CNI News

၂၀၂၂ ခုနှစ်၊ ဇွန်လ ၂၉

မြန်မာပြည်ကို ရောက်ရှိလာသည့် အာဆီယံအထူးကိုယ်စားလှယ် မစ္စတာပရတ်ဆိုခွန်နှင့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ်(NCA)ထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် ၇ ဖွဲ့တို့ ဇူလိုင် ၁ ရက်နေ့တွင် နေပြည်တော် မှာ တွေ့ဆုံ ဆွေးနွေးကြမည် ဖြစ်သည်။

အာဆီယံအထူးကိုယ်စားလှယ် မစ္စတာပရတ်ဆိုခွန်သည် ယနေ့ (ဇွန်လ ၂၉ ရက်)တွင် မြန်မာပြည် ခရီးစဉ်ကို စတင်ခဲ့ပြီး ဇူလိုင် ၃ ရက်နေ့တွင် ပြန်လည် ထွက်ခွာမည် ဖြစ်သည်။
PPST ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးစောကျော်ညွန့် “အဲဒါ မှန်ပါတယ်။ ကျနော်တို့ ၂၉ ရက်နေ့ကျရင် အာဆီယံအထူး ကိုယ်စားလှယ် ရောက်မယ်၊ ရောက်လာတဲ့အခါကျရင် လည်း တွေ့ခွင့်ရှိကောင်း ရှိမယ်လို့ ကြားထားတာတော့ ကြာပါပြီ။ သို့သော်လည်းပဲ ပြီးခဲ့တဲ့ ၂၇ ရက်နေ့ကနေပြီးတော့ ကျနော်တို့ကို အကြောင်းကြားစာ ရောက်တာပေါ့လေ။

စာကတော့ ကျနော်တို့ကို NSPNC ကနေပြီးတော့ တစ်ဖွဲ့ချင်းစီ ဖိတ် တာပေါ့နော်။ အာဆီယံအထူးကိုယ်စားလှယ် ၂၉ ရက်နေ့ ရောက် မယ်။ နေပြည်တော်မှာ သူ့ရဲ့ လုပ်ငန်း ဆောင်တာတွေ လုပ်ကိုင်နေစဉ် အချိန်အတောအတွင်းမှာ တိုင်းရင်းသား လက်နက် ကိုင် အဖွဲ့အစည်းတွေနဲ့ တွေ့ဖို့ရှိတဲ့အတွက်ကြောင့်မလို့ တစ်ဖွဲ့ကို ၂ ယောက်၊ ၂ ယောက် တက်ရောက်ပေးဖို့ တစ်ဖွဲ့ချင်းစီ ကို အကြောင်းကြားပြီးတော့ ဖိတ်လာတဲ့အတွက် အဲဒါ ပြီးခဲ့တဲ့ ၂၉ ရက်နေ့က ရတာပေါ့လေ။ ကျနော်တို့က လာမယ့် ဇူလိုင်လ ၁ ရက်နေ့ကျရင် တွေ့ဖို့ ကျနော်တို့ တိုင်းရင်းသား လက်နက်ကိုင် ခေါင်းဆောင်တွေနဲ့ တွေ့ဖို့ဆိုတာကတော့ Comfirm ဖြစ်ပါတယ်”ဟု ပြောသည်။

ပရတ်ဆိုခွန် မြန်မာပြည်သို့ ဇွန်လ ၂၉ ရက်တွင် ထွက်ခွာလာစဉ်

အာဆီယံ အထူးကိုယ်စားလှယ် မစ္စတာ ပရတ်ဆိုခွန်နှင့် တွေ့ဆုံပွဲသို့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO)၊ ကရင်အမျိုးသားအစည်းအရုံး/ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော်-ငြိမ်းချမ်းရေးကောင်စီ(KNU/KNLA-PC)၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP)၊ ဒီမိုကရေစီအကျိုးပြု ကရင် တပ်မတော်(DKBA)၊ လားဟူဒီမိုကရက်တစ် အစည်းအရုံး(LDU)၊ မွန်ပြည်သစ်ပါတီ(NMSP)တို့ တက်ရောက်ကြမည် ဖြစ်သည်။

အဆိုပါ တွေ့ဆုံတွင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များက NCA အနှစ်သာရ သုံးချက်အပေါ် အခြေခံ ဆွေးနွေးမည် ဖြစ်ကြောင်း၊ နိုင်ငံရေး ပြဿနာဖြစ်၍ နိုင်ငံရေး စားပွဲဝိုင်းမှာ အဖြေရှာရေး၊ ပါဝင်သင့် ပါဝင်ထိုက်သူများ ပါဝင်သည့် စားပွဲဝိုင်းဖြစ်ရေး၊ အရပ်သားများကို အကာကွယ်ပေးရေး စသည်တို့ကို ဆွေးနွေးမည်ဟု ဗိုလ်မှူးကြီး စောကျော်ညွန့်က ပြောသည်။

အာဆီယံအထူးကိုယ်စားလှယ် မစ္စတာ ပရတ်ဆိုခွန်သည် ယခုလာရောက်သည့် မြန်မာပြည်ခရီးစဉ်မှာ ဒုတိယအကြိမ်ဖြစ် သည်။

ထိုခရီးစဉ်တွင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ၊ နစက အဖွဲ့ဝင်များ၊ နိုင်ငံရေးပါတီများ၊ တွေ့သင့် တွေ့ထိုက် သူများကို တွေ့ဆုံသွားမည် ဖြစ်ကြောင်း သိရသည်။