CNI News

၂၀၂၂ခုနှစ်၊ ဒီဇင်ဘာ ၈

ထိုင်းနိုင်ငံတွင် ပြီးခဲ့သည့် ရက်ပိုင်းမှစတင်ကာ မြန်မာအပါအဝင် ခွင့်ပြုကာလ ကျော်လွန်နေထိုင် နေသူများအား စီမံချက်ဖြင့် ဖမ်းဆီးနေကြောင်း ထိုင်းနိုင်ငံအခြေစိုက် မြန်မာအလုပ်သမားအရေး ဆောင်ရွက်နေသူများက CNI သတင်းဌာနသို့ ပြောသည်။

ယခု ဖမ်းဆီးနေခြင်းသည် ပြီးခဲ့သည် ကာလများနှင့်မတူဘဲ စစ်ဆေးရေးဂိတ်များ ချမှတ်၍လည်း‌ကောင်း၊ စမတ် ကင်းလှည့် ယာဉ်များဖြင့် လည်းကောင်း၊ မျက်နှာအား scan ဖတ်နိုင်သည့် နည်းပညာများ အသုံးပြု၍ လည်း ကောင်း လိုက်လံ ဖမ်းဆီးနေခြင်း ဖြစ်ကြောင်း သိရသည်။

မြန်မာရွှေ့ပြောင်းအလုပ်သမားအရေး ကူညီဆောင်ရွက်ပေးနေသည့် ကိုသားကြီးက "မြန်မာပြည်သားတွေက တော့ တော်တော်များများ အဖမ်းခံရတယ်။ ဒီရက်ပိုင်းမှာ။ လွန်ခဲ့တဲ့ တစ်ပတ်လောက်ကနေ ဒီနေ့အထိပေါ့ အဖမ်းခံရတာ များတယ်။

လက်ရှိ အခြေအနေ အထိက‌တော့ နိုင်ငံခြားသားတွေ ငှားရမ်း နေထိုင်နိုင်လောက်တဲ့ Apartment တွေ၊ ကွန်ဒိုတွေ၊ တန်းလျားတွေ အဲဒီလို နေရာတွေကို ဖမ်းတယ်။ နောက်တစ်ခုက နယ်စပ်ဂိတ်တွေ၊ ဒီနယ်စပ်ဂိတ်တွေမှာ ပိုမိုပြီးတော့မှ စစ်ဆေးလာတာများတယ်။ ဒီခွင့်ပြုကာလ ကျော်လွန်သွားတဲ့ သူတွေက သူတို့ ရဲ့ visa section တွေကို ပြန်ပြီး သက်တမ်းတိုးလို့ မရတဲ့ လူတွေကတော့ လုံးဝ blacklist ထဲ ဝင်သွားတယ်လေ။ အဲဒီလူတွေ အဖမ်းခံရရင်တော့ အနည်းဆုံးက blacklist ဖြစ်မယ်၊ ပြည်တော်ပြန် အဖြစ်နဲ့ သက်ဆိုင်ရာ မိခင်နိုင်ငံ ထဲကို ပြန်ပြီးတော့ ပို့ရခြင်း ခံရမယ်။ နောက် လက်ရှိ ထိုင်းနိုင်ငံမှာလည်း ခိုးဝင်လာတာတွေကများတဲ့ အခါကျ တော့ အဲဒီလို အဖမ်းအဆီးတွေ ပိုများတယ်" ဟု CNI သတင်းဌာနသို့ ပြောသည်။

ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်း အလုပ်သမားများကိုတွေ့ရစဉ်


လက်ရှိတွင် လုပ်ငန်းခွင်အတွင်း၌ တရားမဝင် အလုပ်သမားများ၊ ခွင့်ပြုကာလ ကျော်လွန်နေထိုင်သူများအား ဖမ်းဆီးရမိပါက လုပ်ငန်းရှင်ကိုပါ အပြစ်ပေး အရေးယူမှု ခံရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် လုပ်ငန်းရှင်များက ၎င်းတို့ လက်ခံထားသည့် တရားမဝင် အလုပ်သမားများအား တရားဝင် နေထိုင်ခွင့် လက်မှတ်ရရှိရန် ပွဲစားများနှင့် ပူးပေါင်း၍ ပြုလုပ်ပေးနေကြကြောင်း သိရသည်။

တရားမဝင် အလုပ်သမားများအတွက် တရားဝင် နေထိုင်ခွင့် လက်မှတ်အား ထိုင်းအာဏာပိုင်များက ပြီးခဲ့သည့် အောက်တိုဘာလတွင် ပြုလုပ်ပေးခဲ့ပြီးဖြစ်သဖြင့် လက်ရှိတွင် ထပ်မံလုပ်ပေးနေခြင်းမျိုး မရှိသော်လည်း ပွဲစား များမှတဆင့် လုပ်၍ရနေကြောင်း ထိုင်းရှိ မြန်မာအလုပ်သမားအရေး ဆောင်ရွက်ပေးနေသူများက ပြောသည်။

သို့သော် ထိုသို့ ပြုလုပ်ရာတွင် ယခင်ပုံမှန်ကာလများထက် ကုန်ကျစရိတ်မှာ ပိုမိုပေးနေရကြောင်း FED မှ အမှုဆောင်ဒါရိုက်တာ ဦးထူးချစ်က CNI သတင်းဌာနသို့ ပြောသည်။

ထိုင်းအတွင်း သွားလာ လှုပ်ရှားနေသူများကိုတွေ့ရစဉ် (PBS)

၎င်းက “အနည်းဆုံး အခုနောက်ပိုင်းမှ လုပ်တဲ့ဟာပေါ့နော်။ ၁၆၀၀၀ ကနေ ၂၀၀၀၀ ဝန်းကျင်လောက်အထိ ပေးနေရတာတွေ ကျနော်တို့ တွေ့ရတယ်။ အစောပိုင်းတုန်းက ပွဲစားနဲ့လုပ်တဲ့လူက ၁၂၀၀၀ လောက်ပဲ ပေးရ တယ်။ တကယ် အစိုးရအတိုင်း သတ်မှတ်ချက်ဆိုရင် ၄၀၀၀၊ ၅၀၀၀ ပတ်ချာလည်လောက်ပဲ ကျတယ်။ အစော ပိုင်းတုန်းက ၁၂၀၀၀။ အခုက လက်မှတ် လုပ်ပေးတဲ့ကာလက ကုန်သွားတော့ special ပေါ့ VIP လိုမျိုး လုပ်ပေး တဲ့ဟာကျတော့ ၁၈၀၀၀ ကနေ ၂၀၀၀၀ လောက်အထိ ပေးနေရတယ်လို့ ကျနော်တို့ ကြားနေရတယ်။ အဓိက ကတော့ ဘယ်တော့မှ အလုပ်ရှင်က ပေးတာမရှိပါဘူး။ အလုပ်သမားတွေကပဲ ပေးရတာပဲ။ ဖြစ်နိုင်တယ် ဆိုရင် တော့ ရတဲ့နည်းလမ်းနဲ့ ထိုင်းနိုင်ငံထဲမှာ တရားဝင် နေထိုင်တာတော့ အကောင်းဆုံးပဲ။ တကယ်လို့ လက်မှတ် မရသေးတဲ့ ကာလဆိုရင်လည်း သွားတာလာတာလေးတွေ သတိထားရမယ်။ တချို့ကျတော့ ပွဲလမ်း သဘင်တွေ၊ ပျော်ပွဲရွှင်ပွဲတွေ လိုက်သွားနေတာမျိုးတွေ တရားဝင် လက်မှတ်မရှိရင် ဒီအချိန်မှာ ပိုအန္တရာယ် ရှိတယ်။ ကိုယ့် ဘာသာ ကိုယ်ပဲ သီးခြားပေါ့နော်။ ကိုယ့်လုပ်ငန်းခွင်မှာပဲ ကိုယ်နေတယ် ဆိုရင်တော့လည်း အဖမ်းအဆီးက လျော့ တာပေါ့။ ကျနော်တို့ အနေနဲ့ကတော့ လက်မှတ်မရှိတဲ့ လူတွေကို အဓိက ပြောချင်တာကတော့ လက်မှတ် တရားဝင်မှုဖြစ်အောင် လုပ်ပြီးနေထိုင်ကြဖို့ ပြောချင်တယ်”ဟု ပြောသည်။

ထိုင်းအာဏာပိုင်များကိုတွေ့ရစဉ်

ထိုင်းအာဏာပိုင်များက တရားဝင် နေထိုင်ခွင့်လက်မှတ် လုပ်ပေးခဲ့စဉ်က ငွေကြေးမတတ်နိုင်၍ မပြုလုပ်လိုက် ရသည့် တရားမဝင် မြန်မာအလုပ်သမား အများအပြား ရှိကြောင်းလည်း သိရသည်။

လက်ရှိတွင် နှစ်ကုန်ခါနီးဖြစ်သော်လည်း အဖမ်းအဆီးများ လျော့သွားနိုင်ဖွယ် မရှိသည့်အတွက် အထူးသတိထား နေထိုင်ကြရန်နှင့် လာမည့် နှစ်သစ်တွင်လည်း မည်သို့သော မူဝါဒများ အပြောင်းအလဲ ပြုလုပ်မည်ကို မသိရှိနိုင် သဖြင့် တရားဝင်ဖြစ်အောင် ပြုလုပ်ကြရန်လည်း ထိုင်းရှိ မြန်မာအလုပ်သမားအရေးဆောင်ရွက်နေသူများက အကြံပြုသည်။