CNI News
၂၀၂၅ ခုနှစ်၊ ဇူလိုင် ၇
ကယားပြည်နယ်၊ မိုးဗြဲမြို့ ပြန်လည်ထိန်းချုပ်နိုင်ရေးအတွက် တိုက်ပွဲကြီးငယ် ၆၁၅ ကြိမ် ဖြစ်ပြီးနောက် ၂၀၂၅ ခုနှစ်၊ ဇူလိုင် ၆ ရက်တွင် တစ်မြို့လုံးအား ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီဟု မြန်မာ့တပ်မတော်က ထုတ်ပြန်ခဲ့သည်။
မြန်မာ့တပ်မတော်သည် မိုးဗြဲမြို့ ပြန်လည်ထိန်းချုပ်နိုင်ရေးအတွက် အကြမ်းဖက် ချေမှုန်းရေးစစ်ဆင်ရေး (Counter Terrorism Operation)ကို ၂၀၂၅ ခုနှစ်၊ နှစ်ဦးပိုင်းမှစ၍ ဆောင်ရွက်ခဲ့ရာ စစ်ဆင်ရေးတစ်ခုလုံးအတွင်း တိုက်ပွဲကြီးငယ် ၆၁၅ ကြိမ်ဖြစ်ပွားခဲ့ပြီးနောက် မိုးဗြဲမြို့တစ်မြို့လုံးကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့သည်ဟု ထုတ်ပြန်ခဲ့ သည်။
ထို့နောက် KNPP-PDF တပ်ဖွဲ့မှ အလောင်း ၂၄ လောင်း၊ လက်နက်မျိုးစုံ ၆၃ လက် အပါအဝင် အခြား အရေးကြီး စာရွက်စာတမ်းများနှင့် Video File များ သိမ်းဆည်းရမိခဲ့သည်ဟု ထုတ်ပြန်ခဲ့သည်။
မိုးဗြဲမြို့နှင့်လွိုင်ကော်မြို့အား ဆက်သွယ်ထားသည့် လမ်းကြောင်းပေါ်ရှိ ရှင်းလင်းရန်ကျန်ရှိနေသည့် ၄.၅ ကီလိုမီ တာ အကွာအဝေးအား အပြီးတိုင် ဆက်လက်ရှင်းလင်းပေးပြီးပါက လွိုင်ကော်၊ မိုးဗြဲ၊ ဖယ်ခုံ၊ ပင်လောင်း ဆက်သွယ်ရေး လမ်းမကြီးအား မကြာမီ အချိန်တွင် ပြန်လည်ဖွင့်လှစ်နိုင်ရန် စီမံထားသည်ဟု မြန်မာ့တပ်မတော် ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
မိုးဗြဲမြို့ တိုက်ပွဲတွင် KNPP-PDF နှင့်အတူ Free Burma Ranger အဖွဲ့လည်း ပါဝင်နေသည်ကို တွေ့ရသည်ဟု မြန်မာ့တပ်မတော်ဘက်က ထုတ်ပြန်ခဲ့သည်။