CNI News
၂၀၂၅ ခုနှစ်၊ ဇူလိုင် ၁၈

ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်ရှိ ဗိုလ်ချုပ်အောင်ဆန်းပြတိုက်(ရန်ကုန်)ကို နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ၂၀၂၅ ခုနှစ်၊ ဇူလိုင် ၁၈ ရက်က သွားရောက် ကြည့်ရှုစစ်ဆေးခဲ့ပြီး ရှေးဟောင်းမူလလက်ရာ များအတိုင်း ထိန်းသိမ်းရန် ပြောကြားခဲ့သည်။

ဗိုလ်ချုပ်အောင်ဆန်း စီးနင်းခဲ့သည့် မော်တော်ယာဉ်အား ရေရှည်တည်တံ့ ကောင်းမွန်စေရေးအတွက် ကျွမ်းကျင် ပညာရှင်များဖြင့် ပြုပြင်ထိန်းသိမ်းခြင်းများ ဆောင်ရွက်သွားရန် လိုကြောင်း၊ အဆောက်အဦအား ပြုပြင်ထိန်းသိမ်း ခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် ရှေးမူကို မထိခိုက်စေဘဲ ရှေးဟောင်းမူလလက်ရာများအတိုင်း ဖြစ်စေရန် အတွက် ယခင်မှတ်တမ်း ဓာတ်ပုံများဖြင့် ပြန်လည်တိုက်ဆိုင် စစ်ဆေးပြီး စနစ်တကျ ထိန်းသိမ်း ဆောင်ရွက်သွား ရန်လိုကြောင်း ၎င်းက ပြောသည်။

နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က “ပြတိုက်အတွင်းရှိ ဓာတ်ပုံများအား နည်းပညာများ အသုံးပြု၍ ထိန်းသိမ်း ဆောင်ရွက်ပြီး ယခုထက် ပိုမို ကောင်းမွန် ကြည်လင်ပြတ်သားသည့် ပုံများဖြစ်အောင် ‌ဆောင်ရွက်သွား ရန်လိုကြောင်း၊ ပြတိုက် ပတ်ဝန်းကျင် သန့်ရှင်းသာယာလှပစေရေးအတွက် လမ်းဘေးဝဲယာရှိ သစ်ပင်များအား အောက်ခြေရှင်းလင်းခြင်း လုပ်ငန်းများကို ဆောင်ရွက်သွားရန်၊ အမှိုက်သရိုက်များ မရှိစေရေး စဉ်ဆက်မပြတ် ဆောင်ရွက်သွားရန်” ပြောသည်။

ဗိုလ်ချုပ်အောင်ဆန်းပြတိုက်(ရန်ကုန်)သည် မြန်မာ့လတ်လပ်ရေး ဗိသုကာ ဗိုလ်ချုပ်အောင်ဆန်း နေထိုင်ခဲ့သော အိမ်ကို ပြတိုက်အဖြစ် ခင်းကျင်းပြသထားခြင်းဖြစ်သည်။

ထိုအဆောက်အဦသည် ၁၉၂၁ ခုနှစ်တွင် တည်ဆောက်ထားသော ဥရောပပုံစံ အဆောက်အဦဖြစ်ပြီး အနောက်တိုင်း ဗိသုကာဟန်များ ရောနှောတည်ဆောက်ထားသည့် ဥရောပပုံစံ အဆောက်အဦ တစ်ခုဖြစ်ကြောင်း၊ ဗိုလ်ချုပ်အောင်ဆန်းသည် မိသားစုနှင့်အတူ ယခုအိမ်၌ ၁၉၄၅ ခုနှစ်၊ မေလမှ ၁၉၄၇ ခုနှစ်၊ ဇူလိုင်လ လုပ်ကြံခံရ သည့်နေ့အထိ နေထိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါ ပြတိုက်အတွင်းတွင် ဧည့်ခန်း၊ ထမင်းစားခန်း၊ အိပ်ခန်း၊ စာဖတ်ခန်း၊ ကလေးများအိပ်ခန်း၊ အထူး အစည်းအဝေးခန်း၊ ဘုရားခန်း၊ ဗိုလ်ချုပ်အောင်ဆန်း အားလပ်ချိန်တွင် စိုက်ပျိုးသော စိုက်ခင်း၊ ဗိုလ်ချုပ် အောင်ဆန်း စီးနင်းအသုံးပြုခဲ့သည့် အင်္ဂလန်နိုင်ငံထုတ် WOLSELEY အမျိုးအစား မော်တော်ယာဉ်နှင့် ဓာတ်ပုံ မှတ်တမ်းပြခန်းတို့အား ခင်းကျင်းပြထားသည်။

ဇူလိုင် ၁၉ ရက်နေ့တွင် ကျရောက်သည့် အာဇာနည်နေ့တို့တွင် နေ့စဉ် နံနက် ၉ နာရီခွဲအချိန်မှ ညနေ ၄ နာရီခွဲ အချိန်အထိ အခမဲ့ လာရောက်လေ့လာကြည့်ရှုနိုင်သည်။