CNI Sport News

၂၀၂၃ ခုနှစ်၊  သြဂုတ် ၁၂

၂၀၂၃-၂၄ ရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲဟာ စတင်နေပြီဖြစ်ပြီး ချန်ပီယံဖြစ်ဖို့ ခန့်မှန်းချက်တွေကလည်း ထွက်ပေါ် နေခဲ့တာ ဖြစ်ပါတယ်။ 

ရာသီသစ် မတိုင်ခင်မှာ ထိပ်တန်း အသင်းကြီးတွေအပြင်၊ အလယ်အလတ် အသင်းတွေကလည်း ပြင်ဆင်မှု ကြီးကြီးမားမား ပြုလုပ်ခဲ့တာပါ။ 

ယေဘုယျ ဆန်ဆန်ပြောရရင် ပရီးမီးယားလိဂ် ချန်ပီယံဆုကို ရယူနိုင်ဖို့အတွက် လက်ရှိအချိန်မှာ အသင်း ၂၀ စလုံး အတွက် အခွင့်အရေးရှိနေတာ ဖြစ်ပါတယ်။

ဒါပေမယ့် ပွဲစဉ်အရေအတွက် များလာတာနဲ့အမျှ ချန်ပီယံဆုကို ရယူနိုင်ဖို့အတွက် အပြိုင်အဆိုင်ဖြစ်လာတဲ့ အသင်းတွေဟာ လက်ချိုးပြီး ရေတွက်လို့ ရပါတယ်။

အဲ့ဒါကြောင့်လည်း လက်စတာအသင်း ရယူခဲ့တဲ့ နောက်ပိုင်း ချန်ပီယံဆုဟာ ထိပ်တန်းအသင်းကြီးတွေ အတွက် သာဖြစ်ပြီး အခုနောက်ပိုင်းနှစ်တွေမှာ မန်စီးတီးအသင်းကသာ ဒီဆုဖလားကို ကြီးစိုးထားတာ ဖြစ်ပါတယ်။

မန်စီးတီးအသင်းကို တွေ့ရစဉ်

အခုနှစ်အတွက်လည်း မန်စီးတီးအသင်းကပဲ ချန်ပီယံဆုရယူဖို့ ရေပန်းစားနေတာပါ။

ပရီးမီးယားလိဂ်မှာ ကစားခဲ့တဲ့ ကစားသမားဟောင်းတွေ အများအပြားရဲ့ ခန့်မှန်းချက်တွေကို ကြည့်မိခဲ့တာမှာ မန်စီးတီးအသင်းကသာ ဆုဖလားကို ဆက်ထိန်းသွားမယ်လို့ သုံးသပ်ထားကြတာ ဖြစ်ပါတယ်။

ဒါကလည်း မန်စီးတီးအသင်းရဲ့ လက်ရှိ အသင်းလူစာရင်း၊ ထွက်ခွာသွားတဲ့ ကစားသမားစာရင်းနဲ့ ပြန်လည် ဖြည့်တင်းခဲ့တဲ့ ကစားသမားစာရင်းကို ကြည့်ပြီး သုံးသပ်ကြတာ ဖြစ်နိုင်ပါတယ်။

မန်စီးတီးအသင်းကို ကြည့်ရမယ်ဆိုရင် ပြီးခဲ့တဲ့ရာသီက ဆုဖလား ၃ လုံး ရယူနိုင်ခဲ့တာမှာ အဓိက အရေးပါတဲ့ ဂန်ဒိုဂန်နဲ့ မာရက်ဇ်တို့ကို ဆုံးရှုံးခဲ့ရပေမယ့် ကိုဗာဆစ်နဲ့ ဂျီဗာဒီယောလ်တို့ကို ဖြည့်တင်းထားခဲ့တာပါ။ 

မန်စီးတီးအသင်းဟာ ဂန်ဒိုဂန် နေရာမှာ အစားထိုးဖို့ ကိုဗာဆစ်ကို ခေါ်ယူခဲ့တာဖြစ်ပြီး ခရိုအေးရှား ကစားသမား ဟာ ရီးရယ်လ်၊ ချယ်လ်ဆီးအသင်းတို့နဲ့ ချန်ပီယံလိဂ်ဖလား ရယူထားနိုင်ခဲ့တဲ့ သူဖြစ်လို့ အင်အားနည်းစရာ မရှိတာ ဖြစ်ပါတယ်။ 

နည်းပြ ဂွာဒီယိုလာဟာ ခံစစ်ပိုင်းအတွက်လည်း ဂျီဗာဒီယောလ်ကို ခေါ်ယူခဲ့လို့ ခံစစ်က ပိုတောင့်တင်း သွားခဲ့ပါ တယ်။

မာရက်ဇ်နေရာကို အစားထိုးဖို့ ကစားသမားသစ်တွေ ရှာဖွေနေပေမယ့် လက်ရှိအသင်းမှာ သူ့နေရာ အစားထိုးနိုင် တဲ့ လူငယ်ကစားသမားတွေရှိတာကြောင့် မန်စီးတီးအသင်းဟာ ကြီးကြီးမားမား ပြောင်းလဲသွားခြင်း မရှိပါဘူး။ 

မန်စီးတီးအသင်းဟာ ရာသီအစကို အနည်းငယ် အထနှေးတက်ပေမယ့် အချိန်တန်ရင် ဆုဖလားကိုင်မြှောက် နေတဲ့အတွက် ချန်ပီယံဆုကို ရယူဖို့ ရေပန်းအစားဆုံး အသင်းအဖြစ် ရှိနေတာပါ။

အာဆင်နယ်အသင်းကို တွေ့ရစဉ်

မန်စီးတီးအသင်းရဲ့ အနောက်မှာ ချန်ပီယံဖြစ်ဖို့ ရေပန်းအစားဆုံး ဒုတိယနေရာမှာ ရှိနေတာက အာဆင်နယ် အသင်းဖြစ်ပါတယ်။ အာဆင်နယ်အသင်းဟာ ပြီးခဲ့တဲ့ရာသီက ဆုဖလားရယူဖို့ နီးစပ်ခဲ့တဲ့ အနေအထားကနေ လက်လွှတ်ခဲ့ရတဲ့ အမှားတွေကို ပြန်လည်ပြင်ဆင်ပြီး ရာသီသစ်ကို အားထည့်ထားတာပါ။ 

အာဆင်နယ်အသင်း ခေါ်ယူခဲ့တဲ့ ဒီကလန်ရိုက်စ်၊ တင်ဘာနဲ့ ဟာဗက်ဇ်တို့ဟာ တကယ်ကို ကောင်းမွန်တဲ့ ကစားသမားတွေဖြစ်ပြီး အသင်းလိုအပ်နေတဲ့ နေရာတွေနဲ့ ကွက်တိကျနေတာ ဖြစ်ပါတယ်။ 

အာဆင်နယ်အသင်းရဲ့ စွမ်းဆောင်ရည် ဘယ်လောက် ကောင်းမွန်လာလဲဆိုရင် မန်စီးတီးအသင်းနဲ့ ကွန်မြူနတီ ဒိုင်း ပွဲစဉ်ကို ကြည့်ပြီး သိနိုင်ပါတယ်။ 

ကစားသမားသစ်တွေနဲ့ အဟောင်းတွေဟာ အကောင်းဆုံး တွဲဖက်ကစားနိုင်ခဲ့ပြီး နည်းပြ အာတီတာ ပုံဖော်ခဲ့တဲ့ ကစားကွက်အတိုင်း အံ့ဝင်ခွင်ကျကစားကာ မန်စီးတီးအသင်းကို ဒုက္ခပေးနိုင်ခဲ့တာပါ။ 

အရင် အာဆင်နယ်လို မဟုတ်တော့ဘဲ ပြောင်းလဲလာတဲ့ ကစားပုံတွေ၊ စိတ်ဓါတ်တွေနဲ့ နိုင်လိုစိတ်တွေကြောင့် လည်း ဂန်းနားတို့ဟာ ပရီးမီးယားလိဂ် ဆုဖလားရယူနိုင်ဖို့ ဒုတိယရေပန်း အစားဆုံးနေရာမှာ ရှိနေတာဖြစ်ပါတယ်။

အချက်အလက်တွေအရ ယူနိုက်တက်အသင်းဟာ မန်စီးတီး၊ အာဆင်နယ် အသင်းတို့ရဲ့နောက် တတိယရေပန်း အစားဆုံး အသင်းအဖြစ် ရပ်တည်နေခဲ့တာပါ။ 

ယူနိုက်တက်အသင်းကို တွေ့ရစဉ်

ယူနိုက်တက်အသင်းဟာ ပြီးခဲ့တဲ့ရာသီက နည်းပြ အဲရစ်တန်ဟတ် လက်အောက်မှာ အကောင်းဆုံးပုံစံရခဲ့ပြီး ဒါကို အခုနှစ်ရာသီမှာလည်း ဆက်ပြီး သယ်ဆောင်နိုင်ဖို့ လုပ်ဆောင်နေတာ ဖြစ်ပါတယ်။ 

ယူနိုက်တက်အသင်းဟာ ရာသီသစ်မတိုင်ခင် အသင်းရဲ့ဂိုးပေါက်ကို ဆယ်စုနှစ်ကျော် တာဝန်ယူခဲ့တဲ့ ဂိုးသမား ဒီဂီယာကို လက်လွှတ်ခဲ့သလို အီလန်ဂါနဲ့ တဲလက်စ်တို့ကိုလည်း ရောင်းချခဲ့တာပါ။ 

ဒါ့အပြင် မက်ဂွဲယား၊ ဗန်ဒီဘိခ်၊ ဖရက်ဒ်တို့ကိုလည်း ရောင်းချနိုင်ဖို့ လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

မန်ချက်စတာကလပ်ဟာ ကွင်းလယ်အတွက် မေဆန်မောင့်၊ ဂိုးသမား နေရာအတွက် အိုနာနာနဲ့ တိုက်စစ်မှူး နေရာအတွက် ဟော့ဂျ်လန်းတို့ကို ခေါ်ယူခဲ့တာပါ။

ယူနိုက်တက်အသင်းဟာ အပြောင်းအရွှေ့ မပိတ်ခင်မှာ နောက်ထပ် ကစားသမားတွေကို ခေါ်ယူသွားဖို့ ရှိပေမယ့် ကစားသမားတွေကို အရင်ရောင်းချဖို့ လုပ်ဆောင်နေတာ ဖြစ်ပါတယ်။ 

ယူနိုက်တက် အသင်းအနေနဲ့ ပရီးမီးယားလိဂ်ဖလားကို ရယူချင်တယ်ဆိုရင် မနှစ်ကလို အသင်းကြီးတွေနဲ့ ကစားခဲ့ တဲ့ အဝေးကွင်းပွဲတွေမှာ ရလဒ်မကောင်းတာနဲ့ တိုက်စစ်ပိုင်းက ဂိုးသွင်းခွင့်တွေကို အသုံးချနိုင်ဖို့ လိုအပ်နေတာပါ။

ဒီအချက်တွေကို ပြင်ဆင်နိုင်ခဲ့ရင် ယူနိုက်တက်အသင်းဟာ ချန်ပီယံဆုကို စိန်ခေါ်နိုင်ဖို့ ရှိနေပါတယ်။

ပြီးခဲ့တဲ့ရာသီက ချန်ပီယံလိဂ်ဝင်ခွင့်နဲ့ပါ လွဲချော်ခဲ့တဲ့ လီဗာပူးလ်အသင်းကတော့ ချန်ပီယံဖြစ်ဖို့ ရေပန်းအစားဆုံး စတုတ္တနေရာမှာ ရပ်တည်နေတာပါ။ 

လီဗာပူးလ်အသင်းဟာ ရာသီသစ် မစခင်ကတည်းက အဓိက ကစားသမား အများအပြားကို ဆုံးရှုံးခဲ့ရပြီး ဒီထဲမှာ ကွင်းလယ် ကစားသမားတွေဖြစ်တဲ့ မီလ်နာ၊ ဟန်ဒါဆန်နဲ့ ဖာဘင်ဟိုတို့လို အရေးပါတဲ့ ကစားသမားတွေ ပါဝင် သွားခဲ့တာ ဖြစ်ပါတယ်။ 

ကစားသမား ပြန်လည်ဖြည့်တင်းမှု အပိုင်းမှာ ကွင်းလယ် ကစားသမားတွေဖြစ်တဲ့ မက်အယ်လစ္စတာ၊ ဆာဘော့ဇ် လိုင်းနဲ့ ကိုင်စီဒိုတို့ကို ခေါ်ယူခဲ့တာပါ။

လီဗာပူးလ်အသင်းရဲ့ဒီရာသီ အပြောင်းအရွှေ့ လှုပ်ရှားမှုတွေအပေါ် ဝေဖန်မှုတွေရှိခဲ့ပေမယ့် ချန်ပီယံဆုအတွက် စိန်ခေါ်နိုင်မယ်ဆိုတာ သံသယရှိစရာ မရှိပါဘူး။ 

ဒါပေမယ့် မန်စီးတီး၊ အာဆင်နယ်နဲ့ ယူနိုက်တက်အသင်းတို့နဲ့ နှိုင်းယှဉ်ရင်တော့ လီဗာပူးလ်အသင်းဟာ လက်ရှိ အချိန်မှာ အနည်းငယ် အားနည်းနေတာတော့ အသေအချာပါပဲ။

ပြီးခဲ့တဲ့ရာသီက ရလဒ်ဆိုးတွေနဲ့အတူ အမှတ်ပေးဇယား အဆင့် ၁၂ နေရာမှာ ရပ်တည်နိုင်ခဲ့တဲ့ ချယ်လ်ဆီးအသင်း ကတော့ ဒီရာသီမှာ နည်းပြသစ် ပိုချက်တီနိုကို ခန့်အပ်ပြီး အသင်းကို ပြန်လည်တည်ဆောက်နေတာ ဖြစ်ပါတယ်။

ချန်ပီယံလိဂ်ဖလား ရယူနိုင်ခဲ့တဲ့ အဓိက ကစားသမား အများအပြားကို ထွက်ခွာခွင့်ပေးခဲ့ပြီး နည်းပြပိုချက်တီနိုဟာ ကစားသမားသစ်တွေကို ခေါ်ယူကာ အသင်းမှာရှိနေတဲ့ ကစားသမားဟောင်းတွေနဲ့ တွဲဖက်ပြီး သူလိုချင်တဲ့ ပုံစံ အတိုင်း ရအောင် လုပ်ဆောင်နေတာကို မြင်တွေ့ရပါတယ်။

ချယ်လ်ဆီးအသင်းဟာ ဒီရာသီ ဥရောပပြိုင်ပွဲ မယှဉ်ပြိုင်ရတာက အပေါ်က အသင်း ၄ သင်းထက် အားသာချက် ရှိပေမယ့် ချန်ပီယံဆုရယူနိုင်ဖို့ ရေပန်းစားတဲ့ အနေအထားမှာတော့ မန်စီးတီး၊ အာဆင်နယ်၊ ယူနိုက်တက်နဲ့ လီဗာပူးလ်အသင်းတို့ရဲ့ အနောက်မှာသာ ရပ်တည်နေတာ ဖြစ်ပါတယ်။ 

၉ လကျော်ကြာ ယှဉ်ပြိုင်ရမယ့် ပရီးမီးယားလိဂ် ပြိုင်ပွဲကြီးမှာ လက်ရှိချန်ပီယံ မန်စီးတီးအသင်းကပဲ ရေပန်းစား နေတဲ့အတိုင်း ချန်ပီယံဆုကို ဆက်ထိန်းနိုင်မလား၊ တခြားအသင်းတွေက မန်စီးတီးအသင်းကို ကျော်ဖြတ်ပြီး ချန်ပီယံဆုကို ရယူသွားနိုင်မလားဆိုတာ စောင့်ကြည့်ရတော့မှာလည်း ဖြစ်ပါတယ်။