CNI News
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၁၇

ကယားပြည်နယ်အတွင်း လက်နက်ကိုင် တော်လှန်နေသော ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)နှင့် PDF အဖွဲ့များထံ ပေးပို့မည့် လက်နက်ခဲယမ်းများကို ဖမ်းဆီးရမိခဲ့သည်ဟု နစက-က နိုဝင်ဘာ ၁၇ ရက်တွင် သတင်း ထုတ်ပြန်ခဲ့သည်။

ကယားပြည်နယ်အတွင်းက KNPP နှင့် PDF များထံ လက်နက်၊ ခဲယမ်းများ သယ်ယူပို့ဆောင်ပေးနေသော ပင်လုံမြို့၊ ပန်မုန့်အုပ်စု၊ လွယ်တပ်ကျေးရွာ၊ New Power စက်သုံးဆီ ဆိုင်ပိုင်ရှင် တရားခံ ခွန်သောင်းထွန်းအား နိုဝင်ဘာ ၁၆ ရက်နေ့က ဖမ်းဆီးရမိခဲ့သည်။

ထို့နောက် ခွန်သောင်းထွန်း၏ ထွက်ဆိုချက်အရ ပင်လုံမြို့၊ ပန်မုန့်ကျေးရွာနေ ပေတူး(ခ)မာရီယာနို၏ နေအိမ်ခြံ ဝင်းအတွင်းရှိ ဂိုထောင်အဆောက်အဦ၌ တရားခံ ခွန်အောင်မင်း၊ ခွန်နေမျိုး၊ ကျော်ဇင်ထွန်း၊ ခွန်အောင်ကျော် မြင့်နှင့် ခွန်အောင်ကျော်တို့ ၅ ဦးအား ကယားပြည်နယ်အတွင်းက KNPP နှင့် PDF အဖွဲ့များထံ ပို့ဆောင်မည့် လက်နက်၊ ခဲယမ်းများကို ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ဖမ်းဆီးရမိခဲ့သော လက်နက်၊ ခဲယမ်းများမှာ RPG ဒုံးပစ်လောင်ချာ ၁၂ လက်၊ တရုတ် စက်လတ် ၉ လက်၊ Type-81 မောင်းပြန်ရိုင်ဖယ် ၁၀၉ လက်၊ စုစုပေါင်း လက်နက်မျိုးစုံ ၁၃၀ လက်၊ RPG ဒုံးသီး ၁၀၆ လုံး၊ အီနာဂါ ဗုံးသီး ၆၁၀၀ လုံး၊ တရုတ်ကြိုးဆွဲ လက်ပစ်ဗုံး ၁၄၂၆ လုံး၊ စုစုပေါင်း ဗုံးသီးမျိုးစုံ ၇၆၃၂ လုံး၊ ၇.၆၂ ကျည် ၁၃၆၇၀ တောင့်၊ ၁၀၇ မမ စနက်အုံ ၁၀၀ ခု၊ လက်နက်ငယ်ပြောင်း အပို ၀၀ ချောင်း၊ ကျည်အိမ်မျိုးစုံ ၁၈၂၉ ခု၊ TNT ယမ်း ၉၅၀ ကီလိုဂရမ်၊ အမိုနီယမ် နိုက်ထရိတ် ၂၀၀ ကီလိုဂရမ်၊ Equipment ၂၀၀၀ စုံ၊ Canter အမျိုးအစား(လိုင်စင်မဲ့) ၆ ဘီးယာဉ် ၃ စီး၊ Ford အမျိုးအစား(လိုင်စင်မဲ့) မော်တော်ယာဉ် ၁ စီးနှင့် Vigo အမျိုး အစား (လိုင်စင်မဲ့) မော်တော်ယာဉ် ၁ စီးတို့အား သိမ်းဆည်းရမိခဲ့သည်။ 

ထိုလက်နက်၊ ခဲယမ်းများကို SSPP/SSA ယူနီဖောင်းဝတ်ဆင်ထားသူ ၁၀ ဦးထံကနေ ၄ ကြိမ်ခွဲ၍ သွားရောက် သယ်ယူခဲ့ခြင်းဖြစ်ကြောင်း ခွန်သောင်းထွန်းနှင့် ပေတူး(ခ)မာရီယာနိုတို့က ထွက်ဆိုခဲ့သည်။

ထို့နောက် ကယားပြည်နယ်ဘက်သို့ Canter အမျိုးအစား ခြောက်ဘီးယားဉ်ဖြင့် လက်နက်၊ ခဲယမ်းများကို ပို့ဆောင်သွားရန် စီစဉ်ထားကြောင်း၊ ထိုသို့ စီစဉ်ထားချိန်မှာပဲ ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်သည်။