CNI International News

ဝါရှင်တန်၊ မေ ၂၄

ကမ္ဘာတလွှားမှ ကာကွယ်ရေးခေါင်းဆောင် ၅၀ နီးပါးသည် မေလ ၂၃ ရက်တွင် တွေ့ဆုံခဲ့ကြပြီး ယူကရိန်းနယ်တလျှောက် ကာကွယ်ရန်အတွက် ဟာပွန်း (Harpoon) လောင်ချာများနှင့် ဒုံးကျည်များအပါအဝင် ပို၍ နည်းပညာ အဆင့်မြင့်သောလက်နက်များ ပေးပို့သွားကြရန် သဘောတူညီခဲ့ကြကြောင်း ပင်တဂွန်စစ်ဌာနချုပ်မှ အမေရိကန်ကာကွယ်ရေးဝန်ကြီး လွိုက်အော်စတင်က သတင်းထောက်များကို အသိပေးခဲ့သည်။

ယူကရိန်းတပ်ဖွဲ့ဝင်များကို လေ့ကျင့်ပြင်ဆင်ပေးရန်နှင့် အမေရိကန်တပ်ဖွဲ့ဝင်အချို့ ယူကရိန်းတွင် အခြေစိုက်ရန်အတွက် ရာထူးငယ်အဆင့် ဆွေးနွေးမှုမျိုးလည်း လုပ်ဆောင်‌နေကြောင်း ပင်တဂွန် ပူးတွဲစစ်ဦးစီးချုပ်များ၏ အကြီးအကဲ ဗိုလ်ချုပ်ကြီး မာ့ခ်မိုင်လီက ပြောကြားခဲ့သည်။

လက်ရှိစစ်ပွဲ မစတင်မီကပင် အမေရိကန်သည် ယူကရိန်းရှိ ၎င်းတပ်ဖွဲ့ဝင်အနည်းငယ်ကို ရုပ်သိမ်းခဲ့ပြီး နောက်ထပ် တိုက်ခိုက်ရေးတာဝန်ဖြင့် စေလွှတ်ရန်လည်း အစီအစဉ်မရှိပေ။

မိုင်လီ၏သဘောထားမှတ်ချက်များသည် ကိယက်ဗ်ရှိ အမေရိကန်သံရုံးလုံခြုံရေးအတွက်(သို့မဟုတ်)အခြား တိုက်ခိုက်ရေးမဟုတ်သော အခန်းကဏ္ဍများအတွက် အမေရိကန်တပ်ဖွဲ့များ ပြန်လည်ဝင်ရောက်လာနိုင်ခြေကို လှစ်ဟထားကြောင်း ပြသနေခဲ့သည်။

ယခုအခါ ကိယက်ဗ်ရှိ အမေရိကန်သံရုံးကို တစိတ်တပိုင်း ပြန်ဖွင့်နေပြီး ဝန်ထမ်းများ ပြန်လည် ခန့်အပ်တာဝန်ချ ထားမှု ပြုနေသည်။ ထို့အတွက် သံရုံးလုံခြုံရေးအလို့ငှာ အမေရိကန်မရိန်းတပ်များ ပြန်လွှတ်မည့်အစီအစဉ်ရှိ/မရှိ (သို့မဟုတ်) အခြားရွေးချယ်စရာ စဉ်းစားခြင်းရှိ/မရှိ မေးခွန်းထုတ်မှုများလည်း ရှိလာခဲ့သည်။

“ယူကရိန်းပြည်တွင်းသို့ အမေရိကန်အထူးစစ်ဆင်ရေးတပ်ဖွဲ့များ ရောက်သွားနိုင်ပါသလား”ဟု သတင်းထောက် များက မေးမြန်းခဲ့ရာ အစိုးရတာဝန်ရှိသူများက “မလုပ်ဆောင်သေးကြောင်း” အခိုင်အမာ ပြန်လည်ဖြေကြား ခဲ့သည်။

“ယူကရိန်းပြည်တွင်းကို အမေရိကန်တွေ ပြန်ဖို့က သမ္မတရဲ့အဆုံးအဖြတ် လိုအပ်ပါလိမ့်မယ်။ ဒါကြောင့် ကျနော် တို့ အခု ဝေးဝေးနေပါတယ်” ဟု မိုင်လီက ဖြေကြားခဲ့သည်။

ယူကရိန်းမှ တောင်းဆိုထားသည့် နည်းပညာမြင့် မိုဘိုင်းဒုံးကျည်များ ပေးမည့်ကိစ္စကိုတော့ ပင်တဂွန်နှင့် သတင်း ထောက်များ တွေ့ဆုံမှု၌ ကာကွယ်ရေးဝန်ကြီး လွိုက်အော်စတင်က ငြင်းဆိုသွားခဲ့သည်။

ရုရှားနှင့်စစ်ပွဲမှာ ၃ လကြာမြင့်ပြီဖြစ်၍ နိုင်ငံပေါင်း ၂၀ ထံမှ ယူကရိန်းထံသို့ လုံခြုံရေးအကူအညီအသစ်များ ထပ်မံ ပေးပို့မည်ဟု မေလ ၂၃ ရက်တွင် အော်စတင်က အတိအလင်း ပြောကြားခဲ့သည်။

Source: AP