CNI News

၂၀၂၂ ခုနှစ်၊ ဧပြီ ၂၉

ထိုင်းနိုင်ငံသို့ မြန်မာအပါအဝင် နှစ်နိုင်ငံသဘောတူစာချုပ် MOU စနစ်ဖြင့် အလုပ်သမားများ လာရောက် အလုပ်လုပ်ကိုင်သည့်အခါတွင် ကွာရန်တင်းဝင်ရန် မလိုအပ်တော့ကြောင်း ထိုင်းအာဏာပိုင်များမှ စာထုတ်ထားသည်ဟု မြန်မာရွှေ့ပြောင်းအလုပ်သမား ကူညီစောင့်ရှောက်ရေးအသင်းမှ သိရသည်။

ယခင်က MOU အလုပ်သမားများ လာရောက်သည့်အခါတွင် ကွာရန်တင်း တစ်ပတ်၊ နှစ်ပတ်ဝင်ရမည်ဟု သတ်မှတ်ထားခြင်းဖြစ်ကာ ယခုကဲ့သို့ ကွာရန်တင်းဝင်ရန် မလိုအပ်ခြင်းသည် မြန်မာအလုပ်သမားများအတွက် ကောင်းမွန်ကြောင်း မြန်မာရွှေ့ပြောင်းအလုပ်သမားကူညီစောင့်ရှောက်ရေးအသင်းမှ ကိုသားကြီး က CNI သတင်းဌာနသို့ ပြောသည်။

“အလုပ်သမားတွေ ကုန်ကျစရိတ်သက်သာသွားတာပေါ့နော်။ သူတို့က ကွာရန်တင်းဝင်လို့ရှိရင် ကိုဗစ်ကာကွယ် ဆေး တစ်လုံးထိုးခဲ့တဲ့သူက ၁၄ ရက်ဝင်ရမယ်။ နှစ်လုံးထိုးခဲ့တဲ့သူက ၇ ရက် ဝင်ရမယ်ဆိုတော့ ကိုဗစ်ကာကွယ် ဆေး ထိုးသည်ဖြစ်စေ၊ မထိုးသည် ဖြစ်စေ ကျနော်တို့ ရွှေ့ပြောင်းအလုပ်သမားတွေက တစ်ညကို ဘတ် တစ်ထောင်နှုန်းနဲ့ ၇ ရက်တို့ ၁၄ ရက်တို့ အဲဒီလိုမျိုးဆို‌တော့ ကုန်ကျစရိတ်တွေက အဲဒီမှာ တစ်သောင်းကျော် လောက်ရှိတယ်။ ဖြစ်တဲ့အတွက် ကုန်ကျစရိတ်သက်သာသွားတဲ့အတွက် အလုပ်သမားတွေအတွက် ကောင်းတဲ့ အလားအလာတစ်ခုလို့ကျနော်မြင်တယ်”ဟု ပြောသည်။

မြန်မာနိုင်ငံမှ အလုပ်သမားဝန်ကြီးဌာနအနေဖြင့် ကွာရန်တင်းဝင်လျှင် ကုန်ကျမည့် ကုန်ကျစရိတ်အား ထိုင်း အလုပ်ရှင်ဘက်မှ ကျခံရမည်ဟု စာချုပ်ချုပ်ဆိုရာတွင် ထည့်သွင်းချုပ်ဆိုထားသည်။

ထို့ကြောင့် ယခုကဲ့သို့ ထိုင်းအာဏာပိုင်များမှ ကွာရန်တင်းအား ပယ်ဖျက်လိုက်ခြင်းသည် ထိုင်းအလုပ်ရှင်များ ကြောင့် ဖြစ်နိုင်သည်ဟု ကိုသားကြီးက ဆက်ပြောသည်။

“အချို့သော စက်ရုံ၊ အလုပ်ရုံတွေအနေနဲ့ဆို သက်ဆိုင်တယ်။ ဘာကြောင့်လဲဆိုတော့ ကုန်ကျစရိတ်ကို သူတို့ ပေးရမယ်ဆိုတာဟာ ဥပဒေက သတ်မှတ်လိုက်တာဖြစ်တဲ့အတွက် အလုပ်သမားထောင်နဲ့ချီတဲ့ စက်ရုံတွေ ကျတော့ သူတို့မပေးနိုင်ဘူးလေ ငွေ amount အဲ့ဒီလောက်ကို။ အလုပ်သမားရဲ့လိုအပ်ချက်တွေကလည်း ရှိတဲ့အခါကျတော့ ဒါ သူတို့လည်း သက်ဆိုင်ရာဌာနကို စာတင်ပြီးတော့ တောင်းဆိုတာတွေရှိတယ်။ ရှိတော့ ဒီလိုမျိုးအပြောင်းအလဲတွေဖြစ်သွားတာ။ အလုပ်သမားတွေပေါ်မှာ ကုန်ကျစရိတ်အကုန်မခံရဘူးဆိုပြီး သတ်မှတ်နေပါစေ တဖက်မှာ မြန်မာရွှေ့ပြောင်းအလုပ်သမားအဖြစ်နဲ့ ထွက်လာမယ့် မြန်မာပြည်သူတွေက ‌အေဂျင်စီတွေကို ပွဲစားတွေကနေတဆင့် ငွေကြေးကုန်ကျမှုတွေက ပေးရတာပဲ။ အပြည့်အဝပေးရတာပဲ။ မြန်မာ ရွှေ့ပြောင်းအလုပ်သမားတွေကလည်း ပြည်တွင်းထဲမှာ ဒီလိုအလုပ်လက်မဲ့ဖြစ်တဲ့အခါကျတော့ ပွဲစားတောင်း သလောက် စိတ်ချရပါတယ်ဆိုတဲ့ အေဂျင်စီနဲ့ ရသလောက်ကို သူတို့ကလည်း ပေးနေရတာဖြစ်တယ်” ဟု ၎င်းက ပြောသည်။

မြန်မာအလုပ်သမားများအား ထိုင်းနိုင်ငံသို့ MOU ဖြင့် မေလတွင် စေလွှတ်ရန် မြန်မာအလုပ်သမားဝန်ကြီးဌာနမှ လုပ်ဆောင်နေပြီး မတ်လ ၂၅ ရက်နေ့မှ စတင်ကာ တစ်ရက်လျှင် အလုပ်သမား ၆၀၀ ဝန်းကျင်ခန့် စာချုပ်ချုပ်ဆို ထားကြောင်း အလုပ်သမားညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

ပညာရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း(FED)မှ အမှုဆောင်ဒါရိုက်တာ ဦးထူးချစ်က“ကောင်းတာကတော့ ထိုင်းအစိုးရရော မြန်မာအစိုးရရောကတော့ စနစ်တကျ ပူးပေါင်းဆောင်ရွက်ပြီးတော့ တရားဝင်လမ်းကြောင်း တွေပေါ့နော်။ MOU တစ်ခုတည်းမဟုတ်ဘဲနဲ့ တခြား တရားဝင်လမ်းကြောင်းတွေကို အစိုးရတစ်ရပ်အနေနဲ့ စဉ်းစားပြီးတော့ ရွှေ့ပြောင်းအလုပ်သမားတွေ တရားဝင်လုပ်ကိုင်ဆောင်ရွက်နိုင်အောင် ပူးပေါင်းဆောင်ရွက်ဖို့ လိုမယ်လို့ ကျနော့်အနေနဲ့ပြောချင်တယ်။ ဒါမှပဲ မလိုလားအပ်တဲ့ လူကုန်ကူးမှုကိစ္စတွေ၊ တရားမဝင် ဝင်ရောက် လုပ်ကိုင်ခြင်းတွေက လျော့ကျသွားနိုင်မယ်လို့ ကျနော်တို့အနေနဲ့ ယုံကြည်ပါတယ်” ဟု CNI သို့ ပြောသည်။

ထိုင်းကို MOU ဖြင့် မြန်မာအလုပ်သမားများအား စေလွှတ်ရာတွင် ကားလမ်းကြောင်းဖြင့် စေလွှတ်ရန်ရှိပြီးလက်ရှိ လုံခြုံရေးအခြေအနေများကြောင့် လေကြောင်းလမ်းဖြင့်လည်း စေလွှတ်ရန်လုပ်ဆောင်နေကြောင်း အလုပ်သမား ညွှန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။