CNI News

၂၀၂၅ ခုနှစ်၊ ဇူလိုင် ၁၈

တောင်ခမ်းနှင့် နောင်ချို တိုက်ပွဲများကနေ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA) ဆုတ်ခွာခဲ့ရမှု အခြေအနေများကို ဥပဒေအထောက်အကူပြုကွန်ရက်(Legal Aid Network)က ၂၀၂၅ ခုနှစ်၊ ဇူလိုင် ၁၈ ရက်တွင် ထောက်ပြခဲ့သည်။

တောင်ခမ်း၊ နောင်ချိုတိုက်ပွဲများတွင် နောက်ဆုတ်လိုက်ရခြင်းမှာ (က) တိုင်းရင်းသား မဟာမိတ် အဖွဲ့အစည်းများ နှင့် (NUG လက်အောက်ခံ၊ လက်အောက်မခံ)PDFs များ၏ အင်တိုက်အားတိုက် လက်တွဲတိုက်ပွဲဝင်မှု ကျဆင်း သွားသဖြင့်လည်းကောင်း၊ (ခ) ထိုးစစ်ဆင်၊ တိုက်ခိုက်သိမ်းပိုက်၍ ရရှိသောနယ်မြေ၊ မြို့ရွာများအား TNLA တဖွဲ့ တည်းက မိမိပိုင်နက် နယ်မြေမျိုး သတ်မှတ်ကာ အုပ်ချုပ်ရေး ချမှတ်ခြင်းနှင့် ရေရှည်ရင်းနှီးမြှုပ်နှံရန် ဖိတ်ခေါ်ခြင်း များကြောင့် ဖြစ်သည်ဟု ဥပဒေအထောက်အကူပြုကွန်ရက်က ထောက်ပြသည်။

ထို့ပြင် (ဂ) ဒေသခံလူထု၏ ထောက်ခံမှု ထိထိရောက်ရောက် မရသဖြင့်လည်းကောင်း၊ (ဃ) နစက,က သာလွန် အင်အားသာမက လက်နက်စွမ်းအားများကိုပါ အစွမ်းကုန်မြှင့်တင် အသုံးပြုလာခြင်းတို့ကြောင့် လည်းကောင်း ဖြစ်သည်ဟုလည်း ၎င်းက ထောက်ပြထားသည်။ 

ဥပဒေအထောက်အကူပြုကွန်ရက်ရဲ့ ထုတ်ပြန်ချက်ကို တွေ့ရစဉ်

ထို့ကြောင့် (က)၊ (ခ)နှင့် (ဂ)ပါ အခြေအနေတို့အား နိုင်ငံရေးအရ အမြန်ဆုံး ပြောင်းလဲ၊ ချမှတ်၊ ကျင့်သုံးနိုင်ပါက (ဃ) အခြေအနေအား ထိရောက်စွာ ပယ်ရှားနိုင်မည်ဟု ဥပဒေအထောက်အကူပြုကွန်ရက်က ထောက်ပြထား သည်။

မြန်မာ့တပ်မတော်သည် TNLA ထိန်းချုပ်ထားသည့် နောင်ချိုမြို့ကို ၂၀၂၅ ခုနှစ်၊ ဇူလိုင် ၁၆ ရက်က အလုံးစုံ ပြန်လည်ထိန်းချုပ်နိုင်ခဲ့သလို ကျောက်မဲ၊ မိုးကုတ်၊ မိုင်းငေါ့၊ သီပေါ စသည့် TNLA ထိန်းချုပ်ထားသော နယ်မြေများ ကို ဆက်လက် ဖိအားပေး တိုက်ခိုက်လျက်ရှိနေသည်။

TNLA သည် ၁၀၂၇ စစ်ဆင်ရေးအတွင်းမှာ နမ့်ခမ်း၊ မန်တုံ၊ နမ့်ဆန်၊ ကွတ်ခိုင်၊ သီပေါ၊ ကျောက်မဲ၊ နောင်ချို၊ မိုင်းငေါ့၊ နမ္မတူ၊ မိုးမိတ်၊ မဘိမ်း၊ မိုးကုတ် စသည့် ဒေသများကို ထိန်းချုပ်ခဲ့ပြီးနောက် ပလောင်ပြည်နယ် ရရှိရေး မြန်မာ့တပ်မတော်နှင့် တွေ့ဆုံ ဆွေးနွေးလျက်ရှိသည်။

နောင်ချိုမြို့ကို မြန်မာ့တပ်မတော်က ပြန်လည်ထိန်းချုပ်လိုက်စဉ် 

ဥပဒေအထောက်အကူပြုကွန်ရက်က “TNLA အနေဖြင့် မိမိတို့ မျှော်မှန်းသည့် ပြည်နယ်ရရှိရေးအတွက် ဦးတည် ဖော်ဆောင်ခွင့်ရှိသည်။ ယင်းသို့ ဖော်ဆောင်ရာတွင် အခြားတိုင်းရင်းသားများ၏ နိုင်ငံ‌ရေးအခွင့်အရေးနှင့် သမိုင်း ဆိုင်ရာ ဝိသေသလက္ခဏာများအား အသိအမှတ်ပြုရန်လိုအပ်သည်။ တအာင်းဒေသသည် ယခုအချိန်အထိ တရား ဝင် ရှမ်းပြည်နယ်အတွင်းမှာပင် ရှိနေဆဲဖြစ်သည်။ သီးသန့်ပြည်နယ် တရပ်အနေဖြင့် အသိအမှတ်ပြုမခံရသေး။ သို့ဖြစ်၍ TNLA က ထိုးစစ်ဆင်၊ သိမ်းပိုက်ရရှိသမျှသော မြို့ရွာနယ်မြေများအပေါ် အုပ်ချုပ်ရေးနှင့်စပ်လျဉ်း၍ (ယာယီပင် ဖြစ်သော်လည်း) ရှမ်းပြည်နယ်အတွင်းရှိ အဓိက နိုင်ငံရေး၊ စစ်ရေးအင်အားစုများနှင့် ညှိနှိုင်းတိုင်ပင် သင့်သည်”ဟု ပြောသည်။

လက်ရှိတွင် TNLA ထိန်းချုပ်ထားသည့် မိုးကုတ်မြို့၌ တရုတ်လုပ်ငန်းရှင်များ ပြန်လည်ထွက်ခွာနေကြကြောင်း ဒေသခံများက ပြောသည်။

အလားတူ ကျောက်မဲမြို့နယ်အတွင်းမှာလည်း မြန်မာ့တပ်မတော်နှင့် TNLA ကြား တိုက်ပွဲများ ဖြစ်ပွားနေသည်။