CNI News
၂၀၂၃ ခုနှစ်၊ မေလ ၉

အကြမ်းဖက် သတ်ဖြတ်တိုက်ခိုက်မှုများကြောင့် ပြည်သူလူထုအတွင်း၌ လူပုဂ္ဂိုလ်လုံခြုံရေးကို စိုးရိမ်ကြသည့် အတွက် လက်နက်ခဲယမ်းများအား နည်းလမ်းမျိုးစုံဖြင့် ရှာဖွေကာ တရားမဝင် ကိုင်ဆောင်လျက်ရှိကြောင်း ကြားသိရသဖြင့် လက်နက်ခဲယမ်း ကိုင်ဆောင်ခွင့်မူနှင့်အညီ လိုင်စင်လျှောက်ထားရန် နစက-က မေလ ၉ ရက်နေ့မှာပဲ ထုတ်ပြန်ကြေညာသွားသည်။

ထုတ်ပြန်ချက်တွင် မူလရည်ရွယ်ချက်မှာ လူပုဂ္ဂိုလ်လုံခြုံရေးအတွက်ဖြစ်သော်လည်း လက်နက်ခဲယမ်းများ လက်ဝယ်ရှိနေချိန်တွင် လူ၏စိတ်သည် အချိန်မရွေး ပြောင်းလဲသွားနိုင်ပြီး တရားမဝင် ကိုင်ဆောင်ထားခြင်း ဖြစ်သဖြင့် တစ်ချိန်ချိန်၌ တစ်လွဲအသုံးပြုမှုများ ဖြစ်ပေါ်လာနိုင်သည့်အပြင် ဥပဒေနှင့်လည်း ညီညွတ်မှုမရှိ ကြောင်း တွေ့ရှိရကြောင်း၊ ထို့ကြောင်း တရားမဝင် လက်နက်ကိုင် ခဲယမ်း ကိုင်ဆောင်မှုများ လျော့နည်းပ ပျောက်စေရေးနှင့် လက်နက်ခဲယမ်းများကို တစ်လွဲအသုံးပြုမှုများ မဖြစ်ပေါ်စေရေးအတွက် လက်နက်ခဲယမ်း ကိုင်ဆောင်ခွင့်မူနှင့်အညီ စနစ်တကျ လိုင်စင်ထုတ်ပေးရေးကို စီမံဆောင်ရွက်ပေးသွားမည်ဟု ပြောသည်။

နစက “လက်နက်ခဲယမ်း ကိုင်ဆောင်ခွင့် လိုင်စင်လျှောက်ထားသည့်အခါ လျှောက်ထားသည့် သေနတ်အား မည်သို့ မည်ပုံ ရရှိသည်ကို စစ်ဆေးမေးမြန်းသွားမည် မဟုတ်ဘဲ လျှောက်ထားလိုသည့် လက်နက်ခဲယမ်းနှင့် တကွ အပ်နှံလျှောက်ထားရမည်ဖြစ်ပါသည်”ဟု ပြောသည်။

ထို့နောက် လက်နက်ခဲယမ်း ကိုင်ဆောင်ခွင့် လိုင်စင်လျှောက်ထားမှုအပေါ် လက်နက်ခဲယမ်း ကိုင်ဆောင်ခွင့်မူ နှင့်အညီ စိစစ်၍ သတ်မှတ်ချက်နှင့်ကိုက်ညီသူများကို လိုင်စင်ထုတ်ပေးသွားမည်ဖြစ်ပါကြောင်း၊ သီးခြား ထုတ်ပြန် ပေးမည့် သတ်မှတ်ကာလအတွင်း လက်နက်ခဲယမ်းအပ်နှံ၍ လိုင်စင်လျှောက်ထားခြင်း မရှိပါက ဖော်ထုတ် ဖမ်းဆီး၍ ထိရောက်စွာ အရေးယူသွားမည်ဟု အထက်ပါ ထုတ်ပြန်ချက်တွင် ပြောထားသည်။