CNI International News

ဒမတ်စကတ်၊ ဇွန်လ ၂၉

ဆီးရီးယားနိုင်ငံတွင်း ပဋိပက္ခကြောင့် ပထမ ၁၀ နှစ်အတွင်းမှာပင် အရပ်သား ၃ သိန်းကျော် သေဆုံးခဲ့သည်ဟု ကုလသမဂ္ဂ (UN) က ထုတ်ပြန်ခဲ့သည်။

ယင်းသို့ထုတ်ပြန်သည့်နေ့မှာပင် ဆီးရီးယားစခန်းတစ်ခု၌ ထိန်းသိမ်းခံထားရသူ ၁၀၀ ကျော် သေဆုံးခဲ့သေး ကြောင်း အစီရင်ခံစာတစ်စောင်ကို ကိုးကားလျက် အယ်လ်ဂျာဇီးယား သတင်းဌာနက ရေးသားဖော်ပြသည်။

ကုလသမဂ္ဂ လူ့အခွင့်အရေးရုံးက ဇွန်လ ၂၈ ရက် ရက်စွဲထုတ်ပြန်သည့် ဆီးရီးယားအရပ်သားသေဆုံးမှု အစီရင်ခံစာ ထဲတွင် သေဆုံးရသည့်အချက်အလက်စာရင်းဇယားများကို တင်းကြပ်စွာ အကဲဖြတ်ထားပြီး ကိန်းဂဏန်း ရလဒ် များကို အထူးစိစစ်ထားကြောင်း သိရသည်။

ဆီးရီးယားနိုင်ငံတဝန်း ၂၀၁၁ ခုနှစ်၊ မတ်လ ၁ ရက်မှ ၂၀၂၁ ခုနှစ်၊ မတ်လ ၃၁ ရက်ကြား ပဋိပက္ခများကြောင့် အရပ်သား ၃၀၆,၈၈၇(သုံးသိန်းခြောက်ထောင်ရှစ်ရာရှစ်ဆယ့်ခွန်) ဦးသေဆုံးခဲ့သည်ဟု ကုလသမဂ္ဂက ခန့်မှန်း ထားသည်။

“ဒီအစီရင်ခံစာမှာပါတဲ့အတိုင်း ပဋိပက္ခနဲ့ ဆက်စပ်ပြီး သေဆုံးသူအရေအတွက်ဟာ စိတ်မှန်းနဲ့ လျှောက်တွက် ထားတာမဟုတ်ဘဲ လူတစ်ဦးချင်းစီကို ကိုယ်စားပြုတွက်ထားတာဖြစ်ပါတယ်” ဟု UN လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး မီရှဲဘက်ချလက် (Michelle Bachelet) က ပြောကြားခဲ့သည်။
“အဲဒီ အရပ်သားပေါင်း ၃၀၆,၈၈၇ ဦးကို သတ်ဖြတ်တဲ့အတွက် သက်ရောက်မှုကတော့ သူတို့ရဲ့မိသားစုတွေနဲ့ အသိုင်းအဝိုင်းအပေါ်မှာ အလေးအနက် ထိတ်လန့်တုန်လှုပ်စရာ ဖြစ်ပါတယ်” ဟု ၎င်းက ဆက်လက်ပြောကြား ခဲ့သည်။

သေဆုံးနေသည့် အလောင်းပုံများကိုတွေ့ရစဉ်

UN က ယခုထုတ်ပြန်သည့်အရေအတွက်တွင် ဆီးရီးယားပဋိပက္ခအတွင်း သေဆုံးခဲ့ရသည့် စစ်သားများနှင့် အခြား တိုက်ခိုက်ရေးသမားများ မပါဝင်ပေ။ အဆိုပါလက်နက်ကိုင်အဖွဲ့များ၏အရေအတွက်မှာလည်း သောင်းနှင့်ချီ၍ ရှိမည်ဟု ယုံကြည်ရသည်။

အာဏာပိုင်များကို အကြောင်းမကြားဘဲ သေဆုံးသူမိသားစုများ၏ဆန္ဒအလျောက် မြှုပ်နှံသင်္ဂြိုဟ်သည့် အရေ အတွက်များလည်း ယခုထုတ်ပြန်သည့်စာရင်း၌ မဖော်ပြပေ။

UN လူ့အခွင့်အရေးကောင်စီအနေဖြင့် ထုတ်ပြန်သော အစီရင်ခံစာထဲ၌ သေဆုံးသူများ၏ အမည်အပြည့်အစုံ၊ ရက်စွဲနှင့် သေဆုံးသည့်နေရာဌာန အပါအဝင် ၎င်းတို့ဇာစ်မြစ်အလိုက် တစ်ဦးချင်းမှတ်တမ်းတင်ထားသူ ၁၄၃,၃၅၀(တစ်သိန်းလေးသောင်းသုံးထောင့်သုံးရာငါးဆယ်)ကို ကိုးကားရေးသားထားသည်။

ယင်းအစီရင်ခံသည် ဒမတ်စကက် လူ့အခွင့်အရေးစင်တာ၊ ဆီရီးယားစာရင်းအင်းနှင့်သုတေသနစင်တာ၊ ဆီးရီးယား လူ့အခွင့်အရေးကွန်ရက်၊ ဆီးရီးယားလူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့နှင့် လူ့အခွင့်အရေးချိုးဖောက်မှု မှတ်တမ်း တင်ရေးတို့အပါအဝင် အချက်အလက်ဆိုင်ရာ ရင်းမြစ် ၈ ခုအပေါ် အခြေခံ၍ ပြုစုထားကြောင်း သိရသည်။

အီဂျစ်၊ တူနီရှား၊ ယီမင်၊ လစ်ဗျားနှင့် ဘာရိန်းစသည့်နိုင်ငံများတွင် ဒီမိုကရေစီပြုပြင်ပြောင်းလဲ‌ရေးအတွက် အာရပ် နွေဦးအုံကြွမှုနောက်ပိုင်း ၂၀၁၁ ခုနှစ်၊ မတ်လတွင် ဆီးရီးယားနိုင်ငံအနှံ့အပြားတွင် အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲ များ စတင်ခဲ့ရာ ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခမှာ ဆယ်စုနှစ်တစ်ခုကျော် ကြာမြင့်ခဲ့သည်။

Source: Aljazeera