CNI New
၂၀၂၅ ခုနှစ်၊ ဇူလိုင် ၁၈
အိန္ဒိယတပ်မတော် ကာကွယ်ရေးဆိုင်ရာ ထောက်လှမ်းရေး ညွှန်ကြားရေးမှူးချုပ်နှင့် ဒုတိယစစ်ဦးစီးချုပ် (ထောက် လှမ်းရေး)ဖြစ်သူ ဒုတိယဗိုလ်ချုပ်ကြီး ရှာရီဂျေ ပရာတတ် ဆင်းစ်(Lieutenant General Shrinjay Pratap Singh) ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ မြန်မာနိုင်ငံသို့ ရောက်ရှိလာခြင်းက မည်ကဲ့သို့ ထူးခြားနိုင်လဲဆိုသည့်အပေါ် စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များကြား မေးခွန်းထုတ်လျက်ရှိနေသည်။
အိန္ဒိယထောက်လှမ်းရေး အကြီးအကဲသည် မြန်မာနိုင်ငံသို့ ရောက်ရှိလာပြီးနောက် ၂၀၂၅ ခုနှစ်၊ ဇူလိုင် ၁၆ ရက်က နစကဒုဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းနှင့် နေပြည်တော်မှာ တွေ့ ဆုံခဲ့ကြသည်။
ထိုသို့ တွေ့ဆုံစဉ် နှစ်နိုင်ငံနယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေး၊ လုံခြုံရေးနှင့်ဖွံ့ဖြိုးတိုးတက် ရေးအတွက် ပူးပေါင်းဆောင်ရွက်သွားမည့် ကိစ္စရပ်များ၊ မြန်မာနိုင်ငံတွင် လွတ်လပ်၍ တရားမျှတသည့် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပရေးကိစ္စ ရပ်များကို ဆွေးနွေးခဲ့ကြသည်ဟု နစက,က ထုတ်ပြန်ခဲ့ သည်။
အိန္ဒိယထောက်လှမ်းရေး အကြီးအကဲရောက်ရှိလာခြင်းက နာဂဒေသ တိုက်ခိုက်မှုနှင့်ဆက်စပ်နိုင်သလို နှစ်နိုင်ငံ ပြည်တွင်း လုံခြုံရေးနှင့်ပတ်သက်သည့် သဘောတူညီချက်များလည်း ရရှိနိုင်ခြေရှိကြောင်း ရခိုင့်ဦးဆောင်ပါတီ( AFP)မှ ဥက္ကဋ္ဌ ဒေါက်တာအေးမောင်က CNI သတင်းဌာနသို့ ပြောသည်။
အိန္ဒိယတိုက်ခိုက်မှုကြောင့် သေဆုံးသွားတဲ့ ULFA-I ခေါင်းဆောင်ကို တွေ့ရစဉ်
၎င်းက “နယ်စပ်တိုင်းမှာ ဖြစ်တတ်တဲ့ တစ်ဘက်က ဘာခေါ်မလဲ၊ နယ်စပ်ဖြတ်ကျော် မူခင်း များရယ်၊ မူးယစ်ဆေးဝါးရယ်၊ နှစ်နိုင်ငံ တစ်နိုင်ငံနဲ့ပတ်သက်တဲ့ နည်းလမ်းမျိုးကို နှောင့်ယှက်နိုင်တဲ့ အင်အားစုတွေ ကိစ္စ ဒါတွေနဲ့ သက်ဆိုင်နိုင်တာပေါ့။ မြေပြန့်ချင်း အဲလိုဖြစ်နေတဲ့ ကိစ္စလေးတွေပေါ်မှာ ဆွေးနွေးကြတယ်။ ထောက်လှမ်းမှု တွေ့ရှိမှုတွေကို အမြင်ချင်း ဖလှယ်ကြတယ်ဆိုတာ ကောင်းတဲ့ဘက်ကို သွားတာပေါ့။ ပြီးခဲ့တဲ့ ၂၀၂၃ နောက်ပိုင်းပေါ့။ ကျနော်တို့ဒီ ပလက်ဝနယ်မြေ၊ နှုံးဘူး(ရွာ)တို့၊ တခြား တရွန်အိုင်(ရွာ) တို့နဲ့ဖြစ်တဲ့ တိုက်ပွဲ တွေမှာ မြန်မာ့တပ်မတော်ဘက်က အင်အားစု တော်တော်များများဟာ နယ်စပ်ဖြတ်ပြီးမှ ဟိုဘက်နိုင်ငံမှာ သွား ခိုလှုံကြတာပေါ့။ ဒီဘက်က တပ်မတော်တွေ အနေနဲ့ သွားထိနေကြတယ် အဲဒါလည်း နှစ်နိုင်ငံနယ်စပ်ချင်းဖြစ်တဲ့ ပြဿနာတွေကို နှစ်နိုင်ငံ ဘယ်လိုပူးပေါင်း ဖြေရှင်းမယ်ဆိုတဲ့ နှစ်နိုင်ငံ ညှိနှိုင်းတိုင်ပင်မှုတွေရှိလို့ပေါ့။ ဒါကတော့ နယ်စပ်နဲ့ပတ်သက်တဲ့ စစ်ရေးစစ်ရာဆိုတာကနော် သံခင်းတမန်ခင်းအောက်မှာလည်း ရှိနိုင်တယ်။ နှစ်နိုင်ငံ ခုနကလို တပ်မတော်ချင်း ညှိနှိုင်းမှုတွေ အောက်မှာလည်း ရှိနိုင်ပါတယ်။ ဒီဘက်က နိုင်ငံရေး စာရင်းနဲ့ ပတ်သက် တဲ့ ပုဂ္ဂိုလ်တွေ တစ်ဘက်နိုင်ငံမှာ သွားရောက် နေထိုင်တာ၊ ပညာသင်ကြားတာ၊ ကျန်းရေးမာရေးကိစ္စက အစ စီးပွားရေးကိစ္စ အဆုံးထိကို ရှိနိုင်တာပေါ့။ အိန္ဒိယနိုင်ငံရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေက ခုနကလို နယ်စပ်နဲ့ ပတ်သက် ရင် ဗဟိုအစိုးရရဲ့ ထိန်းချုပ်မှုအောက်မှာ ရှိတယ်လို့ ကျနော်တို့ကြားတယ်။ သူ့ရဲ့ပြည်သူတွေရဲ့ လုပ်ပိုင်ခွင့် အပြည့်အဝနော် ထိန်းချုပ်အုပ်ထိန်းမှုကို ရဲတပ်ဖွဲ့တွေရဲ့ အောက်မှာ ရှိတယ်။ နယ်စပ်နဲ့ပတ်သက်တဲ့ အခင်းအကျင်း ပြဿနာတွေနော် တခြားပြည်ထောင်စုနဲ့ ပတ်သက်တဲ့ကိစ္စ ရေးရာတွေကို ပြည်ထောင်စု ဗဟိုအစိုးရဘက်က လုပ်ပိုင်ခွင့် ပြည့်ပြည့်ဝဝ ရှိတယ်လို့ ကြားတယ်”ဟု ပြောသည်။
၂၀၂၅ ခုနှစ်၊ ဇူလိုင် ၁၃ ရက်က မြန်မာနိုင်ငံဘက်ရှိ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့နယ်၊ Hoyat (ဟိုယတ်)ကျေးရွာအနီး အခြေစိုက်ထားသည့် အိန္ဒိယကို တိုက်ခိုက်နေသော ULFA-I နှင့် PLA စခန်းများကို အိန္ဒိယ တပ်မတော်က ဒရုန်းများဖြင့် တိုက်ခိုက်ခဲ့သည်။
ထိုတိုက်ခိုက်မှုကြောင့် ULFA-I မှ ခေါင်းဆောင်များဖြစ်သည့် ဒုတိယဗိုလ်ချုပ်ကြီး နိုင်ယန်အာဆု(ခေါ်) နေယန် မက်ဒီ၊ ဗိုလ်မှူးချုပ် လာဟွန်(ခေါ်) ဂါနက်ရှ်အာဆု၊ ဗိုလ်မှူးကြီး ပရာဒစ်အာဆု အပါအဝင် ရဲဘော် ၂ ဦးတို့ သေဆုံးခဲ့သည်။
ပလက်ဝဒေသကို တွေ့ရစဉ်
ထိုသို့ ဖြစ်ပွားခဲ့ပြီးနောက် ဇူလိုင် ၁၆ ရက်တွင် အိန္ဒိယထောက်လှမ်ရေး အကြီးအကဲ မြန်မာနိုင်ငံသို့ ရောက်ရှိလာ ပြီး နစကဒုဥက္ကဋ္ဌနှင့် တွေ့ဆုံ ဆွေးနွေးခဲ့သည်။
အိန္ဒိယနှင့် စီမံကိန်းများ ရှိသောကြောင့် နှစ်နိုင်ငံကြား လုံခြုံရေးနှင့်ပတ်သက်ပြီး ဆွေးနွေးစရာများ ပိုရှိနိုင်ကြောင်း သေနင်္ဂမဟာ ဗျူဟာလေ့လာရေးအဖွဲ့မှ ဒါရိုက်တာ ဦးသိန်းထွန်းဦးက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “အဓိက,ကတော့ နိုင်ငံတွေကြားထဲမှာ ဒီလိုမျိုး သတင်းအချက်အလက်နဲ့ ပတ်သက်ပြီး ဖလှယ်ချင်း အားဖြင့် မလိုလားအပ်တဲ့ ကိစ္စရပ်တွေ ကျနော်တို့ ရှောင်ရှားနိုင်တာပေါ့။ ဒါကတော့ အဓိကအချက်ပါပဲ။ ခုနက ပြောသလိုပေါ့။ ဒီပြောရင်တော့ နာဂဘက်က နယ်မြေတစ်ခုကိုပေါ့။ သူက အိန္ဒိယက သူ့ဘက်က ဒီသူပုန်လို့ သတ်မှတ်ထားတဲ့ သူတွေ လိုက်တိုက်ရင်းနဲ့ နယ်မြေကျော်တာမျိုး ဖြစ်ခဲ့တယ်လို့ သတင်းထွက်လာတာရှိတယ်။ အဲတော့ ဘယ်လိုပဲဖြစ်ဖြစ် ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ သံတမန်ရေးရာအရ အထူးသဖြင့်တော့ စစ်တပ်ဆိုင်ရာ အရာရှိကြီးတွေ တိုက်ရိုက်တွေ့ဆုံ ဆွေးနွေးညှိနှိုင်းနိုင်တဲ့ အနေအထားမျိုးပေါ့။ အဲတော့ အထူးသဖြင့်တော့ လုံခြုံရေးနဲ့ ပတ်သက်ပြီး နှစ်နိုင်ငံကြားမှာ ဆွေးနွေးစရာတွေ ပိုပြီးတော့ ရှိပါလိမ့်မယ်။ ကျနော်တို့ နိုင်ငံတစ်နိုင်ငံ မှာ အလုပ်လုပ် ကြတယ်ဆိုတာ state actor အချင်းချင်းနဲ့ အလုပ်လုပ်တာတွေရှိတယ်။ state actor ဆိုတာက ဒီနိုင်ငံကို ဘယ်သူက ကြိုးစားပြီးတော့ ဦးဆောင်အုပ်ချုပ်နေတယ်ပေါ့။ state actor တွေ အုပ်ချုပ်ကြတဲ့ ကြားထဲ မှာ state actor အချင်းချင်းပဲ စကားပြောကြတာဆိုတော့ AA သည် ဒီချိန်မှာ state actor မဟုတ်ဘူး။ သူသည် non state ပဲ သူ့ဟာသူ နယ်မြေသိမ်းတာတွေ မသိမ်းတာတွေထား တစ်ပိုင်းထားလိုက်ပေါ့။ ဒီအိန္ဒိယနဲ့ ပတ်သက် ပြီးတော့ ကျနော်တို့က ကုလားတန်မြစ်စီမံကိန်းတွေ ဘာတွေရှိတဲ့ အခါကြတော့ ဒါတွေနဲ့ပတ်သက်ပြီးတော့ လုံခြုံရေး ရှေ့ဆက်ပြီးတော့ ဘယ်လိုသွားမလဲ။ ဒါတွေပဲ ဆွေးနွေးဖို့လည်း ပါပါလိမ့်မယ်”ဟု ပြောသည်။
အိန္ဒိယသည် မြန်မာနိုင်ငံအတွင်းက ရခိုင်ပြည်နယ်နှင့်ချင်းပြည်နယ်တို့ကနေ အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်ကို ချိတ်ဆက်မည့် ကုလတန်းမြစ်စီမံကိန်းကို အကောင်အထည်ဖော်လျက်ရှိရာ AA နှင့် မြန်မာ့တပ်မတော်ကြား တိုက်ပွဲများကြောင့် ရပ်တန့်ထားရသည်။
အလားတူ အိန္ဒိယ-မြန်မာ-ထိုင်း အဝေးပြေး ကုန်သွယ်ရေးလမ်း စီမံကိန်းကိုလည်း အကောင်အထည်ဖော်ရန် ရှိသည့်တိုင် မြန်မာ့တပ်မတော်နှင့် နွေဦးတော်လှန်ရေးအင်အားစု လက်နက်ကိုင်များ တိုက်ပွဲဖြစ်ပွားနေ၍ မစတင် နိုင်ဘဲ ဖြစ်နေသည်။
ထို့ပြင် မြန်မာ-အိန္ဒိယနယ်စပ် တစ်လျှောက်တွင် လက်နက်နှင့်မူးယစ်ဆေးဝါး မှောင်ခိုကူးမှုများ ကြီးမားလာနေ သလို တိုက်ပွဲများကြောင့် မြန်မာတိုက်ပွဲရှောင်များ ရောက်ရှိလာမှု အခြေအနေများကိုလည်း အိန္ဒိယကရင်ဆိုင်နေ ရသည်။