CNI International News

မော်စကို၊ ဖေဖော်ဝါရီ ၁၄

ရုရှားနှင့်ပဋိပက္ခအတွင်း ပါဝင်နေရသော ယူကရိန်းလူမျိုးများသည် အမေရိကန်တို့ မလုပ်လိုသော ညစ်ပတ်သည့် အလုပ်များကို လုပ်ဆောင်နေရသည်ဟု အမေရိကန်ကာကွယ်ရေးဝန်ကြီးဟောင်း မတ်ခ်အက်စ်ပါ (Mark Esper) က ပြောကြောင်း တာ့စ်သတင်းတွင် ဖော်ပြထားသည်။

ရုရှားလူပြက်နှစ်ဦးဖြစ်သူ ဗလာဒီမာ ကတ်ဇ်နတ်ဆော့ဗ် (Vladimir Kuznetsov) ၊ အလက်ဇီ စတိုယာရော့ဗ် (Alexey Stolyarov) နှင့် တွေ့ဆုံစဉ် ထိုသို့ ပြောခဲ့ခြင်း ဖြစ်သည်။

လူပြက်နှစ်ဦးသည် ယူကရိန်းသမ္မတဟောင်း ပီတာပိုရိုရှန်ကို (Petr Poroshenko) ကိုယ်စား အက်စ်ပါကို ခေါ်ယူ ခဲ့ခြင်းဖြစ်ကာ ယူကရိန်းပဋိပက္ခအတွင်း အမေရိကန်၏ ပါဝင်နှင့်ပတ်သက်၍ ၎င်း၏ သဘောထားအမြင်ကို မေးမြန်းခဲ့သည်။

ဘိုင်ဒန်နဲ့ဇာလန်းစကီးကိုတွေ့ရစဉ်(GETTY IMAGES)

အက်စ်ပါက အမေရိကန်တို့ မလုပ်ချင်သည့် ညစ်ပတ်သော အလုပ်များကို ယူကရိန်လူမျိုးများ လုပ်ဆောင်နေရ ကြောင်း၊ ထို့ကြောင့် ယူကရိန်းကို ခဲယမ်းနှင့်လက်နက် သို့မဟုတ် နည်းပညာစသော ၎င်းတို့ လိုချင်သည် များကို ဆက်လက် ထောက်ပံ့ပေးသင့်ကြောင်း ဖြေကြားခဲ့သည်။

အာဖရိက အပါအဝင် ရုရှား၏ လွှမ်းမိုးမှု ကျယ်ပြန့်လာခြင်းသည် အမေရိကန်အတွက် ပြဿနာ ဖြစ်စေသည် ဟုလည်း ၎င်းက ပြောသည်။

ယူကရိန်းသို့ လက်နက်များ ထောက်ပံ့နေရခြင်းကြောင့် အမေရိကန်၏ နည်းပညာများ တခြားသူများလက်တွင်း သို့ ရောက်ရှိသွားမည်ကို စိုးရိမ်မိသည်ဟုလည်း ပင်တဂွန် အကြီးအကဲဟောင်းက ပြောသည်။

အမေရိကန်၏ စစ်ဘက်ဆိုင်ရာ နည်းပညာများ ရန်ဘက် နိုင်ငံများထံသို့ မရောက်ရှိရေး သေချာအောင် ဆောင်ရွက်ရမည်ဟု အက်စ်ပါက အခိုင်အမာ ပြောကြားခဲ့သည်။

Source: တာ့စ်