CNI News

၂၀၂၂ ခုနှစ်၊ ဧပြီ ၂၈

တာတာစတန်သမ္မတနိုင်ငံ၏ သမ္မတ Mr.Rustam Minnikhanov သည် နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် နစက၏ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီး ဦးအောင်နိုင်ဦးတို့ကို ယနေ့ (ဧပြီ ၂၈ ရက်) တွေ့ဆုံကြ ကြောင်း တာတာစတန်သမ္မတရုံးက ထုတ်ပြန်ခဲ့သည်။

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားရေး ဆက်ဆံရေးဝန်ကြီး ဦးအောင်နိုင်ဦးနှင့် တွေ့ဆုံစဉ် နှစ်နိုင်ငံ ဆက်ဆံရေး အတွက် စီးပွားရေး နယ်ပယ်သစ်များ ဖွင့်လှစ်နိုင်လိမ့်မည်ဟု မျှော်လင့်ကြောင်း တာတာစတန် သမ္မတ Mr.Rustam Minnikhanov က ပြောကြားခဲ့သည်။

Mr. Rustam Minnikhanov က “ ကျွန်ုပ်တို့ ခရီးစဉ်ရဲ့ ရည်ရွယ်ချက်က နှစ်နိုင်ငံ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု တိုးချဲ့ဖို့ ဖြစ်ပါတယ်။ ကျွန်ုပ်တို့ရဲ့ကိုယ်စားလှယ်အဖွဲ့မှာ မြန်မာနိုင်ငံနဲ့ လက်တွဲလုပ်ဆောင်ရန် စိတ်ပါဝင်စားတဲ့ စီးပွားရေး ကိုယ်စားလှယ်များ ပါဝင်ပြီး ခရီးစဉ်အတွင်း နှစ်နိုင်ငံဆက်ဆံရေးအတွက် စီးပွားရေး နယ်ပယ် သစ်များ ဖွင့်လှစ်နိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ တာတာစတန်နိုင်ငံမှာ မော်တော်ကားများ၊ လေယာဉ်များနှင့် သင်္ဘောများ တည်ဆောက်ရေးစတဲ့ စက်မှုလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါတယ်။ ကျွနှ်ပ်တို့ရဲ့ နည်းပညာမြင့် ထုတ်ကုန်တွေဟာ တောင်အာရှနဲ့အရှေ့တောင်အာရှ ဈေးကွက်များမှာ လူသိများထင်ရှားပါတယ်”ဟု ပြော သည်။

ထို့နောက် မြန်မာနိုင်ငံနှင့် သင်္ဘောတည်ဆောက်ရေး၊ မော်တော်ကားလုပ်ငန်းများ၊ အလိုအလျောက် ထုတ်လုပ် မှုစနစ်များ၊ ကျန်းမာရေး စောင့်ရှောက်မှုများ၊ ဆေးဘက်ဆိုင်ရာ ထုတ်ကုန်များနှင့်ဆေးဝါးများ ထုတ်လုပ်ခြင်းတွင် ပူးပေါင်း ဆောင်ရွက်နိုင်ရန် တာတာစတန်ဘက်က အဆိုပြုခဲ့ကြောင်း သိရသည်။

သမ္မတ Mr. Rustam Minnikhanov နှင့် နစကဝန်ကြီး ဦးအောင်နိုင်ဦး ၂၀၂၂ ခုနှစ်၊ ဧပြီ ၂၈ ရက်က တွေ့ ဆုံ

အလားတူ ရေနံဓာတုလုပ်ငန်းများမှ ထုတ်ကုန်များနှင့် စက်ရုံတည်ဆောက်ရေး လုပ်ငန်းများ ပူးပေါင်းဆောင်ရွက်မှု ချဲ့ထွင်ရန်လည်း တာတာစတန်ဘက်က ဆွေးနွေးခဲ့သည်။

နစကဝန်ကြီး ဦးအောင်နိုင်ဦးက “လောလောဆယ်မှာ ရင်းနှီးမြှုပ်နှံမှုကိစ္စတွေမှာ ရုရှားက မြန်မာနိုင်ငံအတွက် ဦးစားပေးဖြစ်ပါတယ်။ တာတာစတန် သမ္မတနိုင်ငံသည် ရုရှားတွင် အအောင်မြင်ဆုံး နိုင်ငံတစ်ခုဖြစ်ကြောင်း ကျွန်ုပ်တို့သိရပြီး ပူးပေါင်း ဆောင်ရွက်သည့်အတွက် ကျွန်ုပ်တို့ ဝမ်းမြောက်ပါတယ်။ အတူတကွ လုပ်ဆောင်နိုင် သည့် အပိုင်းများစွာကို ကျွန်ုပ်တို့ တွေ့မြင်ရ ပါတယ်”ဟု ပြောသည်။

လက်ရှိတွင် မြန်မာနိုင်ငံနှင့်ရုရှားနိုင်ငံခြား အရပ်ဘက်ကဏ္ဍာတွင် ပူးပေါင်းဆောင်ရွက်မှု တိုးချဲ့ဆောင်ရွက်နေ ကြောင်း၊ ရုရှား နှင့် မြန်မာ စီးပွားရေးလုပ်ငန်းရှင်များကြား မကြာမီကျင်းပမည့် အွန်လိုင်းကွန်ဖရင့်တွင် တာတာ စတန်မှ စီးပွားရေး လုပ်ငန်း ရှင်များကိုလည်း ဖိတ်ကြားမည်ဖြစ်ကြောင်း ၎င်းက ပြောသွားခဲ့ကြောင်း သိရသည်။

တာတာစတန်နိုင်ငံသို့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၂၀၂၁ ခုနှစ်၊ ဇွန်လက သွားရောက်စဉ်

နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ၂၀၂၁ ခုနှစ်၊ ဇွန်လက တာတာစတန်သမ္မတနိုင်ငံ၏ သမ္မတ Mr. Rustam Minnikhanov ၏ ဖိတ်ကြားချက်အရ တာတာစတန်သို့ သွားရောက်ခဲ့ပြီး ရိုးရာနွေရာသီပွဲတော် (Sabantuy)ကို တက်ရောက် ခဲ့သည်။

ထို့နောက် တာတာစတန်သမ္မတနိုင်ငံမှ သမ္မတ Mr. Rustam Minnikhanov ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့သည် မြန်မာနိုင်ငံသို့ ၂၀၂၂ ခုနှစ်၊ ၂၈ ရက်က ရောက်ရှိလာပြီး နစကဥက္ကဋ္ဌ အပါအဝင် နစက၏ ဝန်ကြီး ဦးအောင်နိုင်ဦးတို့နှင့် တွေ့ဆုံခဲ့ကြသည်။