CNI News

၂၀၂၅ ခုနှစ်၊ မတ်လ ၇

မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကို အခြေခံသည့် နိုင်ငံဖြစ်၍ ဓာတ်မြေဩဇာ ထုတ်လုပ်မှုကဏ္ဍတွင် ဘယ်လာရုစ် နိုင်ငံမှ လာရောက်ရင်းနှီးမြှုပ်နှံကြရန် ဖိတ်ခေါ်ပါကြောင်း နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။

၂၀၂၅ ခုနှစ်၊ မတ်လ ၇ ရက်က ဘယ်လာရုစ်နိုင်ငံ၊ မင့်စ်မြို့မှာ ကျင်းပသည့် မြန်မာ-ဘယ်လာရုစ် စီးပွားရေးဖိုရမ် တွင် ၎င်းက ပြောကြားခဲ့ခြင်း ဖြစ်သည်။

နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က “စိုက်ပျိုးရေးကို အခြေခံသည့် နိုင်ငံဖြစ်သည့် မြန်မာနိုင်ငံအနေဖြင့် ဓာတ်မြေဩဇာ တင်သွင်းမှုအပိုင်းကို အဓိကမြှင့်တင်လိုခြင်းပင်ဖြစ်ကြောင်း၊ အထူးသဖြင့် မြန်မာနိုင်ငံ၏ ဦးစား ပေးရင်းနှီးမြှုပ်နှံမှုကဏ္ဍတစ်ခုဖြစ်သည့် ဓာတ်မြေဩဇာထုတ်လုပ်မှုကဏ္ဍတွင် ဘယ်လာရုစ်နိုင်ငံမှ မိတ်ဖက် စီးပွားရေး လုပ်ငန်းရှင်များကို လာရောက်ရင်းနှီးမြှုပ်နှံနိုင်ရန် အလေးထားဖိတ်ခေါ်လိုခြင်းဖြစ်သည်”ဟု ပြော သည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ ဘယ်လာရုစ် ဒုဝန်ကြီးချုပ်ကို တွေ့ရစဉ်

စိုက်ပျိုးရေး နိုင်ငံတစ်နိုင်ငံအတွက် မရှိမဖြစ်လိုအပ်သည့် ဓာတ်မြေဩဇာ ထုတ်လုပ်မှုမှာ ဘယ်လာရုစ်နိုင်ငံက ထိပ်တန်းနိုင်ငံ တစ်နိုင်ငံအဖြစ် ရပ်တည်နေသည်ကို အားလုံးကလည်း သိကြကြောင်း၊ မြန်မာနိုင်ငံသည် ရေမြေ သဘာဝကောင်းမွန်ခြင်းကြောင့် စိုက်ပျိုးရေးနှင့်မွေးမြူရေးကို အခြေခံသည့် ကုန်ထုတ်လုပ်ငန်းများကို နိုင်ငံတော် ၏ အဓိကကုန်ထုတ်လုပ်ငန်းများအဖြစ် မြှင့်တင်လျက်ရှိကြောင်း နစကဥက္ကဋ္ဌက ပြောသည်။

ထိုထုတ်ကုန် လုပ်ငန်းများမှ ထုတ်ကုန်များကို တန်ဖိုးမြှင့်ထုတ်လုပ်နိုင်ရန်အတွက် သတင်း အချက်အလက်နှင့် နည်းပညာပိုင်းတွင် ရှေ့တန်းကို ရောက်ရှိနေပြီဖြစ်သည့် ဘယ်လာရုစ်နိုင်ငံနှင့် ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက် ပြီး စက်မှုလယ်ယာစနစ်ဖြင့် Smart Agriculture အဖြစ် အဆင့်မြှင့်တင်လိုခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။

ဘယ်လာရုစ်နိုင်ငံ ဒုဝန်းကြီးချုပ်ကလည်း မိမိတို့နိုင်ငံသည် စိုက်ပျိုးရေး လုပ်ငန်းကို အခြေခံသည့် ကုန်ထုတ်လုပ်မှု လုပ်ငန်းများကို ဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ စိုက်ပျိုးရေး ကုန်ထုတ်လုပ်ငန်းများ တိုးတက်စေရေးအတွက် နည်းပညာများ ပူးပေါင်း ဆောင်ရွက်သွားနိုင်ရန်လိုကြောင်း၊ ယခုကဲ့သို့ မြန်မာ-ဘယ်လာရုစ် နှစ်နိုင်ငံ စီးပွားရေး ဖိုရမ်ကို ကျင်းပခြင်းဖြင့် နှစ်နိုင်ငံအတွက် များစွာအကျိုးဖြစ်ထွန်းစေမည်ဖြစ်ကြောင်း ပြောသည်။

မြန်မာ-ဘယ်လာရုစ် စီးပွားရေးဖိုရမ် ကျင်းပနေစဉ်

လက်ရှိ မြန်မာနိုင်ငံတွင် နိုင်ငံရေးအကျပ်အတည်းဖြစ်ပေါ်ကာ လက်နက်ကိုင် ပဋိပက္ခများ နိုင်ငံတစ်ဝန်း ဖြစ်ပွား နေခြင်းကြောင့် စိုက်ပျိုးရေး လုပ်ငန်းနှင့် ကုန်ထုတ်လုပ်ငန်းများမှာ ကျဆင်းလျက်ရှိနေသည်။

ထို့ပြင် မြန်မာနိုင်ငံအတွင်းရှိ တိုင်းဒေသကြီးနှင့် ပြည်နယ်များအကြား သွားလာရေး လုံခြုံမှု မရှိခြင်းနှင့် အဖွဲ့ အစည်းပေါင်းစုံ၍ ငွေကြေးကောက်ခံမှုများ အပါအဝင် နိုင်ငံတကာမှ စီးပွားရေးပိတ်ဆို့ထားခြင်းကြောင့် စိုက်ပျိုးရေးအတွက်လိုအပ်သော ဓာတ်မြေဩဇာသည် ဈေးနှုန်းများ ကြီးမြင့်နေသလို လိုသလောက်လည်း ဝယ်ယူ၍ မရဘဲ ဖြစ်နေသည်။

အလားတူ ဓာတ်မြေဩဇာများကိုလည်း အလွယ်တကူ သယ်ယူခွင့်များ မရှိဘဲ စစ်ဆေးမေးမြန်းမှု တင်းကြပ်လျက် ရှိသည့်အတွက် စိုက်ပျိုးရေးလုပ်ငန်းများ တဖြေးဖြေး ကျဆင်းမှုဖြင့် ကြုံတွေ့နေရသည်။