CNI International News
ဝါရှင်တန်၊ ဇူလိုင် ၁၉
အမေရိကန်က အိန္ဒိယပိုင်နက် ကက်ရှ်မီးယားဒေသကို တိုက်ခိုက်မှု ကျူးလွန်သည်ဟု စွပ်စွဲခံထားရသော The Resistance Front (TRF) အဖွဲ့အား ပြည်ပအကြမ်းဖက် အဖွဲ့အစည်းအဖြစ် သတ်မှတ်ခဲ့ကြောင်း အယ်ဂျားဇီးယား မှ ဖော်ပြခဲ့သည်။
အိန္ဒိယဘက်ခြမ်းရှိ ကက်ရှ်မီးယားဒေသတွင် ၂၀၂၅ ခုနှစ်၊ ဧပြီလက ဖြစ်ပွားခဲ့သော တိုက်ခိုက်မှုအတွင်း လူ ၂၆ ဦး သေဆုံးခဲ့ပြီးနောက် အမေရိကန်က TRF ကို အကြမ်းဖက် အဖွဲ့အစည်းအဖြစ် သတ်မှတ်ခဲ့ခြင်းဖြစ်သည်။
TRF သည် Lashkar-e-Taiba (LeT) အဖွဲ့၏ အဖွဲ့ခွဲဖြစ်ပြီး အပန်းဖြေမြို့ ပါဟယ်ဂန်တွင် ဖြစ်ပွားသော တိုက်ခိုက်မှုနှင့် အိန္ဒိယလုံခြုံရေးတပ်ဖွဲ့ဝင်များကို တိုက်ခိုက်မှု အများအပြား ကျူးလွန်ခဲ့ကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယို (Marco Rubio)က ဇူလိုင် ၁၇ ရက်တွင် ပြောကြားခဲ့သည်။
ထိုကဲ့သို့ အကြမ်းဖက် အဖွဲ့အဖြစ် သတ်မှတ်ခြင်းသည် သမ္မတဒေါ်နယ်ထရမ့် (Donald Trump)၏ နိုင်ငံခြားရေး မူဝါဒအပေါ် ခိုင်မြဲသော ချဉ်းကပ်လုပ်ဆောင်မှု၏ သက်သေဖြစ်သည်ဟု ရူဘီယိုကဆိုသည်။
“နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ဒီဆုံးဖြတ်ချက်ဟာ ကျနော်တို့ အမျိုးသားလုံခြုံရေး အကျိုးစီးပွားကို ကာကွယ်ဖို့၊ အကြမ်းဖက်ဝါဒကို တိုက်ဖျက်ဖို့နဲ့ ပါဟယ်ဂန် တိုက်ခိုက်မှုအတွက် တရားမျှတမှုကို တောင်းဆိုချက်တွေအပေါ် ထရမ့်အစိုးရရဲ့ ကတိကဝတ်တွေကို ပြသရာရောက်ပါတယ်”ဟု နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
The Resistance Front (TRF)အဖွဲ့ကို တွေ့ရစဉ်
TRF က အစောပိုင်းတွင် ပါဟယ်ဂန်၌ ဖြစ်ပွားသော တိုက်ခိုက်ကို ၎င်းတို့ လုပ်ဆောင်ခဲ့ကြောင်း ဝန်ခံ ထုတ်ပြန်ခဲ့ သော်လည်း ရက်ပေါင်းများစွာ အကြာ၌ ထုတ်ပြန်ချက်အား ပြန်ရုပ်သိမ်းခဲ့သည်။
ထို့နောက် ထိုတိုက်ခိုက်မှုနှင့် ပါဝင်ပတ်သက်ခြင်း မရှိကြောင်း TRF အဖွဲ့က ပြန်လည် ပြောကြားခဲ့သည်။
အိန္ဒိယဝန်ကြီးချုပ် မိုဒီ(Narendra Modi )၏ အစိုးရက အုပ်စုလိုက် သတ်ဖြတ်မှုများ အပြင် အိန္ဒိယလုံခြုံရေး အဖွဲ့များနှင့် အရပ်သားများကို တိုက်ခိုက်နေသည့် စစ်သွေးကြွ အဖွဲ့များအား ပါကစ္စတန်အစိုးရက ထောက်ပံ့ ကူညီနေသည်ဟု ပြစ်တင်ပြောကြားခဲ့သည်။
LeT အဖွဲ့ဝင်များသည် ၂၀၀၈ ခုနှစ်က ရက်ပေါင်းများစွာ ကြာမြင့်သည့် တိုက်ခိုက်မှု တစ်ခုကို လုပ်ဆောင်ခဲ့ပြီး လူ ၁၆၀ ကျော်သေဆုံးကာ လူပေါင်းရာချီ ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
ရူဘီယိုက ပါဟယ်ဂန်တွင် ဖြစ်ပွားသည့် တိုက်ခိုက်မှုသည် ၂၀၀၈ ခုနှစ် မွမ်ဘိုင်း တိုက်ခိုက်မှု နောက်ပိုင်း အရပ်သား အများဆုံးသေဆုံးသော တိုက်ခိုက်မှုဖြစ်သည်ဟု ပြောကြားခဲ့သည်။
Source: Aljazeera