CNI News

၂၀၂၄ ခုနှစ်၊ ဇူလိုင် ၆

ရွေးကောက်ပွဲ ကျင်းပနိုင်ရေးအတွက် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကို အဆင့် ၂ ဆင့်ဖြင့် ဆောင်ရွက်မည်ဟု နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။

၂၀၂၄ ခုနှစ်၊ ဇူလိုင် ၅ ရက်နေ့က ကျင်းပခဲ့သော ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေး အမှတ်စဉ်(၅/၂၀၂၄) တွင် အထက်ပါအတိုင်း ၎င်းက ပြောကြားခဲ့ခြင်း ဖြစ်သည်။

နစကဥက္ကဋ္ဌက “ ရွေးကောက်ပွဲနှင့် ပတ်သက်၍ ကြိုတင်ပြင်ဆင်ခြင်း လုပ်ငန်းများဖြစ်သည့် လူဦးရေနှင့် အိမ် အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းကို အောက်တိုဘာလဆန်းမှ စတင်၍ တစ်နိုင်ငံလုံး အတိုင်း အတာဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ လုပ်ဆောင်၍ ရသည့်နေရာတိုင်း၌ ဆောင်ရွက်သွားမည်ဖြစ်ပြီး လုပ်ဆောင်ရန် ကန့်သတ်ချက်ရှိသည့် နေရာများ၌လည်း အဖြစ်နိုင်ဆုံး ကောက်ယူနိုင်ရေး ဆောင်ရွက်သွား မည်ဖြစ်ကြောင်း၊ လိုအပ်ပါက အဆင့် ၂ ဆင့်ဖြင့် ဆောင်ရွက်နိုင်သည်”ဟု ပြောသည်။

ထို့နောက် အကြောင်းအမျိုးမျိုးကြောင့် နေရပ်စွန့်ခွာသွားသူများကိုလည်း တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် စာရင်းဇယား ကောက်ယူစိစစ်ရမည်ဖြစ်ကြောင်း၊ ယင်းသို့ ဆောင်ရွက်မှသာ မဲစာရင်းများပြုစုရာတွင် မှန်ကန်မှု ရှိမည်ဖြစ်ကြောင်း၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူပြီးမှသာ မဲစာရင်းပြုစုခြင်းကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

သန်းခေါင်စာရင်းကို အောက်တိုဘာ ၁ ရက်နေ့မှ ၁၅ ရက်နေ့အထိ ကောက်ယူသွားမည်ဖြစ်ကြောင်း လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနက ဘေဘုတ်များထောင်၍ ကြေညာထားသည်။

ထို့နောက် ရွေးကောက်ပွဲကို ၂၀၂၅ ခုနှစ်တွင် ကျင်းပသွားမည်ဖြစ်ကြောင်း နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်း အောင်လှိုင်က ပြောထားသည်။

မြန်မာနိုင်ငံတွင် သန်းခေါင်စာရင်းကို ၁၀ နှစ်လျှင် တစ်ကြိမ် ကောက်ယူလေ့ရှိရာ ၂၀၁၄ ခုနှစ်က နောက်ဆုံး နောက်ယူထားသည်။