CNI News
၂၀၂၄ ခုနှစ်၊ ဇွန်လ ၃

ပြည်ပနိုင်ငံရှိ ကွန်ဒိုတိုက်ခန်းများကို ပြည်တွင်း၌ တရားမဝင် ရောင်းချနေသူများနှင့် ဝယ်ယူသူများကို ဖမ်းဆီးလိုက်ကြောင်း နစက-က ဇွန်လ ၃ ရက်နေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီး၊ ပုဇွန်တောင်မြို့နယ်တွင် ဖွင့်လှစ်ထားသော Minn Thu ကုမ္ပဏီမှ ဒါရိုက်တာ ဦးအောင်ကျော်ထွန်းနှင့် အထွေထွေမန်နေဂျာ ဦးမင်းသူကျော်တို့ ၂ ဦးကို ထိုင်းနိုင်ငံမှ ကွန်ဒိုတိုက်ခန်းများအား ပြည်တွင်း၌ တရားမဝင် ရောင်းချခြင်းနှင့် တရားမဝင် ဟွန်ဒီလုပ်ငန်းများမှ ငွေကြေးများလွှဲပြောင်းပေးခဲ့ခြင်း ကြောင့် နစက-က ဖမ်းဆီးခဲ့သည်။

ထိုသို့ ဖမ်းဆီးစဉ် ဦးမင်းသူကျော် (Minn Thu ကုမ္ပဏီ အထွေထွေမန်နေဂျာ)သည် ထွက်ပြေးတိမ်းရှောင်သွားခဲ့၍ ဖမ်းဝရမ်း ထုတ်ထားသည်။

ထို့နောက် Minn Thu ကုမ္ပဏီမှ ရောင်းချခဲ့သည့် ပြည်ပနိုင်ငံရှိ တိုက်ခန်းများကို တရားမဝင် ဝယ်ယူထားသည့် ဦးနေမျိုးဟန်၊ ဦးမင်းထွန်းနှင့်ဒေါ်မြတ်မြတ်မွန်တို့ ၃ ဦးကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ခွင့်ပြုချက်မရှိဘဲ ထိုင်းနိုင်ငံရှိ ဘဏ်များ၌ တရားမဝင် ဖွင့်လှစ်ထားသည့် ဘဏ်ငွေစာရင်းများမှတဆင့် တိုက်ခန်းဖိုး ငွေကြေးများ လွှဲပြောင်းပေးချေခဲ့ခြင်းကြောင့် ဖမ်းဆီးခဲ့သည်။

အဆိုပါ ဖမ်းဆီးထားသူများကို ဥပဒေများနှင့်အညီ ထိရောက်စွာ အရေးယူသွားမည်ဟု နစက-က ထုတ်ပြန်ခဲ့သည်။

ပြည်ပနိုင်ငံများရှိ ကွန်ဒိုတိုက်ခန်းများအား Online မှတဆင့် တရားမဝင် ရောင်းချနေသည့် အခြား ကုမ္ပဏီများနှင့် ဝယ်ယူသူများအား ဆက်လက် စိစစ်ဖော်ထုတ် အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း နစက-က သတင်း ထုတ်ပြန်ခဲ့သည်။