CNI Sport News
၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၉
အာဂျင်တီးနားအသင်းခေါင်းဆောင် မက်ဆီရဲ့ ဖခင်ဖြစ်သူ ဂျော့ချ်မက်ဆီဟာ ကျန်းမာရေး မကောင်းဖြစ်နေ တယ်လို့ မိသားစုက အတည်ပြု ထုတ်ပြန်ခဲ့ပါတယ်။
မကြာသေးမီက မက်ဆီရဲ့ဖခင် ကွယ်လွန်သွားပြီဆိုတဲ့ ကောလာဟလတွေ အပါအဝင် သတင်း အများအပြား ထွက်ပေါ်ခဲ့တဲ့အပေါ် သူ့ရဲ့မိသားစုက ကြေညာချက် ထုတ်ပြန်ပြီး ဖြေရှင်းလာခဲ့တာပါ။
ဒါပေမယ့် အသက် ၆၈ နှစ်အရွယ်ရှိ ဂျော့ချ်မက်ဆီ ခံစားနေရတဲ့ ရောဂါကို မိသားစုက ပြောခဲ့ခြင်းမရှိပါဘူး။
“သူဟာ အခုဆေးဘက်ဆိုင်ရာ ကြီးကြပ်မှုအောက်မှာရှိနေပြီး အခြေအနေတွေ ကောင်းမွန်စွာ တိုးတက်လာပါ တယ်။ ဂျော့ချ်ရဲ့ အခြေအနေနဲ့ပတ်သက်တဲ့ တိကျပြီး ယုံကြည်စိတ်ချရတဲ့ အချက်အလက်တွေကို သူ့ရဲ့အနီးစပ် ဆုံး မိသားစုဝင်တွေကသာ ရရှိကြောင်း ရှင်းလင်းချင်ပါတယ်။ ဒါကြောင့် မိသားစုကနေ မဖော်ပြတဲ့ ဘယ်လို အကြောင်းအရာကမှ မှန်ကန်တယ်လို့ မယူဆင့်ပါဘူး။ သူ့ရဲ့နောက်ဆုံး အခြေအနေတွေကို မိသားစုက သင့် လျော်တဲ့ ချန်နယ်လ်တွေကနေ ချက်ချင်းအသိပေးမယ်” လို့ မက်ဆီရဲ့မိသားစုက ထုတ်ပြန်ခဲ့တဲ့ ကြေညာချက် ထဲမှာ ဖော်ပြထားတာပါ။

မက်ဆီနဲ့ သူ့ရဲ့ဖခင်ကို တွေ့ရစဉ်
မက်ဆီဟာ အာဂျင်တီးနားအသင်းက အယ်လ်ဂျီးရီးယားအသင်းကို ၃ ဂိုး-ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ ကမ္ဘာ့ဖလား အဖွင့်ပွဲမှာ ပထမ ဂိုးသွင်းယူပြီးနောက် ငိုကြွေးနေခဲ့တာ ဖြစ်ပါတယ်။
မက်ဆီက သူငိုကြွေးခဲ့တာဟာ ဘောလုံးနဲ့ လုံးဝ မသက်ဆိုင်တဲ့ အရာတစ်ခုကြောင့် ဖြစ်တယ်လို့ ပွဲအပြီးမှာ ပြောခဲ့တာပါ။
ဒါ့အပြင် မက်ဆီက သူဟာ ခက်ခဲတဲ့နေ့ရက်တွေကို ဖြတ်သန်းခဲ့ရပေမယ့် သူ့ဘေးနားမှာ အမြဲတမ်းရှိခဲ့တဲ့ အာဂျင်တီးနားအသင်းနဲ့ သူ့ရဲ့အသင်းဖော်တွေကို ကျေးဇူးတင်တယ်လို့ ပြောခဲ့ပါတယ်။
ဂျော့ချ်ဟာ သားဖြစ်သူ မက်ဆီရဲ့ ဘောလုံး ကစားသမားဘဝမှာ အဓိက အခန်းကဏ္ဍကနေ ပါဝင်ခဲ့ပြီး သူ့ရဲ့ အေးဂျင့်အဖြစ် ဆောင်ရွက်ခဲ့သလို ကွင်းပြင်ပမှာရှိတဲ့ စီးပွားရေးလုပ်ငန်းတွေကိုလည်း စီမံခန့်ခွဲခဲ့တာ ဖြစ်ပါတယ်။
Source: ESPN
