CNI International News

ဝါရှင်တန်၊ ဇူလိုင် ၁၉

ရီပတ်ဘလစ်ကန်များ ထိန်းချုပ်ထားသည့် အမေရိကန်အောက်လွှတ်တော်က ပြည်ပထောက်ပံ့မှုနှင့် မီဒီယာ ထောက်ပံ့ငွေများထဲမှ ဒေါ်လာ ၉ ဘီလျံကို ဖြတ်တောက်မည့် သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) ၏ အစီအစဉ်ကို ဇူလိုင် ၁၈ ရက်က အတည်ပြုခဲ့ကြောင်း DW သတင်းဝက်ဘ်ဆိုက်က ဖော်ပြခဲ့သည်။

"သမ္မတထရမ့်နှင့် အောက်လွှတ်တော် ရီပတ်ဘလစ်ကန်တွေက ဘဏ္ဍာရေးတာဝန်ယူမှုနဲ့ အစိုးရအဖွဲ့ အဆင်ပြေ ချောမွေ့စေဖို့ ကတိပြုခဲ့ကြပါတယ်။ ဒီနေ့မှာတော့ ကျနော်တို့ဟာ အဲဒီကတိကို တည်အောင် လုပ်ဆောင်နိုင်ခဲ့ပါ တယ်" ဟု အောက်လွှတ်တော်ဥက္ကဋ္ဌ မိုက် ဂျွန်ဆင်က ပြောကြားခဲ့သည်။

ထောက်ပံ့ငွေများ ဖြတ်တောက်ရေးကို လွှတ်တော်တွင် မဲခွဲဆုံးဖြတ်ရာ၌ ထောက်ခံမဲ ၂၁၆ မဲ၊ ကန့်ကွက်မဲ ၂၁၃ မဲဖြင့် အတည်ပြုနိုင်ခဲ့ခြင်းဖြစ်ပြီး ရီပတ်ဘလစ်ကန် နှစ်ဦးဖြစ်သည့် ပင်ဆယ်ဗေးနီးယား (Pennsylvania) ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဘရိုင်ယန် ဖစ်ဇ်ပက်ထရစ် (Brian Fitzpatrick) နှင့် အိုဟိုင်းယိုး (Ohio) ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် မိုက်တာနာ (Mike Turner) တို့က ဒီမိုကရက်များနှင့်အတူ ကန့်ကွက်မဲ ပေးခဲ့ကြသည်။

ထိုအသုံးစရိတ် ဖြတ်တောက်မှုသည် ထရမ့်၏ ကြီးမားလှပသည့် ဥပဒေမူကြမ်း (Big Beautiful Bill) အမည်ရှိ ဘတ်ဂျက်အစီအစဉ်၏ တစ်စိတ်တစ်ပိုင်းဖြစ်သည်။

ထရမ့်၏ ထောက်ပံ့ငွေများ ဖြတ်တောက်မှုသည် ရောဂါများ ကူးစက်ဖြစ်ပွားနေသည့် နိုင်ငံများ၊ ပဋိပက္ခနှင့် သဘာဝဘေးအန္တရာယ် ဖြစ်ပွားနေသော နိုင်ငံများအား ကူညီမှုများအပေါ် သက်ရောက်စေလိမ့်မည်ဖြစ်သည်။

ကုလဝန်ထမ်းများကိုတွေ့ရစဉ်

ထို့ပြင် အမေရိကန်အစိုးရက ထောက်ပံ့ပေးထားသည့် Corporation for Public Broadcasting (CPB) မီဒီယာ ကုမ္ပဏီအတွက် လာမည့် ၂ နှစ်အတွင်း ထောက်ပံ့ငွေ ဒေါ်လာ ၁ ဒသမ ၁ ဘီလျံ ဆုံးရှုံးရမည်ဖြစ်သည်။

ပြည်တွင်း ရေဒီယိုဌာနများနှင့် ရုပ်သံဌာနများ၊ NPR နှင့် PBS တို့ကဲ့သို့ ရုပ်သံလိုင်းများ အပါအဝင် မီဒီယာလုပ်ငန်း ၁၅၀၀ ကျော်ကို ငွေကြေးထောက်ပံ့မှုသည် မလိုအပ်ကြောင်းနှင့် သတင်းများ ဖော်ပြရာတွင် ဘက်လိုက်မှုများ ဖြစ်စေနိုင်ကြောင်း ကွန်ဆာဗေးတစ်များက ပြောကြားခဲ့သည်။

ထရမ့် အစိုးရအဖွဲ့သည် လူပေါင်း ၂၆ သန်း၏ အသက်ကို ကယ်တင်ပေးနေသည့် အမေရိကန်၏ ကမ္ဘာလုံးဆိုင်ရာ AIDS ရောဂါ တားဆီးကုသရေး စီမံကိန်းအတွက်လည်း ထောက်ပံ့ငွေများကို ဒေါ်လာ သန်း ၄၀၀ ဖြတ်တောက် ခဲ့သည်။

သို့သော် သဘောထား အလယ်အလတ်ရှိသည့် ရီပတ်ဘလစ်ကန်များ၏ ကြားဝင်တားဆီးမှုကြောင့် ထိုရန်ပုံငွေ ဖြတ်တောက်မှုကို ရပ်တန့်နိုင်ခဲ့ပြီး AIDS ရောဂါ တားဆီးကုသရေးစီမံကိန်းအား ကယ်တင်နိုင်ခဲ့သည်။

Source: DW