CNI News

၂၀၂၂ ခုနှစ်၊ မေ ၁၀

နစက ဥက္ကဋ္ဌမှ ဖိတ်ကြားသည့် ငြိမ်းချမ်းရေးဆွေးနွေးမှာ အစုအဖွဲ့အားလုံး ပါဝင်ရန် လိုအပ်ကြောင်း ကရင်အမျိုးသား အစည်း အရုံး (KNU)၊ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ (KNPP)နှင့် ချင်းအမျိုးသားတပ်ဦး (CNF) တို့ ပူးတွဲ၍ မေလ ၉ ရက်တွင် ထုတ်ပြန်ခဲ့သည်။

နစက ဥက္ကဋ္ဌမှ တိုင်းရင်းသား ခုခံတော်လှန်ရေး အဖွဲ့အစည်းများ၏ ခေါင်းဆောင်များအား ငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးရန် ပြောကြားခဲ့သည်ကို ကြားသိရကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

KNU၊ KNPP၊ CNF တို့က “ပြည်ထောင်စု၏ ပြဿနာကို နိုင်ငံရေး တွေ့ဆုံဆွေးနွေးမှုဖြင့် အဖြေရှာရေးသည် မိမိတို့ တိုင်းရင်း သား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများမှ အစဉ်တစိုက် တောင်းဆိုခဲ့သည့် တောင်းဆိုချက်ပင် ဖြစ်ပါသည်။ သို့ရာ တွင် လက်ရှိ တိုင်းပြည်မှ ရင်ဆိုင်ကြုံတွေ့နေရသည့် နိုင်ငံရေး အကျပ်အတည်းများကို တွေ့ဆုံဆွေးနွေး အဖြေရှာမည်ဆိုပါက ပါဝင်သင့်တော့ Stakeholder များ အားလုံးပါဝင်ရန်နှင့် ကုလသမဂ္ဂနှင့် နိုင်ငံတကာအသိုင်းအဝိုင်းတို့မှ ကြားဝင်စေ့စပ်ပေး သည့် မျှတသော တွေ့ဆုံးဆွေးနွေးရေး စားပွဲဝိုင်းအမှန် ဖြစ်ပေါ်လာမည်ဖြစ်ပြီး အဆိုပါ တွေ့ဆုံဆွေးနွေးရေး စားပွဲဝိုင်းမှ တဆင့် မိမိတို့ မျှော်မှန်းသော ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံကို တည်ဆောက်သွားနိုင်မည်” ဟု ထုတ်ပြန်ချက်တွင် ဖော်ပြ ထားသည်။

လက်ရှိတွင် နစက ဥက္ကဋ္ဌမှ ဖိတ်ခေါ်သည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲကို KNU၊ KNPP၊ CNF တို့ တက်ရောက်မှာ မဟုတ်ကြောင်း အသီးသီး ထုတ်ပြန်ခဲ့သည်။

NCA စာချုပ် လက်မှတ်ရေးထိုးခဲ့ကြစဉ်

ပြီးခဲ့သည့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများမှာ KNU အနေနှင့် ထဲထဲဝင်ဝင် ပါဝင်ခဲ့ကြောင်း၊ သို့သော်လည်း တပ်မတော်က အာဏာရယူလိုက်သည့်အတွက် ထိုငြိမ်းချမ်းရေး သဘောတူညီချက်များအားလုံး ပျက်စီးခဲ့ကြောင်း ပဒိုစောတောနီးက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “ကျနော်တို့ သဘောတူညီချက် ရထားခဲ့တဲ့ ဒီငြိမ်းချမ်းရေး ဆွေးနွေးပွဲကိုမှ မထောက်ထား မညာတာပဲနဲ့ အကြမ်းဖက် တဲ့ နည်းနဲ့ပဲ နောက်ဆုံးမှာ အာဏာသိမ်းလိုက်တဲ့ အခါမှာ သူ့ရဲ့ သဘောသဘာဝက ဒါရှင်းတယ်လေ၊ အဲဒါကြောင့် ကျနော်တို့ ဘာမှထည့်တွက်ပြီး ငဲ့ကွက်စရာ ဘာအကြောင်းမှ မရှိတော့ဘူး။ ရှေ့ကာလ အနာဂတ်မှာ စစ်တပ်ဟာ နိုင်ငံရေးထဲမှာ လုံးဝကို ပါခွင့် မပေးနိုင်တော့ဘူး။ ဘာဖြစ်လို့လဲဆိုတော့ စစ်တပ်ပါနေသမျှဟာ တိုင်းပြည်အကျိုးထက်ကို တိုင်းပြည်ရဲ့ ဆိုးကျိုးကို ဖြစ်ပေါ်စေတယ်၊ ဒါရှင်းလင်းတဲ့ ပြတ်သားတဲ့ အခြေအနေ တစ်ခုပါပဲ၊ အဲဒါကြောင့်မို့ ကျနော်တို့ ပြတ်ပြတ်သားသား ဆုံးဖြတ် လိုက်တာကတော့ စစ်တပ်ဟာ နိုင်ငံရေးကနေ စွန့်ခွာရမယ်၊ အခုလက်ရှိ မထွက်နိုင်ဘူး၊ လက်တွေ့မကျဘူး ပြောတဲ့လူတွေ အများကြီး ရှိတယ်ဆိုပေမဲ့လည်း ကျနော်တို့ လက်တွေ့ကျအောင် နည်းလမ်းတွေ ကျနော်တို့ ဆက်လက် လုပ်နေပါတယ်ဆို တာ တွေ့နေရပါတယ်၊ ဘာကြောင့်လဲဆိုတော့ စစ်အာဏာသိမ်းမှုထဲမှာ ကျနော်တို့ ရည်မှန်းချက် ပန်းတိုင်က ရှင်းတယ်၊ စစ် အာဏာရှင် ချုပ်ငြိမ်းရေးအတွက်ပဲ ကျနော်တို့ လုပ်တယ်၊ အဲဒါကြောင့်မို့ ဒီလုပ်နေတဲ့ ကာလအတွင်းမှာ စစ်တပ်နဲ့ ဘာမှ သွား ပြီးတော့ ဆွေးနွေးစရာအကြောင်းကို မရှိဘူးဆိုတာတော့ ရှင်းရှင်းလင်းလင်း ပြောလိုပါတယ်” ဟု ပြောသည်။

ငြိမ်းချမ်းရေးစေ့စပ်ညှိနှိုင်းရေးခေါင်းဆောင်များ

နစက၏ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို NCA ထိုးထားသည့် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA)၊ ဒီမိုကရေစီ အကျိုးပြု ကရင်တပ်မတော် (DKBA)၊ ရခိုင်ပြည် လွတ်မြောက်ရေးပါတီ (ALP)၊ ကရင်အမျိုးသား အစည်းအရုံး/ ကရင်အမျိုး သား လွတ်မြောက်ရေး တပ်မတော်- ငြိမ်းချမ်းရေးကောင်စီ (KNU/ KNLA-PC)၊ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO)၊ မွန်ပြည်သစ်ပါတီ (NMSP)တို့ တက်ရောက်ကြမည် ဖြစ်သည်။

သို့သော် NCA ထိုးထားသည့် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်မတော်(ABSDF)၊ ချင်းအမျိုးသား တပ်ဦး (CNF)တို့ကတော့ တက်ရောက်မည် မဟုတ်ကြောင်း အသီးသီး ထုတ်ပြန်ထားသည်။

အလားတူ NCA မထိုးထားသည့် လက်နက်ကိုင်များထဲကတော့ UWSA၊ NDAA၊ SSPP/SSA တို့ တက်ရောက်မည်ဖြစ်ပြီး KIA၊ AA၊ TNLA၊ MNDAA၊ KNPP တို့ မတက်ရောက်ကြောင်း သိရသည်။