CNI News

၂၀၂၂ ခုနှစ်၊ ဧပြီ ၇

ကယားပြည်နယ်တွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေခြင်းကြောင့် စစ်ရေးအရှိန် လျော့ကျသွားခြင်း မရှိသေးကြောင်း ကရင်နီအမျိုးသား တိုးတက်ရေးပါတီ(KNPP) အတွင်းရေးမှူး-၁ ခူဒန်နီရယ်က CNI သတင်းဌာနသို့ ပြောသည်။

လက်ရှိ ကယားပြည်နယ်အတွင်း ဖြစ်ပွားနေသည့် တပ်မတော်နှင့် ကယားပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကြား တိုက်ပွဲ ဖြစ်ပွားမှု အခြေအနေနှင့် ပတ်သက်၍ ၎င်းက အထက်ပါအတိုင်း ပြောကြားခြင်း ဖြစ်သည်။

KNPP အတွင်းရေးမှူး (၁) ခူဒန်နီရယ်က “လောလောဆယ်တော့ သူတို့ လေယာဉ်နဲ့ မလုပ်တော့ဘူး စစ်ရေးနည်းနည်း အရှိန်လျော့လာတယ်လို့ ပြောလို့ရတယ်၊ သို့သော် မြေပြင်မှာတော့ ပျောက်ကြားစစ်တွေရှိနေတယ်၊ နောက်မှ စုဖွဲ့မှု အသစ်တွေ လုပ်နေတယ် အဲဒါတွေကတော့ စစ်ရေးအရှိန်ကတော့ တူတူပဲ ရှိနေတာပေါ့”ဟု ပြောသည်။

ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)သည် ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ်ဖွဲ့(KNDF) အပါအဝင် ပြည်သူ့ ကာကွယ်ရေးတပ် (PDF) များဖြင့် ပူးပေါင်းကာ ကယားပြည်နယ်နှင့် ရှမ်းပြည်နယ်(တောင်ပိုင်း) မိုးဗြဲမြို့နယ်၊ ဖယ်ခုံမြို့နယ် တို့တွင် တပ်မတော်ကို တိုက်ခိုက်လျက်ရှိသည်။

မြို့တွင်းလှုပ်ရှားနေသော ကယားဒေသခံကာကွယ်ရေးတပ်ဖွဲ့

လက်ရှိတွင် တပ်မတော်က အင်အားသုံး တိုက်ခိုက်မှုကြောင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့များ၏ စခန်းများ ဆုတ်ခွာပေးနေ ရကြောင်း၊ ထိုသို့ ဆုတ်ပေးရခြင်းကလည်း အင်အားမမျှ၍ ယာယီဆုတ်ပေးခြင်းသာဖြစ်ကြောင်း၊ မြေပြင်တွင် ဆက်လက် တိုက်ပွဲဝင်နေကြောင်း KNPP အတွင်းရေးမှူး (၁) ခူဒန်နီရယ်က ပြောသည်။

ခူဒန်နီရယ်က “လက်ရှိ အနေအထားအရ သူတို့မှာ အင်အားပိုများတယ်၊ သူတို့သုံးတဲ့ လက်နက်တွေက ဟိုးလေယာဥ်အထိ အသုံးပြုလာတော့ ကျနော်တို့ဘက်က ယာယီဆုတ်ပေးတဲ့ အနေအထားမျိုး၊ ယာယီစွန့်ခွာပေးတဲ့ အနေအထားမျိုးပဲ ရှိပါ တယ်၊ တိုက်ပွဲတွေကတော့ ဆက်ဖြစ်နေမှာပဲ သူတို့က တိုက်အားဖြည့်လေလေ၊ လူထုတွေကို သတ်ဖြတ်မှု လုပ်လေလေ လုပ်နေသရွေ့ကတော့ တိုက်ပွဲတွေ ဆက်ဖြစ်နေမှာပဲ” ဟု ပြောသည်။

လက်ရှိတွင်တော့ ဒီမောဆိုးနှင့် မိုးဗြဲမြို့နယ်များသည် စစ်ရေး အပြင်းထန်ဆုံး မြို့နယ်များဖြစ်ကြောင်း၊ လူနေအိမ်များပင် မရှိသလောက် အခြေအနေမျိုးဖြစ်နေကြောင်း မိုးဗြဲဒေသခံ ကိုမင်းမင်း (အမည်လွှဲ) ကပြောသည်။

မြို့တွင်းလှုပ်ရှားနေသော ကယားဒေသခံကာကွယ်ရေးတပ်ဖွဲ့

“လမ်းတစ်လျှောက် မြို့ပျက်ကြီးတွေလိုပဲ၊ တချို့လမ်းတွေဆို လုံခြုံရေးအရ သွားလို့မရဘူး၊ မြို့အပြင်က ရွာတွေဆိုလည်း လူမနေတော့ဘူး အကုန်ပြေးကြတာပေါ့၊ အခုက PDF တွေ သိပ်မထိန်းချုပ် နိုင်တော့ဘူးဆိုပေမယ့် စစ်ကောင်စီ တပ်တွေ လည်း သေချာ ထိန်းချုပ် ထားနိုင်တာမျိုးတော့ မဟုတ်ဘူး၊ အပြန်အလှန် ပြင်ဆင်နေတဲ့ အနေအထားမျိုးလို့ ထင်တယ်” ဟု ၎င်းက ပြောသည်။

KNPP၊ KNDF ပူးပေါင်းတပ်ဖွဲ့များနှင့် တပ်မတော်ကြား ပြီးခဲ့သည့် ဧပြီ ၅ ရက်နေ့အထိ ဖရူဆိုမြို့နယ်အတွင်းမှာ တိုက်ပွဲ များ ဖြစ်ပွားခဲ့ကြောင်း၊ ဖရူဆိုမြို့နယ်တွင် အသုံးပြုနေသော လမ်းမကြီးတစ်လျှောက်တွင် ပြည်သူများ သွားလာခြင်း မပြု လုပ်ရန် KNDF က သတိပေးချက် ထုတ်ပြန်ထားသည်။

ကယားပြည်နယ်တွင် ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်၊ မေလက စတင်၍ တပ်မတော်နှင့် KNPP တို့အကြား တိုက်ပွဲများ စတင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း၊ လက်ရှိတွင် တိုက်ပွဲကာလ တစ်နှစ်ခန့် ကြာမြင့်နေပြီ ဖြစ်သည်။