CNI News

၂၀၂၂ ခုနှစ်၊ မေလ ၂၄

ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) အစုအဖွဲ့နှင့် တွေ့ဆုံခွင့် ပြုရန် နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံ တောင်းဆိုထားသော်လည်း လောလောဆယ်တွင် တွေ့ဆုံနိုင်ရေး မဖြစ်နိုင်သေးကြောင်း PPST အဖွဲ့ဝင် ဗိုလ်မှူးကြီး ခွန်ဥက္ကာက CNI သတင်းဌာနသို့ ပြောသည်။

လက်ရှိတွင် နစက ဥက္ကဋ္ဌသည် တိုင်းရင်းသားလက်နက်ကိုင် ၁၀ ဖွဲ့အား တစ်ဖွဲ့ချင်း တွေ့ဆုံဆွေးနွေးနေကြောင်း၊ ထို ၁၀ ဖွဲ့နှင့် ဆွေးနွေးပြီးမှသာ ထပ်စဉ်းစားမည်ဖြစ်ကြောင်း၊ အဆိုပါ လက်နက်ကိုင် ၁၀ ဖွဲ့တွင် PPST အဖွဲ့ဝင် ၇ ဖွဲ့ပါဝင်ကြောင်း သိရသည်။

ဗိုလ်မှူးကြီး ခွန်ဥက္ကာက “မထူးခြားသေးဘူးဗျ သူတို့က ကျနော်တို့ကို အစုအဖွဲ့နဲ့ တွေ့ဖို့က တွေ့ဖို့ အဆင်မပြေသေးဘူးလို့ ပြောပါတယ်။ တစ်ဖွဲ့ချင်းပဲ တွေ့ပြီးတော့ အဖွဲ့တွေ အားလုံးကုန်မှ ထပ်စဉ်းစားမယ်လို့ ပြောတယ်၊ အဖွဲ့ (၁၀) အကုန်တွေ့ပြီးရင်တော့ စဉ်းစားမယ်လို့ ပြောတယ်၊ အခုကတော့ ဒီကြားထဲမှာတော့ သူတို့ တစ်ဖွဲ့ချင်း တစ်ဖွဲ့ ၂ ရက်၊ ၃ ရက်နဲ့ပဲ သွားနေ ဦးမယ်ထင်တယ်။ လကုန် သွားမယ်ထင်တယ်၊ ဇွန်လ ကုန်သွားလိမ့်မယ်”ဟု CNI သတင်းဌာနသို့ ပြောသည်။

နစက ဥက္ကဋ္ဌမှ တိုင်းရင်းသား ခေါင်းဆောင်များနှင့် ငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးလိုကြောင်း ဖိတ်ခေါ်ခဲ့ပြီးနောက် မေလ ၂၀ ရက်က သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ သျှမ်းပြည်တပ်မတော် (RCSS/SSA) မှ ဥက္ကဋ္ဌ စဝ်ယွက်ဆစ်နှင့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ တွေ့ဆုံဆွေးနွေးခဲ့ ကြသည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ PPST ကိုယ်စားလှယ်အဖွဲ့ ၂၀၁၈ ခုနှစ်က တွေ့ဆုံစဉ်

ထို့နောက် မေလ ၂၃ ရက်က စတင်ကာ မွန်ပြည်သစ်ပါတီ (NMSP) နှင့် နစကတို့ ငြိမ်းချမ်းရေး ဆွေးနွေးလျက် ရှိကြောင်း၊ အဆိုပါ ငြိမ်ချမ်းရေး ဆွေးနွေးပွဲကို ၃ ရက်ခြား တစ်ဖွဲ့နှုန်းဖြင့် တွေ့ဆုံဆွေးနွေး သွားမည်ဖြစ်ကြောင်း နစက၏ သတင်း ထုတ်ပြန်ရေးအဖွဲ့ ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်းက မေလ ၁၉ ရက်က ပြောထားသည်။

နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် PPST အစုအဖွဲ့ကြား တွေ့ဆုံဆွေးနွေးခွင့်ရရန် ထပ်မံ တောင်းဆိုသွားမည် ဖြစ်ကြောင်း ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောသည်။

ဗိုလ်မှူးကြီးခွန်ဥက္ကာက “ကျနော်တို့ကတော့ အစုအဖွဲ့တွေ့ခွင့်က ဆက်ပြီးတောင်းမှာပဲ အဆင်ပြေတဲ့ အချိန်ပေါ့ဗျာ၊ တစ်ချိန်ချိန်တော့ တွေ့ရမယ်လို့ ထင်ပါတယ်၊ သို့သော် အခု (၁၀) ဖွဲ့မှာ ၂ ဖွဲ့ပြီးပြီဆိုတော့ နောက်ထပ် ၈ ဖွဲ့ အားလုံးပြီးမှပဲ အခြေအနေ ကြည့်ရမှာပါ။ တစ်ဖွဲ့ချင်း အရေးအခင်းတွေ ပြီးပြတ်မှ ဘုံရပ်တည်ချက်တွေ တူလို့ရှိရင် အဲဒီအပေါ်မှာ ပြန်စုမယ်လို့ သတင်းတော့ ကြားပါတယ်။ အခုက မွန်ပြီးမှ ကျနော်တို့ ထပ်နားထောင်ရဦးမှာ၊ RCSS ပြီးသွားလို့ သတင်းရလာတော့ (၁၀) ဖွဲ့လုံးပြီးမှ တစ်ဖွဲ့ချင်းစီက တူတဲ့အချက်တွေရှိရင် ပြန်စုမယ်လို့တော့ ကြားတယ်ဗျ၊ ဒါပေမဲ့ မသေချာသေးပါဘူး။ အဲဒါလည်း ” ဟု ပြောသည်။

ဗိုလ်ချုပ်ကြီးယွက်စစ်နဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၂၀၂၂ ခုနှစ်၊ မေလ ၂၀ ရက်က တွေ့ဆုံစဉ်

နစက၏ ငြိမ်းချမ်းရေး ဆွေးနွေးပွဲသို့ RCSS/SSA၊ NMSP၊ ‘ဝ’ ပြည် သွေးစည်း ညီညွတ်ရေး တပ်မတော် (UWSA)၊ အမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော်(NDAA-မိုင်းလားအဖွဲ့)၊ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/ SSA)၊ ဒီမိုကရေစီ အကျိုးပြု ကရင် တပ်မတော် (DKBA)၊ ရခိုင်ပြည် လွတ်မြောက်ရေးပါတီ (ALP)၊ ကရင်အမျိုးသား အစည်းအရုံး/ ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော်- ငြိမ်းချမ်းရေးကောင်စီ (KNU/ KNLA-PC)၊ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO)၊ လားဟူဒီမိုကရက်တစ် အစည်အရုံး(LDU)တို့ တက်ရောက်မည် ဖြစ်ကြောင်း နစက၏ သတင်းထုတ်ပြန်ရေး အဖွဲ့ ခေါင်းဆောင်က ပြောသည်။

သို့သော်လည်း ကချင်လွတ်လပ်ရေးအဖွဲ့ (KIO)၊ ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ကရင်နီ အမျိုးသားတိုး တက်ရေးပါတီ (KNPP)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး(ABSDF)၊ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်မတော် – ကိုးကန့်တပ်ဖွဲ့ (MNDAA)၊ ပလောင်ပြည် လွတ်မြောက်ရေးတပ်ဦး (PSLF/TNLA)နှင့် ရက္ခိုင့်တပ်တော် (AA)တို့ တက်ရောက်မည် မဟုတ်ကြောင်း သိရသည်။


ထို့နောက် ချင်းအမျိုးသားတပ်ဦး (CNF)ကိုတော့ နစကဘက်က ဖိတ်ကြားထားခြင်းမရှိကြောင်း သိရသလို CNF ကလည်း တက်ရောက်မည် မဟုတ်ကြောင်း ထုတ်ပြန်ထားသည်။