CNI News

၂၀၂၂ ခုနှစ်၊ ဇူလိုင် ၁

မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ် မစ္စတာ ပရတ်ဆိုခွန်နှင့် တိုင်းရင်းသား လက်နက်ကိုင် (EAOs)များ အပစ်အခတ်ရပ်စဲရေး အပါအဝင် သက်ဆိုင်သူ ပါဝင်သင့်ပါဝင်ထိုက်သူများအားလုံး တွေ့ဆုံနိုင်ရေးအတွက် ကြိုးပမ်းပေး ရန် ယနေ့ (ဇူလိုင် ၁ ရက်) ဆွေးနွေးခဲ့ကြသည်။

နေပြည်တော်မှာ အာဆီယံအထူးကိုယ်စားလှယ်နှင့် NCA ထိုးထားသည့် လက်နက်ကိုင် ၇ ဖွဲ့တို့ တွေ့ဆုံ၍ ဆွေးနွေးခဲ့ကြ ခြင်း ဖြစ်သည်။

အာဆီယံ အထူးကိုယ်စားလှယ်ဘက်က အပစ်အခတ်ရပ်စဲရေး၊ လူသားချင်းစာနာမှု အကူအညီ ပေးအပ်နိုင်ရေးနှင့် အမှန် တကယ် ဒုက္ခရောက်နေသူများထံ အကူအညီများ ရောက်ရှိရေး၊ နိုင်ငံရေး တွေ့ဆုံ ဆွေးနွေးပွဲ ဖြစ်မြောက်ရေး စသည်တို့ကို ဖော်ဆောင်နိုင်ရေးအတွက် ကြိုးပမ်းသွားမည်ဟု ပြောကြောင်း အာဆီယံအထူးကိုယ်စားလှယ်နှင့်တွေ့ဆုံ ဆွေးနွေးခဲ့သော EAO များက ထုတ်ပြန်ခဲ့သည်။

 ၂၀၂၂ ခုနှစ်၊ ဇူလိုင် ၁ ရက်က EAO များနှင့် မစ္စတာပရတ်ဆိုခွန် တွေ့ဆုံစဉ် (Thai Freedom)

ထို့နောက် EAO များဘက်က ညှိနှိုင်းအဖြေရှာနိုင်သော နိုင်ငံရေး အခင်းအကျင်း တစ်ရပ်ဖြစ်ပေါ်လာရေးအတွက် ကူညီပေး ရန်၊ သက်ဆိုင်သူ ပါဝင်သင့်ပါထိုက်သူများ အားလုံးနှင့် တွေ့ဆုံနိုင်ရေးအတွက် အစွမ်းကုန် ကြိုးပမ်းပေးရန်၊ အားလုံး လက် ခံ နိုင်သော အရပ်သားများအား ကာကွယ်ပေးနိုင်သော ယန္တရားဖော်ဆောင်ရေးနှင့် လူသားချင်း စာနာရေး ကူညီဆောင် ရွက် ပေးရန်၊ လက်ရှိ နိုင်ငံရေး ပဋိပက္ခများ ဖြေရှင်းရေးနှင့် ရေရှည်လုပ်ငန်းများဖြစ်သော ပြန်လည်ထူထောင်ရေး ဖွံ့ဖြိုးရေး အစီအစဉ်များတွင် အာဆီယံ အနေဖြင့် NCA အသိသက်သေနိုင်ငံများ အပါအဝင် နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်း ဆောင်ရွက်ပေးရန် စသည်တို့ကို ဆွေးနွေးခဲ့ကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားသည်။

အဆိုပါ တွေ့ဆုံ ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သော လက်နက်ကိုင်အဖွဲ့များမှာ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS)၊ မွန်ပြည်သစ်ပါတီ(NMSP)၊ ပအိုဝ်း အမျိုး သား လွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO)၊ ကရင်အမျိုးသားအစည်း အရုံး /ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်- ငြိမ်း ချမ်းရေးကောင်စီ(KNU/KNLA-PC)၊ ဒီမိုကရေစီအကျိုးပြု ကရင် တပ်မတော်(DKBA)၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP)၊ လားဟူဒီမိုကရက်တစ်အစည်းအရုံး(LDU) တို့ တက်ရောက်ခဲ့ ခြင်း ဖြစ်သည်။