CNI Article 
 
၂၀၂၃ ခုနှစ်၊ သြဂုတ် ၅
 
မြန်မာနိုင်ငံသည် တိုင်းရင်းသား လူမျိုးပေါင်းစုံ နေထိုင်သော တိုင်းပြည် ဖြစ်သည့်တိုင် ရှမ်းနီတိုင်းရင်း သားများကိုတော့ သိရှိခြင်း နည်းလှသည်။
 
ရှမ်းနီတိုင်းရင်းသားများသည် ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်းရှိ ချင်းတွင်းမြစ်ဝှမ်းတွင် နေထိုင်ကြသည့် ရှမ်းတိုင်းရင်းသားမျိုးနွယ်စုကြီး ဖြစ်သည်။ 
 
ထိုဒေသများသို့ ရှမ်းနီတိုင်းရင်းသားများ အခြေချနေထိုင်ခဲ့ကြသည်မှာ နှစ်ကာလများစွာ ကြာရှည်ခဲ့ပြီ ဖြစ်သည်။ 
 
သမိုင်းကြောင်း တစ်လျှောက်တွင် မြို့၊ ရွာ တည်ထောင်၍ စတင်နေထိုင်ခဲ့ကြရာမှ အစပြု၍ မြို့ပြနိုင်ငံ ငယ်များ ထူထောင်ခြင်း၊ မြို့ပြနိုင်ငံငယ်များစုပေါင်း၍ နိုင်ငံကြီးတစ်ခုအဖြစ် ထူထောင်ခြင်း စသည့် အကောင်း လောကဓံများဖြင့် စံစားခဲ့ရသကဲ့သို့ လက်အောက်ခံ ပဏ္ဏာဆက် ပြည်ထောင်များအဖြစ် ကျရောက်ခြင်း၊ အခြား သော ပြည်ထောင်များအတွင်း သွတ်သွင်း၍ နယ်မြေများဆုံးရှုံးရခြင်းဆိုသော အဆိုးလောကဓံများလည်း ခံစားခဲ့ရသည့် လူမျိုးဟု ဆို၍လည်း ရနိုင်ပါသည်။ 
 
ရှေးယခင် ရှမ်းနီ (ခမ်းတီးရှမ်း) စစ်သူကြီးများကိုတွေ့ရစဉ်
 
အဆိုပါ ရှမ်းနီတိုင်းရင်းသားများနှင့် ပတ်သက်သည့် သမိုင်းမှတ်တမ်းများကို ဖော်ထုတ်၍ သုတေသနပြု ရာတွင် ရှေးဟောင်းရှမ်းစာဖြင့် ရေးသားထားသည့် ပုရပိုက်များ၊ ရှေးဟောင်း တရုတ်နန်းတွင်း မှတ်တမ်းများ၊ မြန်မာ့သမိုင်း ဆိုင်ရာ မှတ်တမ်းများနှင့် အင်္ဂလိပ်ခေတ် မှတ်တမ်းများကို အခြေခံ၍ လေ့လာမှသာ ပြည့်စုံနိုင်မည် ဖြစ်သည်။
 
ထို့ကြောင့် သမိုင်းမှတ်တမ်းများထဲက ရှမ်းနီတိုင်းရင်းသားတို့၏ အကြောင်းကို လေ့လာ ဖော်ထုတ်ရာတွင် အခြေခံ ဖြစ်သည့် အမည်နာမဆိုင်ရာ ဖွင့်ဆိုမှုများကစ၍ ကြိုးစားဖော်ထုတ်တင်ပြလိုပါသည်။
 
မြန်မာဘာသာစကားဖြင့် “ရှမ်း”ဟု ရည်ညွှန်းခေါ်ဆိုခြင်းခံရသည့် တိုင်းရင်းသားမျိုး နွယ်စုကြီးသည် မိမိ ကိုယ်ကိုယ် “TAI- တိုင်း”ဟူ၍လည်းကောင်း၊ “DAI- ဒိုင်”ဟူ၍လည်းကောင်း၊ “THAI-ထိုင်း”ဟူ၍လည်း ကောင်း အသီးသီး ခေါ်ဆိုကြပါသည်။ 
 
ရှမ်းတိုင်းရင်းသားတို့၏ နေထိုင်ပျံ့နှံ့ရာ ဒေသများကို လေ့လာကြည့်ရာတွင် တရုတ်ပြည် အနောက် တောင်ပိုင်း၊ ဗီယက်နမ်၊ လာအို၊ ထိုင်း၊ ကမ္ဘောဒီယား၊ မြန်မာနှင့် အိန္ဒိယနိုင်ငံ၏ အရှေ့မြောက်ပိုင်း အာသံ၊ အရူနာ ချာပရာဒေ့ရှ်ပြည်နယ်တို့တွင် နေထိုင်လျက်ရှိကြသည်ကို တွေ့ရပါသည်။ 
 
ဆရာစိုင်းအောင်ထွန်း၏ History of the Shan State(From Its Origins to 1962)ကျမ်းတွင် “ရှမ်း တိုင်းရင်းသားများကို ၎င်းတို့၏ ဝတ်စားဆင်ယင်မှု အရောင်များ၊ သွားအရောင်များ၊ မင်ကြောင် ထိုးထားသည့် အ‌ရောင်များ အရ ရည်ညွှန်းခေါ်ဆိုသည့် အမည်အမျိုးမျိုးဖြင့် လူသိများသည်။ တစ်ခါတစ်ရံတွင် ၎င်းတို့နေထိုင်ရာ ချောင်းများ၊ မြစ်များ၊ အင်းအိုင်များ၊ သစ်တောများ၊ လွင်ပြင်များ၊ တောင်ကုန်းတောင်တန်းများ၊ ချိုင့်ဝှမ်းဒေသများ၏ အမည်များဖြင့် ရည်ညွှန်း ခေါ်ဝေါ်ကြသည်” ဟူ၍ ဖော်ပြထားပါသည်။
 
ထိုဖော်ပြချက်အရ တိုင်းနိုင်း၊ တိုင်းဒိုင်း၊ တိုင်းလိုင်၊ တိုင်းခန္တီး၊ တိုင်းနေ၊ တိုင်းမာဝ်း စသည့် ရှမ်းမျိုးနွယ်စု အမည်များသည် ဝတ်စားဆင်ယင်မှုအရ၊ နေထိုင်ရာဒေသ၊ ရေ၊ မြေအရ ရည်ညွှန်းခေါ်ဆိုကြခြင်း ဖြစ်ကြောင်းကို လေ့လာ သိရှိရပါသည်။ 
 
ထို့အပြင် ရှမ်းမျိုးနွယ်စုကြီးတွင် အထက်ပါ ရည်ညွှန်းချက်များအရ မျိုးနွယ်စုခွဲများ ရှိနေသော်လည်း ၎င်းမျိုးနွယ်စုခွဲများကို မည်သည့်လူမျိုး ဖြစ်သနည်းဟု မေးကြည့်ပါလျှင် “TAI- တိုင်း”၊ “DAI- ဒိုင်”၊ “THAI-ထိုင်း” ဟူ၍လည်းကောင်း၊ “ KUN TAI- ကွန်းတိုင်း”၊ “KUN DAI- ကွန်းဒိုင်”၊ “HKUN THAI-ခွန်ထိုင်း”ဟူ၍လည်းကောင်း တူညီစွာ ဖြေဆိုကြသည်ကိုလည်း တွေ့ရမည် ဖြစ်ပါသည်။
 
ထိုနေရာတွင် “TAI- တိုင်း”၊ “DAI- ဒိုင်”၊ “THAI-ထိုင်း”တို့၏ အဓိပ္ပာယ်ကို သိရှိရန် လိုအပ်ပါသည်။ 
 
ဆရာတော်အရှင်သုခမိန္ဒ(တန့်ယန်း)၏ ရှမ်းတိုင်းရင်းသားများ၏ ယုံကြည်ကိုးကွယ်မှုနှင့် ဓလေ့ထုံးစံများကျမ်း တွင် “TAI- တိုင်း”၊ “DAI- ဒိုင်”၊ “THAI-ထိုင်း” တို့၏ အဓိပ္ပာယ်ကို “ယဥ်ကျေးမှု ထွန်းကားသောလူ(Social Man)၊ နိုင်ငံသား(Native)၊ လွတ်လပ်ခြင်း၊ လွတ်မြောက်ခြင်း” ဟူ၍ ဖော်ပြထားပါသည်။ 
 
ဆရာတော်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်သည် မြေပြင်ကွင်းဆင်း လေ့လာချက်များနှင့် များစွာကိုက်ညီမှု ရှိသည်ကို တွေ့ရသည်။ 
 
ဥပမာအားဖြင့်- ရှမ်းစကားတွင် မိုးကောင်းက ရှမ်းလူမျိုး၊ ဟုမ္မလင်းက ရှမ်းလူမျိုးဟူ၍ လူကို အရပ်ဒေသနှင့် တွဲဖက်၍ ရည်ညွှန်းခေါ်ဆိုသည့်အခါ “TAI MONG KWANG, TAI HOMALIN” ဟူ၍ ခေါ်ဝေါ်ကြသည်ကို တွေ့ရပါ သည်။ 
 
ထို့အပြင် ရှမ်းတိုင်းရင်းသားများ၏ ရှေးမှတ်တမ်းများတွင် နိုင်ငံသားဟု ညွှန်းဆို ခေါ်ဝေါ်လိုသည့်အခါ နိုင်ငံအမည် နှင့် တွဲဖက်၍ မိုင်းမောနိုင်ငံသားကို “TAI MONG MAO”၊ မိုးညှင်းနိုင်ငံ သားကို “TAI MONG YANG”၊ ဇင်းမယ် (ချင်းမိုင်)နိုင်ငံသားကို “TAI CHIANG MAI”ဟူ၍ ခေါ်ဝေါ်ကြသည်ကို တွေ့ရပါသည်။
ရှမ်းနီတိုင်းရင်းသားများ၏ ရိုးရာအိမ်နတ် ပူဇော်ပသခြင်းကိုတွေ့ရစဉ်
 
သို့ဖြစ်၍ “TAI- တိုင်း”၊ “DAI- ဒိုင်”၊ “THAI-ထိုင်း”တို့သည် ရှမ်းတိုင်းရင်းသားများက မိမိကိုယ်ကိုယ် ရည်ညွှန်း ခေါ်ဝေါ်သည့် အမည်ဖြစ်ပြီး “ရှမ်း”ဆိုသည်မှာ အခြားလူမျိုးများက ရှမ်းတိုင်းရင်းသားများကို ခေါ်ဝေါ်သည့် အမည်ဖြစ်သည်ဟု နားလည်ရမည် ဖြစ်ပါသည်။  
 
“ရှမ်း”ဟူသော အမည်သည် အခြားလူမျိုးများ ခေါ်ဝေါ်သည့် စကားဟုဆိုလျှင် မည်သည့် ဘာသာစကား ရင်းမြစ် က ဆင်းသက်လာသည်ကို ဆက်လက်လေ့လာရန် လိုအပ်မည်ဖြစ်ပါသည်။ 
 
ဤတွင် ဆရာတော်ဦးခေမိန္ဒက မိုးမိတ် ရာဇဝင်တော်သစ်ကျမ်းတွင် “သာမိ ဣဿရိယ တီတိ သာမ။ သာမိ- အရှင်သခင်အဖြစ်ဖြင့်၊ ဣဿရိယ- အစိုးရတတ်၏။ ဣတိတသ္မာ- ထို့ကြောင့်၊ သာမိ- သာမိမည်၏” ဟူ၍ ဝိဂြိုလ်ပြု၍ ဖွင့်ဆိုပြထားပါသည်။
 
ထိုဖွင့်ဆိုချက်အရ ဆရာတော်သည် ရှမ်းဆိုသည်မှာ အရှင်သခင်အဖြစ် အုပ်ချုပ်တတ်သည့် ယဉ်ကျေးမှု အဆင့် အတန်း မြင့်မားမှုရှိသော လူမျိုးကြီးဖြစ်သည်ကို ပါဠိဘာသာဖြင့် ဖွင့်ဆိုပြခြင်း ဖြစ်ပါသည်။ 
 
ဤဖွင့်ဆိုချက်သည် ရှမ်းတိုင်းရင်းသားတို့၏ နန်စောနိုင်ငံ(NAN CHAO)၊ မိုင်းမောနိုင်ငံ(MONG MAO)တို့အပြင် မိုးကောင်း၊ မိုးညှင်း၊ မိုးမိတ်၊ ဗန်းမော်၊ ကလေး၊ သောင်သွပ်၊ ဝန်းသို၊ သိန္နီ၊ အုန်းပေါင်(သီပေါ)၊ ညောင်ရွှေ၊ မိုးနဲ၊ မိုးဗြဲ၊ ကျိုင်းတုံ စသည့် ပြည်ထောင်ငယ်များ တည်ထောင်အုပ်ချုပ် စိုးမိုးခဲ့ခြင်းကို ဖော်ညွှန်းနိုင်ပေသည်။
 
ထိုသာမဆိုသည့် ပါဠိစကားကနေ “အသမ ၊ သျာမ၊ သျံ၊ သျှမ်၊ သျှမ်း” စသဖြင့် အဆင့်ဆင့် ပြောင်းလဲလာခဲ့သည်။ 
 
ပုဂံခေတ် ကျောက်စာများတွင် “သျံ”ဟူ၍ ရေးထိုးခဲ့သည်ကို တွေ့ရပြီး ကုန်းဘောင်ခေတ်၊ စိန္တကျော်သူဦးသြ၏ ကဝိလက္ခဏသတ်ပုံကျမ်းတွင် “ကျိုင်းတောင်း၊ ကျိုင်းတုံ၊ မြို့မိုင်းလုံ၊ မော်တုံရှမ်းတို့ကျေး။ ရှမ်းမင်းဇလုံ၊ ရဲးရည်ယုံ၊ တိတ္ထုံ နေ့မရွေး” ဟူသော ဖော်ပြချက်အရ ကုန်းဘောင်ခေတ်ကစ၍ မျက်မှောက်ခေတ်တိုင် ရှမ်းဟု ပြောင်းလဲ၍ ရေးသား လာခဲ့သည်ကို တွေ့ရှိရသည်။
 
သို့ဖြစ်၍ ရှမ်းဟူသော စကားသည် သာမိဆိုသည့် ပါဠိဘာသာစကားမှ ပြောင်းလဲ ခေါ်ဆိုလာသည့် ဝေါဟာရဖြစ်၍ အခြားသော လူမျိုးများက ရှမ်းတိုင်းရင်းသားများကို ခေါ်ဆိုသည့် အမည်ဖြစ်သည်ဟု ဆိုနိုင်ပါ သည်။ 
 
မြန်မာအဘိဓာန်တွင်မူ ရှမ်းဟူသည့် ဝေါဟာရကို “ထိုင်းတရုတ်အုပ်စုဝင် ဘာသာစကား တစ်မျိုးကို ပြောဆို သော မြန်မာတိုင်းရင်းသားတစ်မျိုး။ (ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်နှင့် ချင်းတွင်းမြစ် အထက်ပိုင်း ဒေသတို့တွင် အများအား ဖြင့် နေထိုင်သည်။)”ဟူ၍ ဖွင့်ဆိုထားသည်ကို တွေ့ရပါသည်။ 
 
မြန်မာအဘိဓာန်၏ ဖွင့်ဆိုချက်တွင် ဘာသာစကားအုပ်စုနှင့် နေထိုင်ရာဒေသကို အခြေခံ၍ ဖွင့်ဆိုထားခြင်း ဖြစ်ပါ သည်။ ရှမ်းတိုင်းရင်းသား မျိုးနွယ်စုကြီးသည် ဘာသာဗေဒနှင့် သဒ္ဒဗေဒ ပညာရှင်များ၏ လေ့လာချက်အရ ထိုင်း- တရုတ်အုပ်စုဝင် ဘာသာစကားကို ပြောဆိုကြသဖြင့် ရေးသားသည့် စာပေပုံသဏ္ဌာန်ချင်း မတူညီစေကာမူ ပြော ဆိုသည့် ဘာသာစကားမှာ အများအားဖြင့် တူညီကြောင်း တွေ့ရှိရသည်။ 
 
ဥပမာ- အခြေခံစားသောက်မှုဆိုင်ရာ ဝေါဟာရများ၊ ရေတွက်မှုဆိုင်ရာ ဝေါဟာရများ၊ နေထိုင်မှုနှင့် ဝတ်စား ဆင်ယင်မှုဆိုင်ရာ ဝေါဟာရများသည် ရှမ်းတိုင်းရင်းသားမျိုးနွယ်စုများအကြားတွင် ကွဲပြားမှု မရှိလှသည်ကို တွေ့ရပါသည်။  
မိမိအနေဖြင့် မြန်မာအဘိဓာန်ပါ နေထိုင်ရာဒေသကို အခြေခံထားသည့် ဖွင့်ဆိုချက်အရ ကချင်ပြည်နယ် နှင့် ချင်းတွင်းမြစ် အထက်ပိုင်းဒေသတို့တွင် အများအားဖြင့် နေထိုင်သည့် ရှမ်းတိုင်းရင်းသား မျိုးနွယ်စုများထဲမှ ရှမ်းနီတိုင်းရင်းသား မျိုးနွယ်စုကြီး၏ အကြောင်းကို အထူးပြုတင်ပြလိုပါသည်။
 
ရှမ်းနီတိုင်းရင်းသား မျိုးနွယ်စုကြီးသည် အထက်က ပညာရှင်များ ဖော်ပြထားသည့် အချက်များနှင့် ကိုက်ညီသည့် ထိုင်း-တရုတ် ဘာသာစကား ပြောဆိုသည့် ရှမ်းတိုင်းရင်းသား အစုဝင်ပင် ဖြစ်ပါသည်။
 
မြန်မာစကားဖြင့် “ရှမ်းနီ”ဟု ရည်ညွှန်း ခေါ်ဆိုသော်လည်း ၎င်းတို့သည် နေထိုင်ရာ ဒေသကိုလိုက်၍ မိမိ ကိုယ်ကိုယ် “TAI NENG- တိုင်းနိုင်း၊ “TAI DENG- တိုင်းဒိုင်း”၊ “TAI LENG- တိုင်းလိုင်”ဟု ဗျည်းသံပြောင်းလဲ၍ ခေါ်ဆိုကြသည်ကို တွေ့ရပါသည်။
 
ယေဘုယျအားဖြင့် ချင်းတွင်းမြစ်ဝှမ်းအထက်ပိုင်း ဖောင်းပြင်မြို့နယ်နှင့် ဗန်းမောက်မြို့နယ်၊ ပင်လည်ဘူး မြို့နယ်၊ ဝန်းသိုမြို့နယ်၊ ကောလင်းမြို့နယ်၊ ကသာမြို့နယ်၊ ထီးချိုင့်မြို့နယ်၊ အင်းတော်မြို့နယ်တို့တွင် “TAI DENG - တိုင်းဒိုင်း”ဟူ၍လည်းကောင်း၊ ချင်းတွင်းမြစ်ဝှမ်းအထက်ပိုင်း ဟုမ္မလင်းမြို့နယ်၊ ခန္တီးမြို့နယ် အပါအဝင် ကချင် ပြည်နယ် ဖားကန့်မြို့နယ်၊ တနိုင်းမြို့နယ်၊ မိုးညှင်းမြို့နယ်၊ အင်းတော်ကြီးဒေသ၊ မိုးကောင်းမြို့နယ်၊ ကာမိုင်းနယ် နှင့် ဟိုပင်နယ်တို့တွင် “TAI NENG- တိုင်းနိုင်း”ဟူ၍လည်းကောင်း၊ မြစ်ကြီးနားမြို့နယ်၊ ဝိုင်းမော်မြို့နယ်၊ ဗန်းမော် မြို့နယ်၊ မံစီမြို့နယ်၊ မိုးမောက်မြို့နယ်တို့တွင် “TAI LENG- တိုင်းလိုင်”ဟူ၍လည်းကောင်း ခေါ်ဆိုကြသည်ကို တွေ့ ရမည် ဖြစ်ပါသည်။ 
 
မည်သို့ပင်ဖြစ်စေကာမူ “NENG- နိုင်း”၊ “DENG- ဒိုင်း”၊  “LENG- လိုင်”တို့သည် “အနီရောင်”ကိုသာ ရည်ညွှန်း ခေါ်ဆိုခြင်းဖြစ်၍ ၎င်းအမည်အားလုံးမှာ ရှမ်းနီတိုင်းရင်းသား မျိုးနွယ်စုဝင်များကိုသာ ညွှန်းဆိုသည်ဟု ဆိုနိုင်ပါသည်။ 
 
ရှမ်းနီတိုင်းရင်းသားများသည် ယေဘုယျအားဖြင့် ဗမာဆန်သော ရှမ်းလူမျိုးများဖြစ်သည်။ ဗမာဆန်သည့် ဓလေ့များရှိသည်ဟု ဆိုသော်လည်း မြေပြင်ကွင်းဆင်း သုတေသနပြုရာတွင် ထိုအချက်များသည် အပေါ်ယံအမြင် လောက်သာရှိသည်ကို တွေ့ရှိပါသည်။
 
အတွင်းကျကျ လေ့လာရာတွင် ရှမ်းနီတိုင်းရင်းသားတို့၏ နေထိုင်မှုစနစ်သည် “ယီ၊ စိန်၊ ဝမ်၊ လီ”စသည့် တရုတ်လူမျိုးတို့၏ မျိုးရိုးအမည်ထားသည့် စနစ်နှင့် တူညီသော စနစ်မျိုးရှိသည်ကို တွေ့ရပေသည်။ မျိုးရိုးစနစ် တွင် အဆင့်အတန်းအရ မျိုးရိုးအမည်ရှိသကဲ့သို့၊ နေထိုင်ရာ ဒေသအရနှင့် အလုပ်အကိုင်အရလည်း  မျိုးရိုးအမည် ရှိပေသည်။ 
 
ထိုမျိုးရိုး အမည်များသည် အိမ်တွင်ထားရှိသည့် ခေါင်တိုင်စင်နတ် (ဘိုးဘေးဆိုင်ရာနတ်)နှင့် ထပ်တူ ဖြစ်သည်ကို တွေ့ရပါသည်။ 
 
ဒေသချင်းကွာလှမ်း၍ တစ်ဦးနှင့်တစ်ဦး မသိရလောက်အောင် ဖြစ်နေစေကာမူ ခေါင်တိုင်စင်နတ် (ဘိုးဘေးဆိုင်ရာနတ်)ကို ပသပုံချင်း တူညီပါက အမျိုးအရင်းဟု သတ်မှတ်သည့် စနစ်သည် ယခုတိုင်ပင် ခိုင်မာစွာ တည်ရှိနေသေးသည်။ 
 
ထိုခေါင်တိုင်စင်နတ်(ဘိုးဘေးဆိုင်ရာနတ်) အား ပသသည့်ပုံစံကိုကြည့်၍ ၎င်းအိမ်ရှိ လူများ၏ မျိုးရိုးသည် မည်သည့် အရပ်ဒေသ(သို့မဟုတ်) ရှေးကရှိခဲ့သည့် မည်သည့် ရှမ်းပြည်ထောင်က ဆင်းသက်လာသည်ကိုပင် အလွယ်တကူ သိရှိနိုင်သည်အထိ အတိအကျ ဖော်ထုတ်နိုင်ပေသည်။ 
 
မန္တလေးမြို့တွင်ပထမဆုံးအကြိမ်ကျင်းပသည့် ရှမ်းသင်္ကြန်မြင်ကွင်း
 
ရှမ်းနီတိုင်းရင်းသားတို့၏ မျိုးရိုးအမည်ကို လေ့လာရာတွင် တော်ဝင်မင်းမျိုးမင်းနွယ်နှင့် အုပ်ချုပ်ရေးအရ 
 
၁။ HEIN KHAM- ဟိန်းခမ်း(ရွှေအိမ်တော်မျိုးရိုး)
 
၂။ HEIN HSAO- ဟိန်းဆေ(ကျားအိမ်တော်မျိုးရိုး)
 
၃။ HEIN TAO- ဟိန်းတောက်ဝ်(ဓားအိမ်တော်မျိုးရိုး) ဟူ၍ (၃)မျိုး တွေ့ရပါသည်။
 
ထို(၃)မျိုးကို အုပ်ချုပ်သည့် မင်းဆက်များ၊ အုပ်ချုပ်ရေးတွင် အရေးပါသည့် မြို့စားများ၊ စစ်သူကြီးများနှင့် အမတ် များ၏ ကျန်ရှိနေသော မျိုးဆက်များက ထိန်းသိမ်းနေသေးသည့် ခေါင်တိုင်စင်(ဘိုးဘေးဆိုင်ရာနတ်)တွင် တွေ့ရ ပါသည်။ 
 
အုပ်ချုပ်ခံလူတန်းစားတွင် 
 
၁။ HEIN SET- ဟိန်းဆက် (မြေရှင်လူတန်းစားမျိုးရိုး)
 
၂။ HEIN MAN NEU- ဟိန်းမန်ညု (လက်ပံပင်ပေါက်ရာ မြေပြန်တွင်နေသည့် မျိုးရိုး)
 
၃။ HEIN MAN NOI- ဟိန်းမန်နွိုင်း(တောင်ကုန်း၊ တောင်တန်းတွင် နေသည့်မျိုးရိုး)
 
၄။ HEIN YAR YU- ဟိန်းယာယူ(ဆေးဝါးစိုက်ပျိုးဖော်စပ်သည့် မျိုးရိုး)
 
၅။ HEIN SAR KHAM- ဟိန်းဆာခမ်း(ရွှေရှာဖွေတူးဖော်သည့် မျိုးရိုး)
 
၆။ HEIN NAM HTAP- ဟိန်းနမ့်တပ်(မြစ်ဖျား၊ ချောင်းဖျားတွင် နေထိုင်သည့် မျိုးရိုး)
 
၇။ HEIN MAN HSAI- ဟိန်းမန်ဆိုင်း(အင်းတော်ကြီးဒေသက ထွက်ခွာလာသည့် ထမံသီမျိုးရိုး)
 
၈။ HEIN TAO KAN- ဟိန်းတောင်ကန့် (တောင်ကင်းဒေသတွင် နေထိုင်သည့်မျိုးရိုး)
 
၉။ HEIN HAI NEAO- ဟိန်းဟိုင်းနေ(ဟဲနုဒေသတွင် နေထိုင်သည့်မျိုးရိုး)
 
၁၀။ HEIN HPAR- ဟိန်းဖာ(စစ်သည်မျိုးရိုး)
 
၁၁။ HEIN HPON- ဟိန်းဖွန်(စစ်သည်မျိုးရိုး) ဟူ၍ ခေါင်တိုင်စင်(ဘိုးဘေးဆိုင်ရာနတ်)မျိုးရိုး (၁၂)မျိုးမျှ တွေ့ရပါသည်။ 
 
ရှမ်းနီတိုင်းရင်းသားများ အခြေပြုနေထိုင်လျက်ရှိသည့် မြေပုံအညွန်းကို တွေ့ရစဉ်
 
အဆိုပါ မျိုးရိုးအားလုံးတွင် လိုက်နာရသည့် မိသားစုဆိုင်ရာ စည်းမျဉ်းများလည်း ရှိပါသည်။ တစ်မျိုးနှင့်တစ်မျိုး သားပေးသမီးယူလျက် ဆွေမျိုးတော်စပ်ကြရာတွင် လိုက်နာရသည့် စည်းမျဉ်းများလည်း ရှိသကဲ့သို့ အမည်ပေး စနစ်နှင့် ဆွေမျိုးစပ် ဝေါဟာရတို့မှာလည်း အခိုင်အမာရှိ နေသေးသည်။ 
 
ယခုတင်ပြချက်သည် အပိုင်း(၁)ဖြစ်သည့်အတွက် ထပ်မံတင်ပြမည့် အပိုင်း(၂)တွင် ရှမ်းနီတိုင်းရင်းသားတို့သည် လက်ရှိစစ်ကိုင်း တိုင်းဒေသကြီး အထက်ပိုင်း (ချင်းတွင်း မြစ်ဝှမ်းဒေသများ)၊ ကလေးကဘော်ဒေသများ၊ ကချင် ပြည်နယ်အတွင်းရှိ ဒေသများနှင့် ရှမ်းပြည် မြောက်ပိုင်းရှိ မိုးမိတ်၊ မဘိန်းဒေသများသို့ မည်သို့ဝင်ရောက် အခြေချလာခဲ့ကြသည်ကို သမိုင်းမှတ်တမ်းများနှင့် တွဲဖက်လေ့လာ၍ တင်ပြသွားပါမည်။
 
ကျမ်းကိုး- 
 
၁။ငြိမ်းမောင်၊ ဦး။ ရှေးဟောင်းမြန်မာကျောက်စာများ(ပတွဲ၊ ဒုတွဲ)။ ရှေးဟောင်းသုတေသနဦးစီး ဌာန၊ ရန်ကုန်။
 
၂။ခေမိန္ဒ၊ ဦး(အဂ္ဂမဟာပဏ္ဍိတ)။ မိုးမိတ်ရာဇဝင်တော်သစ်။ ၁၉၄၈။ ပဒေသရာဇ်ပုံနှိပ်တိုက်။ တောင်ကြီးမြို့။
 
၃။သုခမိန္ဒ၊ အရှင်(တန့်ယန်း)။ ရှမ်းတိုင်းရင်းသားတို့၏ ယုံကြည်ကိုးကွယ်မှုနှင့် ဓလေ့ထုံးစံများ။ ၂၀၁၃။ သာသနာတော် ထွန်းကားပြန့်ပွားရေးဦးစီးဌာန။ ရန်ကုန်။ 
 
၄။တင်ရှိန်၊ ဦး၊ ဆရာ(မန္တလေးတက္ကသိုလ်)။ ကဝိလက္ခဏသတ်ပုံ၊ ကဝိလက္ခဏဒီပနီ၊ ကဝိလက္ခဏဝိသောဓနီ (၃ကျမ်းတွဲ)။ ရတနာဒီပံပုံနှိပ်တိုက်။ မန္တလေး။ 
 
၅။ သန်းထွန်း၊ ‌‌ဒေါက်တာ။ ခေတ်ဟောင်းမြန်မာရာဇဝင်။ ၁၉၆၉။ မဟာဒဂုံစာပေထုတ်ဝေရေး။ ရန်ကုန်။ 
 
6. Sasanananda, Ph.D., History of Buddhism in Assam, New Delhi, 1986, Bahri Publications Private Ltd.
 
7. Sai Aung Tun, History of the Shan State; From Its Origins to 1962, Silkworm Book; Illustrated edition, January7, 2009. 
 
8. Scott. J. George. GAZETTEER OF UPPER BURMA AND THE SHAN STATE, Part I, Vol I, Superintendent, Government Printing Press, 1901.
 
ယခုဆောင်းပါးသည် စာရေးသူ(ဆောင်းပါးရှင်)၏ သုတေသန တွေ့ရှိချက်နှင့် အာဘော်သာဖြစ်သည်။