CNI International News

မော်စကို၊ ဇူလိုင် ၂

ရုရှားသမ္မတ ဗလာဒီမာပူတင်သည် အိန္ဒိယဝန်ကြီးချုပ် နရိန္ဒရာမိုဒီထံသို့ ဇူလိုင်လ ၁ ရက်၌ တယ်လီဖုန်းဖြင့် ဆက်သွယ်၍ ကမ္ဘာ့စားနပ်ရိက္ခာပြဿနာများ ဖြစ်ပေါ်စေခဲ့သော နိုင်ငံအများအပြား၏လုပ်ရပ်များအကြောင်း ဆွေးနွေးပြောကြားခဲ့သည် ဟု ကရင်မလင်သမ္မတနန်းတော်က သတင်းထုတ်ပြန်ခဲ့သည်။

“နိုင်ငံအတော်များများမှာ စားသောက်ကုန်တွေ လွတ်လွတ်လပ်လပ် ကုန်သွယ်တာအနှောင့်အယှက်ဖြစ်စေတဲ့အတွက် ဈေးနှုန်းတွေ သိသိသာသာ တက်ခဲ့တာကို ပူတင်က ပြောခဲ့ပါတယ်။ ရုရှားနိုင်ငံအပေါ် ဥပဒေမဲ့ ပိတ်ဆို့အရေးယူမှုတွေက အခြေအနေတွေကို ပိုဆိုးစေခဲ့တယ်လို့လည်း ပြောခဲ့ပါတယ်” ဟု ကရင်မလင်ထုတ်ပြန်ချက်ကို ကိုးကားလျက် တာ့စ်သတင်းဌာနက ရေးသားဖော်ပြသည်။

တစ်ချိန်တည်းမှာပင် ရုရှားသည် ယုံကြည်စိတ်ချရသော စပါး၊ ဓာတ်မြေဩဇာနှင့် စွမ်းအင်များ ထုတ်လုပ်သူအဖြစ် ဆက်လက် တည်ရှိနေကြောင်း ပူတင်က အလေးပေး ပြောကြားခဲ့သည်။

ကမ္ဘာ့စားနပ်ရိက္ခာ ဈေးကွက် (GETTY IMAGES)

“ရုရှားဟာ အိန္ဒိယ မိတ်ဖက် အပါအဝင် စပါး၊ ဓာတ်မြေဩဇာနဲ့ စွမ်းအင်ကဏ္ဍမှာ ယုံကြည်စိတ်ချရတဲ့ ထုတ်လုပ်သူနဲ့ ပံ့ပိုးသူ အဖြစ် ဆက်ရှိနေတဲ့အကြောင်း ပူတင် အလေးထား ပြောကြားခဲ့ပါတယ်” ဟု ကရင်မလင် ထုတ်ပြန်ချက်ထဲတွင် ဆက်လက် ဖော်ပြထားသည်။

ခေါင်းဆောင်နှစ်ဦးတို့သည် ပုဂ္ဂိုလ်ရေးအရ အဆက်အသွယ်အပြင် အခြားသော အဆင့်များ၌ အပြန်အလှန်ဆက်ဆံရေး စဉ်ဆက်မပြတ် ထားရှိသွားကြရန် သဘောတူ လက်ခံခဲ့ကြကြောင်း သိရသည်။

Source: တာ့စ်သတင်းဌာန