CNI News

၂၀၂၄ ခုနှစ်၊ အောက်တိုဘာ ၁၄

မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသော နိုင်ငံရေးပဋိပက္ခများနှင့် လက်နက်ကိုင် ပဋိပက္ခများ ချုပ်ငြိမ်းရေးအတွက် လာမယ့် ၂၀၂၅ ခုနှစ်၌ ကျယ်ပြန့်သည့် နိုင်ငံရေးတွေ့ဆုံ ဆွေးနွေးမှုများ ပေါ်ပေါက်လာနိုင်သလားဆိုသည့်အပေါ် စစ်ရေးနှင့်နိုင်ငံရေး အသိုင်းအဝိုင်းကြား သုံးသပ်လျက်ရှိနေသည်။

မြန်မာ့ငြိမ်းချမ်းရေးတွင် တရုတ်အနေဖြင့် ဟိုင်ဂင်ကဲ့သို့ ဆွေးနွေးမှုများ၌ လိုအပ်သည့်နေရာမှ ပါဝင်လာနိုင်သလို အိန္ဒိယ၊ ထိုင်းနှင့် အာဆီယံ တို့သည်လည်း ပါဝင်လာနိုင်ကြောင်း ရခိုင့်ဦးဆောင်ပါတီ(AFP)မှ ဥက္ကဋ္ဌ ဒေါက်တာအေးမောင်က CNI သတင်းဌာနသို့ ပြောသည်။

၎င်းက "ကျနော်ထင်တာပြောရရင် မစ္စတာဝမ်ယိရဲ့ ခရီးစဥ်ဟာ တွေ့ဆုံမှု၊ သူတို့ရဲ့ ရပ်တည်ချက်က တရုတ် ကွန်မြူနစ်ပါတီရဲ့ မူဝါဒဖြစ်ဖို့များပါတယ်။ အဲတော့ မြန်မာနိုင်ငံ ငြိမ်းချမ်းစေလိုတဲ့သဘောနဲ့ သွားပါလိမ့်မယ်။ နောက် အာဆီယံနဲ့ပတ်သတ်လို့လည်း အဲဒီလိုမျိုးသွားအောင် တစ်ဖက်က တွန်းတွန်းတိုက်တိုက် လုပ်လာနိုင် တယ်။ အခု ပေတုန်တန်ရဲ့ မြန်မာနိုင်ငံငြိမ်းချမ်းရေးမှာ ဦးဆောင်မယ်ဆိုတာကို အာဆီယံကလည်း ပံ့ပိုးထောက် ခံမယ့်သဘော တွေ့နေတယ်။ အာဆီယံဘက်ကလည်း မြန်မာနိုင်ငံငြိမ်းချမ်း‌‌ရေးမှာ ထဲထဲဝင်ဝင် ပါလာနိုင်တယ်။ ဒီကြားထဲမှာ လာမယ့် ဒီဇင်ဘာလလောက်မှာ ထိုင်းဘက်က ဦးဆောင်ဆွေးနွေးမှုတွေ ဖြစ်လာနိုင်တယ်။ အဲတော့ အခု လာအိုရဲ့ ခရီးစဥ်ကိုကြည့်ရင် အာဆီယံရဲ့ကဏ္ဍဟာ အရေးကြီးလာလိမ့်မယ်”ဟု ပြောသည်။

၂၀၂၄ ခုနှစ်၊ အောက်တိုဘာလက အာဆီယံထိပ်သီးခေါင်းဆောင်များ အစည်းအဝေး ကျင်းပနေစဉ်

မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသော လက်နက်ကိုင် ပဋိပက္ခနှင့် နိုင်ငံရေး ပဋိပက္ခများချုပ်ငြိမ်းရေးအတွက် အင်ဒိုနီးရှား နိုင်ငံမှာ အောက်တိုဘာလ ၄ ရက်နှင့် ၅ ရက်နေ့များက မြန်မာအတိုက်အခံများ အပါအဝင် နိုင်ငံတကာ သံတမန်များ တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

ထို့နောက် အာဆီယံထိပ်သီး ခေါင်းဆောင်များ အစည်းအဝေးကို လာအိုနိုင်ငံမှာ အောက်တိုဘာ ၉ ရက်က ကျင်းပခဲ့ပြီး မြန်မာ့အရေးနှင့် တောင်တရုတ်ပင်လယ်အရေးကို အဓိက ဆွေးနွေးခဲ့ကြသည်။

တရုတ်၊ အိန္နိယ၊ ထိုင်း နိုင်ငံတို့သည် မြန်မာနိုင်ငံနှင့် နယ်နိမိတ် ထိစပ်နေသည့်အတွက် မြန်မာနိုင်ငံ တည်ငြိမ် အေးချမ်းရေးနှင့် ကျယ်ပြန့်သော နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှုများ ပေါ်ပေါက်လာရေး ပံ့ပိုးလာနိုင်သည်ဟု နိုင်ငံရေးလေ့လာသုံးသပ်သူများက ထောက်ပြကြသည်။

ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့က နိုင်ငံရေးသဘောထား ကွဲလွဲမှုများကြောင့် နိုင်ငံတစ်ဝှမ်း လက်နက်ကိုင်ပဋိပက္ခ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွားခဲ့သည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိကိုတွေ့ရစဉ်

ထို့နောက် ညီနောင်မဟာမိတ်သုံးဖွဲ့(MNDAA-AA-TNLA) ဦးဆောင်သော မဟာမိတ်အဖွဲ့သည် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၂၇ ရက်နေ့က ရှမ်းပြည်နယ်မြောက်ကိုင်းတွင် ၁၀၂၇ စစ်ဆင်ရေးကို ဖော်ဆောင်ကာ မြို့သိမ်းတိုက်ပွဲများ လုပ်ခဲ့သည်။

အဆိုပါ တိုက်ပွဲများ ရပ်တန့်ရေးအတွက် တရုတ်၏ကြားဝင်စေ့စပ်မှုဖြင့် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၁၁ ရက်တွင် ဟိုင်ဂင်သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့ကြသည်။ သို့သော်လည်း ပြီးခဲ့သည့် ဇွန်လ ၂၅ ရက်မှစတင်၍ ဟိုင်ဂင်သဘောတူညီချက် ပျက်ပြယ်ပြီး တိုက်ပွဲများ ပြန်လည်ဖြစ်ပွားခဲ့သည်။

စစ်ရေးဖြင့် ‌ရေရှည်သွားလိုလျှင် ဆွေးနွေးမှုများ ပိုမိုခက်ခဲသွားနိုင်ကြောင်း၊ နှစ်ဖက်အဖွဲ့အစည်းများအဖို့ ဂုဏ်သိက္ခာရှိသော အခြေခံမူများနှင့် အပေးအယူလုပ်လျှင် အဆင်ပြေနိုင်ကြောင်း ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO- NCA/S) မှ ဥက္ကဋ္ဌ ဗိုလ်မှူးကြီးခွန်ဥက္ကာက CNI သတင်းဌာနသို့ ပြောသည်။

 NCA လက်မှတ်ရေးထိုးထားသည့် ALP၊ DKBA၊ KNU/KNLA-PC၊ LDU၊ PNLO ကိုယ်စားလှယ်အဖွဲ့တို့ ငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးခဲ့စဥ်

၎င်းက "နိုင်ငံရေးအရ ကိုယ်လိုချင်တဲ့ ရလဒ်ပေါ့လေ၊ နိုင်ငံရေးအရ ထွက်တယ်ဆိုရင်ပဲ တချို့ဟာတွေက ဒီအဖွဲ့အစည်းတွေအနေနဲ့ ပြန်ပြီးတော့ စစ်ရေးကို ပြန်သုံးသပ်လိမ့်မယ်လို့ ယူဆပါတယ်။ စစ်ရေးနဲ့ ယှဥ်ပြိုင် နေတာ ရေရှည်သွားလို့ရှိရင် ဆွေးနွေးဖို့ ပိုခက်သွားနိုင်တာပေါ့ဗျာ။ ဒါကြောင့် ကျနော်ထင်တယ် ပြဿနာ ကြီးကြီးမားမား ထပ်ပြီး‌တော့ မဖြစ်ခင်မှာ တွေ့ဆုံဆွေးနွေးရေး အများကြီး ပေါ်သွားလိမ့်မယ်လို့ ကျနော်ထင်တယ် ဗျ။ ဒီသန်းခေါင်စာရင်းတွေ ဘာတွေ ကောက်ပြီးလို့ရှိရင်တော့ ကျနော်ထင်တယ် ဒီနှစ်ကုန် ပတ်ဝန်းကျင်မှာတော့ တွေ့ဆုံပွဲတွေ ဖြစ်လာလိမ့်မယ်လို့ ယူဆတယ်ဗျ။  သူတို့ကြေညာချက်ထဲမှာလည်း ပါနေတာပဲ။ တရုတ်က တွေ့ဆုံ ဆွေးနွေးနိုင်အောင် ကြားဝင်ပေးပါ၊ ဦးဆောင်ပေးပါဆိုပြီး သူတို့ Request လုပ်ထားတာပဲ Request လုပ်ထားတဲ့ အတိုင်း တရုတ်ကလည်း လူကြီးလူကောင်းပုံစံနဲ့ ပြန်ဝင်ပေးမယ် ဆိုရင်တော့ အဆင်ပြေနိုင်ပါတယ်။ အဲတာဆိုရင် တော့ ညှိလို့ရသွားနိုင်ပါတယ်”ဟု ပြောသည်။

၂၀၂၅ ခုနှစ်တွင် နစကသည် ရွေးကောက်ပွဲ ကျင်းပသွားမည်ဖြစ်ပြီး အနိုင်ရရှိသည့် ပါတီကို နိုင်ငံတော်အာဏာ လွှဲပြောင်းပေးသွားမည်ဟု ကြေညာထားခြင်းကြောင့် ထိုနှစ်အတွင်းမှာ ကျယ်ပြန့်သည့် နိုင်ငံရေးဆွေးနွေးပွဲများ ပေါ်ပေါက်လာနိုင်သည်ဟု စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များက ထောက်ပြကြသည်။