CNI International News

ကိုလံဘို၊ မေလ ၂၄

သီရိလင်္ကာနိုင်ငံ၌ ယနေ့ (မေလ ၂၄ ရက်)တွင် ဓာတ်ဆီဈေးမှာ ၂၀ ရာခိုင်နှုန်းမှ ၂၄ ရာခိုင်နှုန်းအထိ တက်သွားခဲ့ပြီး ဒီဇယ်ဈေးနှုန်းမှာလည်း ၃၅ ရာခိုင်နှုန်းမှ ၃၈ ရာခိုင်နှုန်းအထိ အဆမတန် ခုန်တက်ခဲ့ကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး ကန်ချနာ ဝီဂျီစီကီရာက ပြောကြားခဲ့ပြီး အမှုထမ်း၊ အရာထမ်းများ ရုံးမတက်ကြဘဲ နေအိမ်မှပင် အလုပ်လုပ်ကြရန် အစိုးရဌာနဆိုင်ရာ များကို ညွှန်ကြားခဲ့သည်။

တွစ်တာလူမှုကွန်ရက်ပေါ် လွှင့်တင်ခဲ့သော ဝန်ကြီး၏ မက်ဆေ့ချ်အရ အစိုးရသတ်မှတ်ထားသော သယ်ယူပို့ဆောင်ရေးနှင့် အခြား ဝန်ဆောင်မှု စရိတ်များလည်း တိုးလာမည်ဟု သိရသည်။

“အိမ်ကနေ အလုပ်လုပ်ပြီး လောင်စာဆီသုံးစွဲမှု လျှော့ချဖို့နဲ့ စွမ်းအင် အကျပ်အတည်းကို စီမံခန့်ခွဲဖို့ အင်တိုက်အားတိုက် လုပ်ဆောင်ပေးသွားမှာ ဖြစ်ပါတယ်” ဟု ဝီဂျီစီကီရာက ပြောကြားခဲ့သည်။

သက်ဆိုင်ရာ အဖွဲ့အစည်း အကြီးအကဲ၏ ညွှန်ကြားချက်ရှိမှသာ အများပြည်သူ ဝန်ဆောင်မှုကဏ္ဍမှ အစိုးရဝန်ထမ်းအချို့ ရုံးတက်ကြရမည်ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြားခဲ့သည်။

စားနပ်ရိက္ခာနှင့် သယ်ယူပို့ဆောင်စရိတ် တိုးလာပါက အခြားကုန်စည်များသို့လည်း ရိုက်ခတ်မှုရှိမည်ဖြစ်ကြောင်း စီးပွားရေးပညာရှင်များက ပြောသည်။

ကျွန်းနိုင်ငံ တစ်နိုင်ငံဖြစ်သော သီရိလင်္ကာတွင် နှစ်စဉ်ငွေကြေး ဖောင်းပွမှုသည် ပြီးခဲ့သည့် မတ်လ၌ ၂၁ ဒသမ ၅ ရာခိုင်နှုန်း ရှိခဲ့ရာမှ ဧပြီလ အရောက်တွင် စံချိန်တင်အောင် ၃၃ ဒသမ ၈ ရာခိုင်နှုန်းအထိ တက်သွားခဲ့ကြောင်း မေလ ၂၃ ရက်တွင် ထုတ် ပြန်သော အစိုးရစာရင်း ဇယားများအရ သိရသည်။

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး ကန်ချနာ ဝီဂျီစီကီရာ (GETTY IMAGES)

ယခု ၎င်းနိုင်ငံသည် လွတ်လပ်ရေး ရပြီးနောက်ပိုင်း အဆိုးရွားဆုံး စီးပွားရေး အကျပ်အတည်း ရင်ဆိုင်နေရပြီး နိုင်ငံခြားငွေ ပြတ်လပ်၍ သွင်းကုန်များ ရပ်တန့်ကုန်သဖြင့် ပြည်တွင်းသုံးရန် လောင်စာဆီ၊ ဆေးဝါးများ ဝယ်မရတော့ပေ။ တစ်ချိန်တည်း မှာပင် လျှပ်စစ်ဓာတ်အားလည်း ဖြတ်တောက်ခံထားရသည်။

ခရီးသွားလုပ်ငန်းမှ နိုင်ငံခြားငွေကို မှီခိုနေသော တိုင်းပြည်အတွက် Covid-19 ကပ်ရောဂါကြောင့် အခက်အခဲ ကြီးမားစွာ တွေ့ခဲ့ရပြီးနောက် ယခုလ၌ ဝန်ကြီးချုပ်မှ နုတ်ထွက်ခဲ့ရသော မဟိန္ဒာနှင့် သမ္မတ ဂိုတာဘာယာ ညီအစ်ကိုတို့ ဦးစီးသည့် အစိုးရက ရေနံဈေးနှုန်း တက်လာခြင်းကြောင့် အခွန်ဖြတ်တောက်ခဲ့သည်။

ထို့ကြောင့် အစိုးရကို လူကြိုက်နည်းလာပြီး ဆန္ဒပြပွဲများ ဆက်တိုက် ဖြစ်ပွားခဲ့သည်။

လောင်စာဆီနှင့် ဓာတ်အားခ ဈေးနှုန်းများ တိုးလိုက်သည့်အခါ အစိုးရဝင်ငွေတွင် ကြီးမားသော ကွာဟချက်ကို ထိန်းညှိရန် လိုအပ်မည်ဟု ဘောဂဗေဒပညာရှင်များ ပြောကြားသော်လည်း ထိုလုပ်ရပ်သည် ရေတိုနာကျင်မှုကို ဖြစ်ပေါ်စေမည်ဟု လက်ခံထားကြသည်။

သီရိလင်္ကာမှာ လောင်စာဆီ ပြတ်လပ်လို့ တန်းစီးစောင့်နေ (GETTY IMAGES)

“ဆင်းရဲနွမ်းပါးတဲ့သူတွေ ဒီဒဏ်ကို အဆိုးဆုံး ခံရလိမ့်မယ်။ ဖြေရှင်းချက်ကတော့ ဆင်းရဲနွမ်းပါးသူတွေကို ထောက်ပံ့ပေးဖို့နဲ့ တတ်နိုင်သမျှ စွမ်းဆောင်ရည်မြင့်တဲ့ ငွေသား လွှဲပြောင်းတဲ့ စနစ်တစ်ခု ထူထောင်ဖို့ဖြစ်ပါတယ်” ဟု ကိုလံဘိုမြို့တော် အခြေ စိုက် ပညာရှင်အကြံပေးအဖွဲ့တစ်ဖွဲ့မှ သုတေသီ ဒါနန်နက်ဖာနန်ဒိုက ပြောကြားခဲ့သည်။

“ရေတိုမှာ ကျနော်တို့ဟာ ပိုပြီးတော့ ခက်ခဲကျပ်တည်းတဲ့ ကာလတစ်ခု ဖြတ်သန်းရဦးမှာပါ။ ငွေကြေးဖောင်းပွမှု ထပ်တိုးလာဖို့ ဖြစ်နိုင်ခြေရှိနေပါတယ်” ဟု ဝန်ကြီးချုပ်သစ် ရီနေးဝစ်ရီမတ်ဆင်းက ယခင်သီတင်းပတ်တွင် ပြောကြားခဲ့သည်။

Source: Reuters, Aljazeera