CNI News

၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၁၃

ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကို အခြေခံသော ပြည်ထောင်စု တည်ဆောက်ရာတွင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေမှ အခြေခံကျသော ပုဒ်မများ ပြင်ဆင်နိုင်ရေး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် ဦးဆောင်သည့် နစက၏ ငြိမ်းချမ်းရေး ဆွေးနွေးရေးအဖွဲ့နှင့် ဒုတိယဥက္ကဋ္ဌ နိုင်အောင်မင်း ဦးဆောင်သော မွန်ပြည်သစ်ပါတီ(NMSP) တို့ တွေ့ဆုံ ဆွေးနွေးခဲ့ကြသည်။

အဆိုပါ ဆွေးနွေးပွဲကို နေပြည်တော်ရှိ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုဌာန မှာ ဖေဖော်ဝါရီ ၁၃ ရက်နေ့ မွန်းလွဲပိုင်းက ကျင်းပခဲ့ကြသည်။

ထို့နောက် ဆွေးနွေးပွဲ ဒုတိယနေ့ကို ဖေဖော်ဝါရီ ၁၄ ရက်နေ့တွင် ဆက်လက် ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။

၂၀၂၂ ခုနှစ်၊ မေလက ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ NMSP တွေ့ဆုံစဉ်

ထိုဆွေးနွေးပွဲကို မွန်ပြည်သစ်ပါတီ(NMSP)ဘက် ဒုတယဥက္ကဋ္ဌ နိုင်အောင်မင်း၊ တွဲဖက်အထွေထွေ အတွင်းရေး မှူး နိုင်ဝင်းလှ၊ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်များဖြစ်သည့် နိုင်ဗညားလယ်၊ နိုင်အောင်မငေးတို့ တက် ရောက်ခဲ့ပြီး နစက ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့ဘက်က NSPNC ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်၊ NSPNC အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ဝင်းဗိုလ်ရှိန်၊ ဒုတိယဗိုလ်ချုပ်ကြီး မင်းနိုင်၊ ဒုတိယဗိုလ်ချုပ်ကြီး အေးဝင်း၊ နစကအဖွဲ့ဝင် ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းတို့ တက်ရောက်ခဲ့ကြသည်။

မွန်ပြည်သစ်ပါတီ(NMSP)သည် ၂၀၂၂ ခုနှစ်၊ မေလက ပထမအကြိမ် အနေဖြင့် နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် လည်းကောင်း၊ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် ဦးဆောင်သည့် ငြိမ်းချမ်းရေးဆွေးနွေးရေး အဖွဲ့နှင့်လည်းကောင်း တွေ့ဆုံ၍ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို ဆွေးနွေးထားသည်။

မွန်ပြည်သစ်ပါတီ(NMSP)သည် တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA)ကို ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီ ၁၃ ရက်တွင် လားဟူဒီမိုကရက်တစ်အစည်းအရုံး(LDU)နှင့်အတူတူ လက်မှတ်ရေးထိုးထား သည်။