CNI International News

နီယာမေ၊ ဇူလိုင် ၈

အနောက်အာဖရိကနိုင်ငံများဖြစ်သည့် နိုက်ဂျာ၊ မာလီနှင့် ဘာကီနာဖာဆိုတို့မှ စစ်အစိုးရခေါင်းဆောင်များသည် အကျိုးတူ ပူးပေါင်းဆောင်ရွက်သည့် ကွန်ဖက်ဒရေးရှင်း စာချုပ်သစ်ကို ဇူလိုင် ၆ ရက်က ချုပ်ဆိုခဲ့ကြောင်း ဘန်ကောက်ပို့စ်မှ ဖော်ပြခဲ့သည်။

ထိုသို့ လုပ်ဆောင်ခြင်းအားဖြင့် ဒီမိုကရေစီစနစ်ကို ပြန်လည်အသက်သွင်းရန် တိုက်တွန်းနေသည့် ဒေသတွင်း နိုင်ငံရေးနှင့် စီးပွားရေးအဖွဲ့ဖြစ်သည့် အနောက်အာဖရိကနိုင်ငံများ စီးပွားရေးပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (ECOWAS) ကို ကျောခိုင်းသည့် ၎င်းတို့၏ ဆုံးဖြတ်ချက်အား ပြတ်သားစွာ ဖော်ပြရာရောက်ခဲ့သည်။

နိုက်ဂျာနိုင်ငံ နီယာမေ (Niamey) မြို့တော်တွင် ပထမဆုံးအကြိမ် ပြုလုပ်သည့် ဆာဟယ်နိုင်ငံများ မဟာမိတ်အဖွဲ့ (AES) အစည်းအဝေး၌ ထိုသဘောတူစာချုပ်ကို လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်ပြီး ထို ၃ နိုင်ငံအကြား ဆက်ဆံရေး များကို ယခင်ကထက် ပိုမိုခိုင်မာစေရန် မြှင့်တင်ခဲ့သည်။

ဆာဟယ်နိုင်ငံများ မဟာမိတ်အဖွဲ့ (AES) အစည်းအဝေး ကျင်းပနေစဉ်

နိုက်ဂျာ၊ မာလီနှင့် ဘာကီနာဖာဆိုနိုင်ငံများတွင် ၂၀၂၀ ပြည့်နှစ်မှ ၂၀၂၃ ခုနှစ်အတွင်း အာဏာသိမ်းမှုများ ဆက်တိုက်ဖြစ်ပွားခဲ့သည်။

ထို ၃ နိုင်ငံမှ အာဏာသိမ်းစစ်ခေါင်းဆောင်များနှင့် ဒေသတွင်းအဖွဲ့အစည်းများ၊ အနောက်နိုင်ငံများအကြားတွင် စစ်ရေးနှင့် သံတမန် ဆက်ဆံရေးများ ပြတ်တောက်ခဲ့သည်။

နိုက်ဂျာစစ်ခေါင်းဆောင် ဗိုလ်ချုပ်ကြီး အဗ္ဗဒူရာဟမ်မာနီ တီယာနီ (Abdourahamane Tiani) က ထိုအစည်းအဝေးသည် မိမိတို့နိုင်ငံများ၏ အချုပ်အခြာအာဏာကို ပြန်လည်ထိန်းသိမ်းသည့် မိမိတို့၏ ဆုံးဖြတ်ချက်ကို ဖော်ပြရာရောက်ကြောင်း ပြောကြားခဲ့သည်။

ထိုကဲ့သို့ စာချုပ်ချုပ်ဆိုခြင်းသည် နိုက်ဂျာ၊ မာလီနှင့် ဘာကီနာဖာဆိုတို့က ဇန်နဝါရီလအတွင်း အဖွဲ့ဝင်အဖြစ်မှ နုတ်ထွက်ခဲ့သည့် ECOWAS အဖွဲ့ထဲသို့ ပြန်လည် ဝင်ရောက်မည် မဟုတ်ကြောင်း ပြသသည့် လက္ခဏာတစ်ခု ဖြစ်သည်။

နိုက်ဂျာ၊ မာလီနှင့် ဘာကီနာဖာဆို စစ်ခေါင်းဆောင်များကို တွေ့ရစဉ်

ECOWAS သည် မာလီ၊ နိုက်ဂျာနှင့် ဘာကီနာဖာဆိုတို့တွင် အာဏာသိမ်းမှုများ ဖြစ်ပွားပြီးနောက် ထို ၃ နိုင်ငံကို ပိတ်ဆို့မှုများ ပြုလုပ်ခဲ့သည့်တိုင် အဆိုပါနိုင်ငံများကို ECOWAS အဖွဲ့အတွင်း ပြန်လည်ဝင်ရောက်ရန် မျှော်လင့် ထားသည်။

ယခုချုပ်ဆိုခဲ့သည့် AES စာချုပ်သည် နိုင်ငံရေး၊ စီးပွားရေးနှင့် ကာကွယ်ရေးမူဝါဒများ ချမှတ်ရာတွင် မည်မျှ သဟဇာတဖြစ်မည်ဆိုခြင်းကိုမူ ရှင်းလင်းစွာ မသိရသေးပေ။

မတ်လအတွင်းကလည်း နိုက်ဂျာ၊ မာလီနှင့် ဘာကီနာဖာဆို စစ်ခေါင်းဆောင်များသည် ၎င်းတို့ နိုင်ငံနယ်နိမိတ်များ အတွင်း လုံခြုံရေးခြိမ်းခြောက်မှုများကို တိုက်ဖျက်ရန် ပူးပေါင်းတပ်ဖွဲ့တစ်ခု ဖွဲ့စည်းရန် သဘောတူခဲ့ကြသည်။

Source: ဘန်ကောက်ပို့စ်