CNI International News
ဘန်ကောက်၊ ဇူလိုင် ၁၉
ထိုင်းနိုင်ငံတွင် ဇူလိုင် ၁၇ ရက်က Queen Sirikit အမျိုးသား ကွန်ဗန်းရှင်းစင်တာ၌ နိုင်ငံပိုင်ရုပ်သံလိုင်း MCOT မှ ပြုလုပ်သည့် ပွဲအခမ်းအနားတစ်ခုမှာ ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ် (Thaksin Shinawatra) တက်ရောက်၍ မိန့်ခွန်း ပြောကြားခဲ့သည်ဟု The Nation မှ ဖော်ပြခဲ့သည်။
"ထိုင်း၏ အနာဂတ်ကို ဖွင့်လှစ်ခြင်း - ကမ္ဘာလုံးဆိုင်ရာ အကျပ်အတည်း တိုက်ဖျက်ရေးပွဲ အခမ်းအနား" အမည်ရှိ ပြုလုပ်သည့် ထိုပွဲတွင် သက်ဆင်က မိန့်ခွန်းပြောကြားရာ၌ ထိုင်းနိုင်ငံ၏ လက်ရှိ စီးပွားရေး စိန်ခေါ်မှုများနှင့် နိုင်ငံရေး စည်းလုံးညီညွတ်မှုကို လိုအပ်ကြောင်း ပြောကြားခဲ့သည်။
ထို့ပြင် သက်ဆင်သည် ရုပ်သံတင်ဆက်သည့် ဂျာနယ်လစ်များဖြစ်သော ဝီရ သီရာပက် (Veera Theerapat) ၊ ချူတီမာ ပွန်ခါဝမ်ဆွတ် (Chutima Pungkhwamsook) တို့နှင့်ပြုလုပ်သည့် Listen Up အမည်ရှိ အင်တာဗျူး တွင်လည်း ပါဝင်ခဲ့သည်။
သက်ဆင်နဲ့ သမီးနှစ်ယောက်ကို တွေ့ရစဉ်
မိန့်ခွန်းအတွင်း သက်ဆင်က အစိုးရအဖွဲ့တွင် နိုင်ငံ၏ အဓိကပြဿနာများကို ဖြေရှင်းရာ၌ ဥပဒေများအား လျင်မြန်စွာ ထုတ်ပြန်ရန် ဥပဒေကြောင်းအရ မှန်ကန်သည့် တရားဝင်မှုရှိကြောင်း အလေးထား ပြောဆိုခဲ့သည်။
"ကျနော်တို့ မြန်မြန် မလုပ်ဘူးဆိုရင် ဘာမှ ပြောင်းလဲမှာ မဟုတ်ပါဘူး။ အစိုးရအဖွဲ့ဟာ ဝန်ကြီးချုပ် ပြောင်းလဲ လိမ့်မယ်လို့ ဘယ်သူကမှ တွေးမှာမဟုတ်ပါဘူး။ ကျနော်တို့ ဆက်လက် လုပ်ဆောင်ရပါမယ်။ ပေတုန်တန် ရှင်နာဝပ် (Paetongtarn Shinawatra) က ဝန်ကြီးချုပ် ဖြစ်နေတယ်ဆိုတဲ့ သဘောက ကျနော်ဟာ နိုင်ငံအတွက် ဆက်လက် တာဝန်ထမ်းဆောင်နေတယ်ဆိုတဲ့ အဓိပ္ပာယ်ဖြစ်ပါတယ်" ဟု သက်ဆင်က ပြောကြားခဲ့သည်။
လက်ရှိ နိုင်ငံရေး အခြေအနေကို စိုးရိမ်ကြောင်း၊ အစိုးရအဖွဲ့အတွက် လိုအပ်သည့် အကြောင်းအရာများနှင့် ဖြေရှင်း ချက်များ အားလုံးကို စုဆောင်းရာတွင် ကူညီပေးရန် ဆန္ဒရှိကြောင်း၊ ထိုအရေးကိစ္စများကို ဝန်ကြီးချုပ်နှင့် ဝန်ကြီး များထံ တင်ပြသွားမည်ဖြစ်ကြောင်း သက်ဆင်က ပြောကြားခဲ့သည်။
သက်ဆင်နဲ့ပေတုန်တန်ကို တွေ့ရစဉ်
ထို့ပြင် ထိုင်းနိုင်ငံ၏ ခရီးသွားများ လာရောက်လေ့ရှိသည့် မြို့များကို အနာဂတ်တွင် စမတ်စီးတီးများအဖြစ် ပြောင်းလဲထူထောင်ပြီး ထိုမြို့များ၌ AI ကင်မရာများ တပ်ဆင်ရန် လိုအပ်ကြောင်းလည်း သက်ဆင်က ပြောကြားခဲ့သည်။
သက်ဆင်သည် မကြာသေးမီက ၎င်း၏ နေအိမ်အနီး မီးခိုးဗုံးတစ်လုံး ပေါက်ကွဲခဲ့သည့် ကိစ္စနှင့်ပတ်သက်ပြီး ရည်ညွှန်းပြောဆိုရာတွင် နည်းပညာသည် လူထု၏ လုံခြုံရေးအတွက် အရေးကြီးလာကြောင်း ပြောကြားခဲ့သည်။
"တကယ်လို့ ကျနော်တို့မှာ AI ကင်မရာတွေနဲ့ မှန်ကန်တဲ့ ဆော့ဖ်ဝဲတွေ တပ်ဆင်ထားတဲ့ စမတ်စီးတီးတွေ ရှိလာမယ်ဆိုရင် ကျနော်တို့ရဲ့ ဘေးကင်းလုံခြုံရေးကို ပိုမိုမြင့်တက်စေပါလိမ့်မယ်" ဟု သက်ဆင်က ပြောကြား ခဲ့သည်။
Source: The Nation