CNI International News

မော်စကို၊ မတ်လ ၂၁

ပင်လယ်နက်နှင့် ကက်စပီယန် ပင်လယ်ရေပြင်ရှိ စစ်သင်္ဘောများမှ ခရုဇ်ဒုံးကျည်များ၊ အလားတူ ခရိုင်းမီးယား လေကြောင်း ပိုင်နက်အတွင်းမှ အသံထက်မြန်သော ဒုံးကျည်များဖြင့် ယူကရိန်းနိုင်ငံအတွင်းသို့ တိုက်ခိုက်ခဲ့ကြောင်း ရုရှားကာကွယ်ရေး ဝန်ကြီးဌာနက မတ်လ ၂၀ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။

ကင်ဇဲ(ဒက်ဂါ) Kinzhal (Dagger) အသံထက်မြန်သော ဒုံးကျည်သည် ပင်လယ်နက်ထဲရှိ မိုင်ကိုလာဗစ် ဆိပ်ကမ်းအနီးရှိ ကိုစတန်ယန်နီဗကာဒေသ၊ ယူကရိန်းလောင်စာဆီ သိုလှောင်ရုံကို ထိမှန်ခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ကြီး အီဂေါကိုနာရှန်ကော့ဗ်က ပြောကြားခဲ့သည်။

“တိုက်ပွဲဝင်ရင်း ပျက်စီးသွားတဲ့ ယူကရိန်းသံချပ်ကာ ယာဉ်တွေကို ပြုပြင်ထိန်းသိမ်းတဲ့ နီးဇန်း (Nizhyn) စက်ရုံကို ပင်လယ်နက် ရေပြင်ကနေ ကာလီဘာ (Kalibr) ခရုဇ်ဒုံးကျည်တွေ ပစ်လွှတ်ခဲ့တာ ဖြစ်ပါတယ်” ၎င်းက ထပ်လောင်း ပြောကြားခဲ့သည်။

ကာလီဘာ (Kalibr) ခရုဇ်ဒုံးကျည်ကိုတွေ့ရစဉ်(GETTY IMAGES)

ရုရှားက အသံထက် ၁၀ ဆမြန်သော ကင်ဇဲဒုံးကျည်ကို ဒုတိယနေ့အဖြစ် ထုတ်သုံးပစ်ခတ်ခဲ့သည်။ အဆိုပါ ဒုံးကျည် အမျိုးအစားသည် ကီလိုမီတာ ၂ ထောင် (မိုင် ၁၂၅၀) အကွာအဝေးရှိ ပစ်မှတ်များကို ထိမှန်နိုင်စွမ်းရှိသည်။

နိုင်ငံခြားတပ်ဖွဲ့များနှင့် ယူကရိန်းအထူးတပ်ဖွဲ့များ အခြေစိုက်ရာ မြောက်ပိုင်း ဇိုင်တိုမီယာ (Zhytomyr) ဒေသရှိ အိုယူချ် (Ovruch) ရှိ လေကြောင်းမှ ဒုံးကျည်ဖြင့် ထပ်မံတိုက်ခိုက်ခဲ့ကြောင်း ဗိုလ်ချုပ်ကြီး ကိုနာရှန်ကော့ဗ်က ဆက်လက် ပြောကြား ခဲ့သည်။

အသံထက်မြန်သော ကင်ဇဲဒုံးကျည်ကို ပထမဆုံးအကြိမ်အဖြစ် ယူကရိန်းအနောက်ပိုင်း ကာပါသီယန်တောင်တန်းများရှိ ဒီလီယာတန်ဒေသ၊ ခဲယမ်းမီးကျောက် သိုလှောင်ရုံအား ဖျက်ဆီးရန် ရုရှားတပ်က စတင်ထုတ်သုံးခဲ့ကြောင်း ယခင်ရက်များ၌ သတင်းထုတ်ပြန်ခဲ့ပြီး ဖြစ်သည်။

ယူကရိန်းက တိုက်ခိုက်ခံရမှု(GETTY IMAGES)

ရုရှားသည် ၎င်း၏ အဆင့်မြင့် လက်နက်များအပေါ် ဂုဏ်ယူဝင့်ကြွားလေ့ရှိပြီး ပစ်လွှတ်သည့် အရှိန်၊ လမ်းကြောင်း အတားအဆီး ရှောင်လွှဲနိုင်မှုနှင့် အမြင့်ပေ၊ ခြေရာခံခြင်းနှင့် ကြားဖြတ်ဟန့်တားရန် ခက်ခဲစေခြင်း စသည့် သာလွန်စွမ်းအားများကို အသံ ထက်မြန်သော ဒုံးကျည်များ၌ ထည့်သွင်းထားကြောင်း၊ အသံထက်မြန်သော ဒုံးကျည်ထုတ်လုပ်မှုတွင် ရုရှားက ကမ္ဘာလုံး ဆိုင်ရာ ဦးဆောင်မှုရှိနေကြောင်း ယမန်နှစ် ဒီဇင်ဘာ၌ သမ္မတ ဗလာဒီမာပူတင်က ပြောကြားခဲ့သည်။

ယခု ကင်ဇဲဒုံးကျည်များသည် ၂၀၁၈ ခုနှစ်တွင် ရုရှားထုတ်ဖော် ပြသခဲ့သည့် လက်နက်အသစ်များ၏ တစိတ်တပိုင်းလည်း ဖြစ်သည်။
ရုရှားသည် ၂၀၁၆ ခုနှစ်တွင် ဆီးရီးယားစစ်မျက်နှာ၌ ၎င်း၏စစ်ရေး လှုပ်ရှားမှုအတွင်း အသံထက်မြန်သော ဒုံးကျည်ကို ပထမဆုံး ထုတ်သုံးပြခဲ့သည်။

Source: Aljazeera