CNI Article
၂၀၂၃ ခုနှစ်၊ သြဂုတ် ၁၃
အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန၏ ဒုဝန်ကြီး ဗစ်တိုးရီးယား နျူလန် (Victoria Nuland) သည် နိုက်ဂျာသို့ သွားရောက်ခဲ့ပြီး သမ္မတနန်းတော်တွင် နေအိမ်အကျယ်ချုပ်ဖြင့် ဖမ်းဆီးခံထားရသည့် သမ္မတဟောင်း မိုဟာမက် ဘာဇုမ်း (Mohamed Bazoum) နှင့်တွေ့ဆုံရန် ကြိုးပမ်းခဲ့သည်။
သို့သော် သူ့တောင်းဆိုချက်သည် ပယ်ချခံခဲ့ရပြီး နီယာမေမြို့တော်တွင် အာဏာသိမ်း ခေါင်းဆောင်အချို့နှင့်သာ တွေ့ဆုံခဲ့ရသည်။
အာဏာသိမ်း ခေါင်းဆောင်များအနေဖြင့် ဘာဇုမ်းကို အာဏာပြန်လည် အပ်နှင်းရန် ပြောကြားခဲ့သလို နိုက်ဂျာ အား ထောက်ပံ့မှုများကို ရပ်တန့်သွားမည်ဟု နျူလန်က ခြိမ်းခြောက်ခဲ့သည်။
နျူလန်သည် မည်သည့် အောင်မြင်မှုမျှ မရခဲ့ဘဲ နိုက်ဂျာမှ ပြန်လည်ထွက်ခွာခဲ့သော်လည်း စစ်ရေးအရ အရေးယူ မည့် ခြိမ်းခြောက်မှု အငွေ့အသက်များကို ချန်ထားခဲ့သည်။ ထို့အတူ အနောက်အာဖရိကနိုင်ငံများ စီးပွားရေးအဖွဲ့ (ECOWAS) ကလည်း နိုက်ဂျာကို စစ်ရေးအရ ကြားဝင်စွက်ဖက်မည်ဟု ခြိမ်းခြောက်ထားသည်။
အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန၏ ဒုဝန်ကြီး ဗစ်တိုးရီးယား နျူလန်ကိုတွေ့ရစဉ်
ထို့ကြောင့် နိုက်ဂျာတွင် ECOWAS သို့မဟုတ် အမေရိကန်နှင့် ပြင်သစ်တပ်များက စစ်ရေးအရ ကြားဝင်မည်လော သို့မဟုတ် ECOWAS ၊ အမေရိကန်နှင့် ပြင်သစ်တို့ ပူးပေါင်းပြီး စစ်ရေးအရ ကြားဝင်မည်လော ဟူ၍ မေးခွန်းများ ထွက်ပေါ်ခဲ့သည်။
နိုက်ဂျာတွင် အာဏာသိမ်းခဲ့သည့် ခေါင်းဆောင်အများစုသည် အမေရိကန်၏ စစ်သင်တန်းများ လေ့ကျင့်သင်ကြား မှုကို ခံယူခဲ့သူများဖြစ်ပြီး အမေရိကန်သည် တပ်ဖွဲ့ဝင် ၁၅၀၀ ခန့်ကို နိုက်ဂျာတွင် ဖြန့်ကြက်ချထားသည်။
နိုက်ဂျာကမူ နိုင်ငံအတွင်းရှိ ပြင်သစ်တပ်ဖွဲ့ဝင် ၁၁၀၀ ခန့်ကို ပြန်လည်ရုပ်သိမ်းရန် တောင်းဆိုခဲ့သော်လည်း ပြင်သစ်က ရုပ်သိမ်းခဲ့ခြင်း မရှိပေ။
နိုက်ဂျာစစ်ခေါင်းဆောင်များသည် အမေရိကန်တပ်များကို နိုင်ငံအတွင်းမှ ထွက်ခွာရန် အမိန့်ပေးခဲ့ခြင်း မရှိသော် လည်း အခြေအနေသည် ပိုမိုဆိုးရွားလာပါက နိုက်ဂျာမှ အမေရိကန်တပ်များ ထွက်ခွာရဖွယ်ရှိသည်။
နိုက်ဂျာသည် ကမ္ဘာ့အဆင်းရဲဆုံး နိုင်ငံများထဲတွင် တစ်ခု အပါအဝင်ဖြစ်ပြီး ၎င်း၏ အဓိက သယံဇာတမှာ ယူရေနီယံ တူးဖော်သည့် သတ္တုတွင်းများ ဖြစ်သည်။ သို့သော် ထိုသတ္တုတွင်းအများစုကို ပြင်သစ်ကုမ္ပဏီများက ပိုင်ဆိုင်ထားသည်။
ယခုအခါတွင်မူ နိုက်ဂျာသည် ရေနံများကိုလည်း အသင့်အတင့် ထုတ်လုပ်နေပြီး တစ်ရက်လျှင် ရေနံစည်ပေါင်း ၁၄၀၀၀ ခန့် ထုတ်လုပ်ကာ ထိုရေနံအားလုံးကို ပြည်တွင်းမှာပင် အသုံးပြုခဲ့သည်။
နိုက်ဂျာတွင် လျှပ်စစ်ဓာတ်အား စုစုပေါင်း၏ ၇၀ ရာခိုင်နှုန်းကို နိုက်ဂျီးရီးယားက ထောက်ပံ့ပေးထားခြင်း ဖြစ် သည်။ သို့သော် နိုက်ဂျာတွင် အာဏာသိမ်းမှု ဖြစ်ပွားပြီးနောက်ပိုင်း နိုက်ဂျီးရီးယားသည် နိုက်ဂျာသို့ လျှပ်စစ် ဓာတ်အား ထောက်ပံ့မှုကို ရပ်နားခဲ့သည်ဟု သတင်းများ ထွက်ပေါ်ခဲ့သည်။
နိုက်ဂျာရှိ သတ္တုတွင်းများကိုတွေ့ရစဉ်
လက်ရှိတွင် နိုက်ဂျာ၏ လေပိုင်နက်မှာ ပိတ်ထားပြီး နိုင်ငံအတွင်းရှိ လမ်းမများကို ပိတ်ထားသည်။ အစားအစာ၊ ဆေးဝါးနှင့် အခြားပစ္စည်းများ တင်သွင်းဝယ်ယူမှုကိုလည်း ပိတ်ပင်ထားသည်။
ထိုအခြေအနေကြောင့် ထောက်ပံ့မှုများ ရပ်ဆိုင်းကာ နိုင်ငံအတွင်း လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကျပ်အတည်း ဖြစ်လာနိုင်မည့် စိုးရိမ်မှုများကို မြင့်တက်စေခဲ့သည်။
ECOWAS သည် စစ်ရေးအရ ကြားဝင်မည်ဟု ခြိမ်းခြောက်ခဲ့သော်လည်း ၎င်း၏အဖွဲ့ဝင် ၁၅ နိုင်ငံစလုံးက စစ်ရေး ဖြင့် ဖြေရှင်းမည့် အခြေအနေကို သဘောတူခဲ့ခြင်း မရှိပေ။
ထို့ကြောင့် နိုက်ဂျာအတွက် စစ်ရေးခြိမ်းခြောက်မှုအရှိဆုံး နိုင်ငံများမှာ အမေရိကန်နှင့် ပြင်သစ်ဖြစ်သည်။
အဆိုပါ နှစ်နိုင်ငံစလုံးသည် နိုက်ဂျာနိုင်ငံအတွင်း ဖြန့်ကြက်ထားသည့် ၎င်းတို့၏ စစ်အင်အားကို တိုးမြှင့်ဖွယ်ရှိနေ သည်။
နိုက်ဂျာရှိ အမေရိကန်တပ်များသည် အမေရိကန်စစ်တပ်၏ အာဖရိက စစ်ဌာနချုပ် (AFRICOM) ၏ အုပ်ချုပ်မှု အောက်တွင် ရှိသည်။
ထို့ပြင် နိုက်ဂျာရှိ အမေရိကန်တပ်ဖွဲ့ဝင်များသည် အကြမ်းဖက်မှု တိုက်ဖျက်ရေးအတွက်သာ စစ်ဆင်ရေးများ ပြုလုပ်ခွင့် ရှိသည်။ အမေရိကန်တပ်များကို လက်ခံထားသည့် နိုင်ငံ၏ ပြည်တွင်းရေးကို အမေရိကန်တပ်များ အနေဖြင့် ဝင်ရောက်စွက်ဖက်ခွင့် မရှိပေ။
နိုက်ဂျာနိုင်ငံရဲ့ မြေပုံကိုတွေ့ရစဉ်
ထိုအချက်သည် ဝါရှင်တန်အတွက် ခေါင်းခဲရမည့် အချက်ဖြစ်သည်။ အမျိုးသားလုံခြုံရေးအတွက် အရေးပေါ်ကိစ္စ ရပ်မျိုး မရှိဘဲ၊ အမေရိကန်တပ်များသည်လည်း ခြိမ်းခြောက်ခံရသည့် အခြေအနေမျိုး မဟုတ်ပါက စစ်ရေးအရ ကြားဝင်စွက်ဖက်နိုင်မည် မဟုတ်ပေ။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကင်(Antony Blinken) နှင့် ၎င်း၏လက်ထောက် နျူလန်တို့ကမူ နိုက်ဂျာတွင် ရုရှား၏ ဝဂ်နာကြေးစား စစ်သားအုပ်စုများ လှုပ်ရှားလာမည့်အရေးကို စိုးရိမ်ကြောင်း ပြောကြားခဲ့ သည်။
လက်ရှိအချိန်ထိ နိုက်ဂျာတွင် ဝဂ်နာတပ်ဖွဲ့များ မရှိသေးသော်လည်း ဝဂ်နာအုပ်စု၏ အကြီးအကဲ ယက်ဗ်ဂျီနီ ပရီဂိုဇင် (Yevgeny Prigozhin) ကမူ နိုက်ဂျာ၌ ဖြစ်ပွားခဲ့သည့် အာဏာသိမ်းမှုကို ထောက်ခံကြောင်း ပြောကြား ခဲ့ပြီး နိုက်ဂျာအတွက် ဝဂ်နာတပ်ဖွဲ့၏ ဝန်ဆောင်မှုများကို ကမ်းလှမ်းခဲ့သည်။
ဝဂ်နာတပ်ဖွဲ့ဝင်များသည် လက်ရှိတွင် မာလီ၊ ဆူဒန်၊ ဗဟိုအာဖရိက သမ္မတနိုင်ငံနှင့် လစ်ဗျားနိုင်ငံများတွင် လှုပ်ရှားနေသည်။ ထိုနိုင်ငံများအနက် မာလီသည် ECOWAS ၏ အဖွဲ့ဝင်နိုင်ငံ ဖြစ်သည်။
နိုက်ဂျာသည် အာဖရိကတွင် စစ်အင်အား အနည်းဆုံး နိုင်ငံများထဲတွင် ပါဝင်သည်။ နိုက်ဂျာလေတပ်တွင် ရုရှား လုပ် Su-25 တိုက်လေယာဉ် နှစ်စင်းနှင့် ရဟတ်ယာဉ် အနည်းငယ်သာရှိသည်။
လက်ရှိတွင် နိုက်ဂျာ၊ မာလီနှင့် ဘာကီနာဖာဆိုတို့တွင် လှုပ်ရှားနေသည့် ဂျီဟတ်အုပ်စုများရှိနေပြီး အချို့ ဂျီဟတ် အုပ်စုများသည် အယ်ကေဒါနှင့် အိုင်အက်စ် အဖွဲ့များနှင့် ဆက်နွှယ်မှုရှိသည်။
အမေရိကန်သည် ဒီမိုကရေစီနည်းကျ ရွေးကောက်ခံရသည့် အစိုးရအဖွဲ့များနှင့် ခေါင်းဆောင်များကို ထောက်ခံခဲ့ သော်လည်း အမေရိကန်၏ အမျိုးသားလုံခြုံရေးအတွက် စစ်မှန်သည့် ခြိမ်းခြောက်မှုမျိုး မဟုတ်လျှင် စစ်ရေးအရ ကြားဝင်စွက်ဖက်မှုအတွက် အကြောင်းပြချက်ပေးရန် ခက်ခဲလှသည်။
ထို့ပြင် အမေရိကန်၏ စစ်ရေးကြားဝင်မှုသည် အာဖရိကနှင့် အခြား ကမ္ဘာ့နိုင်ငံများတွင် အမေရိကန်အပေါ် ယုံကြည် လေးစားရသည့် အခြေအနေကို ဆိုးရွားစွာ ထိခိုက်စေမည်ဖြစ်သည်။
အကယ်၍ အမေရိကန်သည် ပြင်သစ်နှင့် ပူးပေါင်းပြီး စစ်ရေးအရ ကြားဝင်မည်ဆိုပါက အခြေအနေ အရပ်ရပ်ကို ပိုမိုဆိုးရွား သွားစေရုံသာ ရှိသည်။
ထို့ကြောင့် အမေရိကန် အနေနှင့် နိုက်ဂျာအရေးတွင် စစ်ရေးအရ ကြားဝင်မည်လော၊ သို့မဟုတ် နိုက်ဂျာအရေးကို အာဖရိကနိုင်ငံများကိုသာ ဖြေရှင်းခွင့်ပေးမည်လောဆိုခြင်းကို သေချာစွာ စဉ်းစားဆုံးဖြတ်ရမည် ဖြစ်သည်။
Source: Asia Times