတ်ပြန်ခဲ့ကြောင်း ပြောကြားခဲ့သည်။

အာဆီယံနဲ့ ကုလ ညီလာခံ တက်ရောက်ခဲ့သော ခေါင်းဆောင်များကို တွေ့ရစဉ်

ထိုအကြောင်းအရာနှင့်ပတ်သက်ပြီး ဝါရှင်တန်ရှိ တရုတ်သံရုံးကမူ မှတ်ချက်ပေးရန် တောင်းဆိုချက်ကို ချက်ချင်း အတည်မပြုခဲ့ပေ။

အာဆီယံ၏ အဆိုပြုချက်နှင့်ပတ်သက်ပြီး ငြင်းခုံမှုများရှိခဲ့ကြောင်း၊ သို့သော် အဓိကအချက်မှာ ပင်လယ်ပြင်ဥပဒေ နှင့်ပတ်သက်သည့် ကုလသမဂ္ဂ ကြေညာချက် (UNCLOS) ကို မည်ကဲ့သို့ အဓိပ္ပာယ်ဖွင့် ရည်ညွှန်းရမည်ဆိုသည့် အချက်ကို အဓိက ငြင်းခုံမှုများရှိခဲ့သည်ဟု အမေရိကန်အရာရှိတစ်ဦးက ပြောကြားခဲ့သည်။

တရုတ်သည် တောင်တရုတ်ပင်လယ်၏ နယ်နိမိတ် တစ်ခုလုံးနီးပါးကို ပိုင်ဆိုင်ကြောင်း ကြေညာထားပြီး အာဆီယံနိုင်ငံအချို့ အပါအဝင် အိမ်နီးချင်းနိုင်ငံများနှင့် နယ်နိမိတ်ပိုင်ဆိုင်မှုများ အငြင်းပွားလျက်ရှိသည်။

အာဆီယံသည် တောင်တရုတ်ပင်လယ် အရေးနှင့်ပတ်သက်ပြီး တရုတ်နှင့် ကျင့်ဝတ်စည်းကမ်း ရေးဆွဲရေးကို နှစ်ပေါင်းများစွာကြာ ဆွေးနွေးညှိနှိုင်းခဲ့ကာ အာဆီယံအဖွဲ့ဝင်နိုင်ငံအချို့ကမူ UNCLOS အပေါ် အခြေခံ၍ ကျင့်ဝတ်စည်းကမ်း ရေးဆွဲရန် တိုက်တွန်းခဲ့သည်။

တရုတ်သည် တောင်တရုတ်ပင်လယ် အရေးနှင့်ပတ်သက်ပြီး အာဆီယံနှင့် ကျင့်ဝတ်စည်းကမ်း ရေးဆွဲရေးကို ထောက်ခံခဲ့သော်လည်း UNCLOS အရ တောင်တရုတ်ပင်လယ်တွင် တရုတ်၏ ပိုင်ဆိုင်ကြောင်း ကြေညာချက် ထွက်ဆိုမှုများသည် တရားမဝင်ကြောင်း စီရင်ခဲ့သည့် နိုင်ငံတကာ အနုညတခုံရုံး၏ ၂၀၁၆ ခုနှစ် စီရင်ချက်ကို အသိအမှတ်ပြုခဲ့ခြင်းမရှိပေ။

Source: ရိုက်တာ