CNI News

၂၀၂၂ ခုနှစ်၊ ဇူလိုင် ၂

မြန်မာနိုင်ငံတွင် ဖော်ဆောင်နေသော ပြည်တွင်းငြိမ်းချမ်းရေး အောင်မြင်ဖို့အတွက် ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန် ဆောင်ရွက်ခဲ့သည့် အတွေ့အကြုံများကို အာဆီယံအထူးကိုယ်စားလှယ် မစ္စတာပရတ်ဆိုခွန်နှင့် ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် ဦးဆောင်သည့် NSPNC တို့ တွေ့ဆုံ ဆွေးနွေးခဲ့ကြသည်။

ဇူလိုင် ၁ ရက်နေ့က နေပြည်တော်တွင် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးဖော်ဆောင်မှု ဆွေးနွေးရေး ကော်မတီ (NSPNC)ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့် အာဆီယံ အထူးကိုယ် စားလှယ် မစ္စတာ ပရတ်ဆိုခွန်တို့ တွေ့ဆုံ ဆွေးနွေးခဲ့ကြခြင်း ဖြစ်သည်။

မစ္စတာပရတ်ဆိုခွန်၏ ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီးဌာနက “ NSPNC နဲ့ တွေ့ဆုံတဲ့အခါမှာ အချက်သုံးချက်ကို အဓိက ဆွေးနွေးခဲ့ပါတယ်။ အဲဒီအချက်တွေက တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ(NCA)မှာ ပါဝင် လက်မှတ် ရေးထိုး ထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ စေ့စပ်ဆွေးနွေးရေး ဖြစ်ပေါ်တိုးတက်မှုတွေကို ဆွေးနွေးခဲ့ပါ တယ်။ တချိန်က ကမ္ဘောဒီးယားပြည်တွင်း ငြိမ်းချမ်းရေးအတွက် ဝန်ကြီးချုပ်ဟွန်ဆန် ဖော်ဆောင်ခဲ့တဲ့ Win- Win Situation ကို အကောင် အထည် ဖော်ခဲ့တာမှာ ကမ္ဘောဒီးယားရဲ့ အတွေ့အကြုံကို မျှဝေခဲ့ပါတယ်”ဟု ထုတ်ပြန်ခဲ့သည်။

ထို့နောက် သွားလာရခက်ခဲသည့် ဒေသများတွင်ရှိသော မြန်မာပြည်သူများအတွက် လူသားချင်း စာနာထောက်ထားမှု အကူ အညီနှင့် Covid-19 ကာကွယ်ဆေး ထိုးနှံပေးရာမှာ NSPNC ၏ အခန်းကဏ္ဍများကို ဆွေးနွေးခဲ့ကြသည်ဟု ကမ္ဘောဒီးယား နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

၂၀၂၂ ခုနှစ်၊ ဇူလိုင် ၁ ရက် EAO များနှင့် မစ္စတာပရတ်ဆိုခွန် တွေ့ဆုံစဉ်

အာဆီယံအထူးကိုယ်စားလှယ် မစ္စတာ ပရတ်ဆိုခွန်သည် ဇူလိုင် ၁ ရက်က NCA ထိုးထားသည့် ရှမ်းပြည် ပြန်လည်ထူထောင် ရေးကောင်စီ(RCSS)၊ မွန်ပြည်သစ်ပါတီ(NMSP)၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP)၊ ဒီမိုကရေစီအကျိုးပြု ကရင် တပ်မတော်(DKBA)၊ ကရင်အမျိုးသားအစည်းအရုံး/ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-ငြိမ်းချမ်းရေး ကောင်စီ (KNU/KNLA-PC)၊ လားဟူဒီမိုကရက်တစ် အစည်းအရုံး(LDU)၊ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO)တို့နှင့် တွေ့ဆုံ ဆွေးနွေးခဲ့ကြသည်။

အဆိုပါ တွေ့ဆုံ ဆွေးနွေးမှုတွင် အာဆီယံ အထူးကိုယ်စားလှယ်ဘက်က အပစ်အခတ်ရပ်စဲရေး၊ လူသားချင်းစာနာမှု အကူ အညီ ပေးအပ်နိုင်ရေးနှင့် အမှန် တကယ် ဒုက္ခရောက်နေသူများထံ အကူအညီများ ရောက်ရှိရေး၊ နိုင်ငံရေး တွေ့ဆုံ ဆွေးနွေးပွဲ ဖြစ်မြောက်ရေး စသည်တို့ကို ဖော်ဆောင်နိုင်ရေးအတွက် ကြိုးပမ်းသွားမည်ဟု ထုတ်ပြန်ခဲ့သည်။

ထို့နောက် EAO များဘက်ကလည်း ညှိနှိုင်းအဖြေရှာနိုင်သော နိုင်ငံရေး အခင်းအကျင်း တစ်ရပ်ဖြစ်ပေါ်လာရေးအတွက် ကူညီ ပေးရန်၊ သက်ဆိုင်သူ ပါဝင်သင့်ပါထိုက်သူများ အားလုံးနှင့် တွေ့ဆုံနိုင်ရေးအတွက် အစွမ်းကုန် ကြိုးပမ်းပေးရန်၊ အားလုံး လက်ခံ နိုင်သော အရပ်သားများအား ကာကွယ်ပေးနိုင်သော ယန္တရားဖော်ဆောင်ရေးနှင့် လူသားချင်း စာနာရေး ကူညီဆောင် ရွက် ပေးရန်၊ လက်ရှိ နိုင်ငံရေး ပဋိပက္ခများ ဖြေရှင်းရေးနှင့် ရေရှည်လုပ်ငန်းများဖြစ်သော ပြန်လည်ထူ ထောင်ရေး ဖွံ့ဖြိုးရေး အစီအစဉ်များတွင် အာဆီယံ အနေဖြင့် NCA အသိသက်သေနိုင်ငံများ အပါအဝင် နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ပူးပေါင်း ဆောင်ရွက်ပေးရန် စသည်တို့ကို ဆွေးနွေးခဲ့ကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားသည်။