CNI International News
ဘေဂျင်း၊ မေလ ၂၄
တရုတ် ပြည်မကြီးက ထိုင်ဝမ်ကျွန်းကို အင်အားသုံး သိမ်းပိုက်ပါက အမေရိကန်က စစ်ရေးအရ ကြားဝင်စွက်ဖက်မည်ဟု ပြော ကြားခြင်းဖြင့် ဘိုင်ဒန် အစိုးရအဖွဲ့သည် တရုတ်တစ်နိုင်ငံတည်း မူဝါဒကို ဖောက်ဖျက်ရန် နောက်ထပ် ခြေတစ်လှမ်း လှမ်းနေ ကြောင်း၊ ဘိုင်ဒန်၏ မှတ်ချက်များသည် တရုတ်နိုင်ငံအပေါ် ပြင်းထန်သော ဆန့်ကျင်မှုကို ဖြစ်စေခဲ့ကြောင်း ဘေဂျင်း အာဘော် ဂလိုဘယ်တိုင်းမ်က ရေးသားဖော်ပြသည်။
ထိုင်ဝမ်ကျွန်း၏ လက်တွေ့ "လွတ်လပ်ရေး" ကို ကူညီရန် အမေရိကန်နှင့် ဂျပန်တို့က ယူကရိန်း အကျပ်အတည်းအား အသုံး ချလာခြင်းကြောင့် ၎င်းတို့၏ အကြံအစည်များမှာ တရုတ်ပြည်မကြီး၏ ပိုမိုပြင်းထန်သော တုံ့ပြန်မှုနှင့် ရင်ဆိုင်ရမည် ဖြစ် ကြောင်း သုံးသပ်လေ့လာသူများက သတိပေးထားသည်။
ပြည်မကြီးသည် မိမိ၏ အဓိက အကျိုးစီးပွားနှင့် ပတ်သက်လာလျှင် အလျှော့အတင်း လုပ်မည် မဟုတ်ပေ။
ဂျပန်ဝန်ကြီးချုပ် ဖူမီယိုကီရှီဒါနှင့် မေလ ၂၃ ရက် ပထမဆုံး ထိပ်သီး ဆွေးနွေးပွဲအပြီးတွင် တရုတ်ပြည်မကြီးက ထိုင်ဝမ်ကျွန်း ကို အင်အားသုံး သိမ်းယူခဲ့လျှင် စစ်ရေးအရ အမေရိကန် ဝင်ရောက် စွက်ဖက်မည်ဖြစ်ကြောင်း ဘိုင်ဒန်က ပြောကြားခဲ့သည်။
ဘိုင်ဒန်နဲ့ ကီရှီဒါ(Reuters)
ကီရှီဒါကလည်း "ယူကရိန်းကဲ့သို့ လက်ရှိအနေအထားကို အင်အားသုံး၍ ပြောင်းလဲရန် တစ်ဖက်သတ် ကြိုးပမ်းမှုများကို အင်ဒို-ပစိဖိတ်ဒေသတွင် မည်သည့်အခါမျှ သည်းမခံကြောင်း" ပြောကြားခဲ့သည်။
ကီရှီဒါနှင့် ဘိုင်ဒန်တို့သည် ထိုင်ဝမ် ရေလက်ကြားတွင် ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေး၏ အရေးပါမှုကို အလေးပေး ဆွေးနွေးခဲ့ ကြောင်းလည်း ကီရှီဒါက ပြောကြားခဲ့သည်။
ဘိုင်ဒန်၏ စကားလုံးများကို ကမ္ဘာ့မီဒီယာများက အာရုံစိုက်၍ ခေါင်းကြီးပိုင်းမှ ကောက်နုတ် ရေးသားခဲ့ကြသည်။ တရုတ်နိုင်ငံ သည် အမေရိကန်သမ္မတ၏ ယခု သဘောထား မှတ်ချက်ကို ပြတ်ပြတ်သားသား ဆန့်ကျင်ကြောင်း တုံ့ပြန်ခဲ့သည်။
ထိုင်ဝမ်ကျွန်းသည် တရုတ်နိုင်ငံ၏ ခွဲထွက်၍မရသော အစိတ်အပိုင်း တစ်ခုဖြစ်ပြီး ထိုင်ဝမ်အရေး၌ ပြည်ပမှ ဝင်ရောက် စွက် ဖက်စရာ မလိုဘဲ “တရုတ်ပြည်တွင်းရေး သက်သက်ဖြစ်တယ်” ဟု မေလ ၂၃ ရက် ပုံမှန် သတင်းစာ ရှင်းလင်းပွဲ တစ်ရပ်တွင် တရုတ်နိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့်ရှိသူ ဝမ်ဝီဘင် (Wang Wenbin) က ပြောကြားခဲ့သည်။
ထို့ပြင် တရုတ်နိုင်ငံသည် နယ်မြေ တည်ငြိမ်မှုနှင့် အချုပ်အခြာအာဏာ ပိုင်ဆိုင်မှုအပေါ် ၎င်း၏အဓိက အကျိုးစီးပွားများနှင့် သက်ဆိုင်သည့် အရေးကိစ္စများတွင် အပေးအယူလုပ်မည် မဟုတ်ပေ။