CNI International News

ဘာလင်၊ မေ ၂၄

ယူကရိန်းသို့ ရုရှားကျူးကျော်စစ်နှင့် အခြားအသေအပျောက်များသော ပဋိပက္ခများအပါအဝင် အကြမ်းဖက်မှု၊ လူ့ အခွင့်အရေးချိုးဖောက်မှုများနှင့် နှိပ်စက်ညှင်းပန်းမှုများကြောင့် ထွက်ပြေးခဲ့ရသည့် ဒုက္ခသည်ဦးရေသည် ကမ္ဘာ တဝန်း သန်း ၁၀၀ အထိ ပထမဆုံးအကြိမ် စံချိန်တင် များပြားလာခဲ့ကြောင်း ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ အေဂျင်စီက မေလ ၂၃ ရက်တွင် ထုတ်ပြန်ခဲ့သည်။

“အဲဒီ သန်း ၁၀၀ ဟာ သတိကြီးကြီးထားရမယ့်ကိစ္စပါ။ ထိတ်လန့်စရာကောင်းတဲ့ ကိန်းဂဏန်းပါပဲ” ဟု ဒုက္ခသည် များဆိုင်ရာမဟာမင်းကြီး (UNHCR) ဖိလစ်ပိုဂရန်ဒီက ပြောကြားခဲ့သည်။

“ဒါဟာ အဖျက်သဘောဆောာင်တဲ့ ပဋိပက္ခတွေကို ဖြေရှင်းဖို့၊ တားဆီးဖို့၊ နှိပ်စက်ညှင်းပန်းတာတွေ ရပ်တန်းက ရပ်ဖို့နဲ့ အိုးအိမ်စွန့်ခွာလာရသူတွေရဲ့ အရင်းခံအကြောင်းတရားတွေ ဖြေရှင်းဖို့ နှိုးဆော်လုပ်ဆောင်ရမှာပါ” ဟု ၎င်းက ပြောကြားခဲ့သည်။

အီသီယိုးပီးယား၊ ဘာကီနာဖာဆို၊ မြန်မာ၊ နိုင်ဂျီးရီးယား၊ အာဖဂန်နစ္စတန်နှင့် ကွန်ဂိုတို့အပါအဝင် နိုင်ငံအချို့တွင် အကြမ်းဖက်မှုလိုင်းလုံးသစ်များ (သို့မဟုတ်) ရေရှည်ပဋိပက္ခများကြောင့် ကမ္ဘာတဝန်း အတင်းအကျပ် ရွှေ့ပြောင်း ရန် စေခိုင်းခံရသူ ဒုက္ခသည်ဦးရေမှာ ယမန်နှစ် ၂၀၂၁ တွင် သန်း ၉၀ သို့ ရောက်ရှိလာခဲ့ကြောင်း UNHCR ထုတ်ပြန် ချက်အရ သိရသည်။

ယခုနှစ်တွင် ယူကရိန်းစစ်ကြောင့် လူ ၆ သန်းကျော် ၎င်းနိုင်ငံအတွင်းမှ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး နိုင်ငံအတွင်း၌ အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရသူဦးရေမှာ ၈ သန်း ရှိသွားခဲ့သည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဘလူခါလိ ဒုက္ခသည်စခန်းရှိ ရိုဟင်ဂျာကလေးများကို ၂၀၁၈ ခုနှစ် ဩဂုတ်လ ၂၇ ရက် နေ့တွင် တွေ့ရစဉ်(ဓါတ်ပုံ-အေပီ)

UNHCR မှ ထုတ်ပြန်သော ဒုက္ခသည် သန်း ၁၀၀ သည် ကမ္ဘာ့လူဦးရေ၏ ၁ ရာခိုင်နှုန်းကျော်ကို ကိုယ်စားပြုပြီး ယင်းအရေအတွက်ထဲ၌ ဒုက္ခသည်များနှင့်ခိုလှုံခွင့်တောင်းခံသူများအပါအဝင် ပြည်တွင်းပဋိပက္ခကြောင့် နေရပ် စွန့်ခွာခဲ့ရသူများကိုလည်း ထည့်သွင်းရေတွက်ထားသည်။

ပြည်တွင်းနေရပ်စွန့်ခွာသူဦးရေစောင့်ကြည့်ရေးဌာနမှ မကြာသေးမီက ထုတ်ပြန်ခဲ့သော ကိန်းဂဏန်းမှာ ၅၃ ဒသမ ၂ သန်းဖြစ်သည်။

“ယူကရိန်းစစ်ပွဲကနေ ထွက်ပြေးလာသူတွေကို နိုင်ငံတကာတုံ့ပြန်မှုက အင်မတန်အပြုသဘောဆောင်ပါတယ်။ သနားကရုဏာအပြည့်အဝနဲ့ဆိုတာ ထင်ရှားပါတယ်။ ကမ္ဘာတဝန်းက အကျပ်အတည်းတွေ အားလုံးအတွက်လည်း အလားတူ လှုံ့ဆော်မှုတစ်ခု လိုအပ်ပါတယ်” ဟု ဖိလစ်ပိုဂရန်ဒီက ပြောကြားခဲ့သည်။

“လူသားချင်းစာနာထောက်ထားမှုအကူအညီဆိုတာ သက်သာရာရစေဖို့ပဲ တတ်နိုင်ပါတယ်။ ကုစားပေးနိုင်တဲ့ ဆေး မဟုတ်ပါဘူး။ ဒါက ပြောင်းပြန်လှန်ဖို့ တစ်ခုတည်းသော ဖြေရှင်းနည်းကတော့ တည်ငြိမ်အေးချမ်းရေးဖြစ်ပါတယ်။ အပြစ်မဲ့သူတွေကို ပြည်တွင်းမှာ အန္တရာယ်များတဲ့ အလောင်းအစားထဲ မထည့်ကြဖို့ လိုပါတယ်” ဟု ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

Source: AP