CNI Article

၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၉

၂၀၂၃ ခုနှစ်၊ သြဂုတ် ၁၄ ရက် မွန်းလွဲပိုင်းက အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့် (Dolnald Trump)၏ ၂၀၂၃ ခုနှစ် အတွင်း စတုတ္ထအကြိမ်မြောက် ပြစ်မှုဆိုင်ရာ စွပ်စွဲပြစ်တင်မှု ခံခဲ့ရသည်။

ထို့နောက် MSNBC သတင်းဌာန၏ အစီအစဉ်မှူး ရေချယ် မက်ဒိုး (Rachel Maddow)သည် အမေရိကန် နိုင်ငံခြား ရေးဝန်ကြီးဟောင်း ဟီလာရီ ကလင်တန် (Hillary Clinton) ကို ဖိတ်ခေါ်ပြီး ထရမ့်၏အမှုနှင့် ပြည်တွင်းရေး အခြေအနေများကို အင်တာဗျူး ပြုလုပ်ခဲ့သည်။

ဂျော်ဂျီယာအမှုတွင် ထရမ့်သည် ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲကို နှောင့်ယှက်ဖျက်ဆီးရန် ကြိုးပမ်းမှုဖြင့် အခြားလူ ၁၈ ဦးနှင့်အတူ စွပ်စွဲခံခဲ့ရသည်။ မက်ဒိုး၏ ည ၉ နာရီ ထုတ်လွှင့်သည့် အင်တာဗျူး အစီအစဉ်သည် ကြည့်ရှုသူ ၃ ဒသမ ၉၃ သန်းနီးပါးအထိ ဆွဲဆောင်နိုင်ခဲ့သည်။

ထိုအင်တာဗျူး အစီအစဉ်၏ ဗွီဒီယိုအပိုင်းတစ်ခုကို MSNBC ၏ လူမှုမီဒီယာများတွင် တင်ခဲ့သည်။ ထိုဗွီဒီယိုထဲတွင် ဟီလာရီကလင်တန်က ထရမ့်၏ နေရာကို ဆက်ခံသည့် လက်ရှိသမ္မတ ဂျိုးဘိုင်ဒန်(Joe Biden)သည် “နိုင်ငံရေး ကဇာတ်ခုံ” ပေါ်တွင် ဖျော်ဖြေရေးသမားတစ်ဦး မဟုတ်ကြောင်း ပြောကြားခဲ့သည်။

အမေရိကန် ပြည်သူများသည် လူမှုမီဒီယာများပေါ်မှ သတင်းများကိုသာ ဖတ်ရှုနေကြသဖြင့် နိုင်ငံတစ်ဝန်းတွင် ဘိုင်ဒန်၏ အားထုတ်ကြိုးပမ်းမှုများမှာ လူထုအကြား ထင်သလောက် ပျံ့နှံ့ခဲ့ခြင်းမရှိကြောင်း ဟီလာရီက ပြော သည်။

နိုင်ငံ၏ အခြေခံ အဆောက်အအုံများနှင့် အခြားအရေးကြီး အကြောင်းအရာများကို ဆွေးနွေးရာမှာတော့ ပျင်းစရာ ကောင်းသည်ဟု ပြည်သူများက ရှုမြင်နေသဖြင့် မီဒီယာများသည် ထရမ့် သို့မဟုတ် နိုင်ငံအတွက် အကျိုးမရှိသည့် အကြောင်းအရာများကို အလေးပေး ဖော်ပြလာကြပြီး ထိုသတင်းများကို ပြည်သူများက နှစ်သက်ကြသည်ဟု ဆို သည်။

ရေချယ်မက်ဒိုးနဲ့ ဟီလာရီကလင်တန်ကို တွေ့ရစဉ်

MSNBC သတင်းဌာနသည် ထရမ့်၏ စွပ်စွဲပြစ်တင်မှုများနှင့် ပတ်သက်သည့် သတင်းများကို ဆက်တိုက် ထုတ်လွှင့် နေသဖြင့် ထိုသတင်းများကို ကြည့်ရှုသူ အရေအတွက် ပိုမိုများပြား လာခဲ့သည်။ 

MSNBC သတင်းရုပ်သံလိုင်းအား ကြည့်ရှုသူ အရေအတွက်သည် လူပြိန်းကြိုက် သတင်းများနှင့် ပေါ်ပင်သတင်း များကိုသာ တင်ဆက်လေ့ရှိသည့် Fox News သတင်းဌာနထက်ပင် ကျော်လွန်သွားခဲ့သည်။ 

"MSNBC ဟာ ထရမ့်ရဲ့ စွပ်စွဲပြစ်တင်မှုတွေနဲ့အတူ ပရိသတ်အများကြီးကို ဆွဲဆောင်နိုင်ခဲ့ပါတယ်" ဟု Vanity Fair မဂ္ဂဇင်းက ဖော်ပြခဲ့သည်။ 

သြဂုတ် ၁၄ ရက်က ဂျော်ဂျီယာတွင် ထရမ့်၏ စွပ်စွဲပြစ်တင်မှု သတင်းကို MSNBC က ည ၉ နာရီမှ မနက် ၃ နာရီ အတွင်း ထုတ်လွှင့်ခဲ့သည်။ ထိုအချိန်အတွင်း ကြည့်ရှုသူ အရေအတွက်သည် Fox News နှင့် CNN သတင်းဌာန နှစ်ခုပေါင်း ကြည့်ရှုသူ အရေအတွက်ထက် ပိုမိုများပြားခဲ့သည်။

သြဂုတ် ၂၄ ရက်က ထရမ့် ယာယီဖမ်းဆီးခံခဲ့ရသည့် ဖြစ်စဉ်တွင်လည်း MSNBC သည် မက်ဒိုး၊ ခရစ် ဟေးစ် (Chris Hayes) နှင့် အခြား နာမည်ကြီး အစီအစဉ် တင်ဆက်သူများနှင့်အတူ တိုက်ရိုက်ထုတ်လွှင့်ခဲ့သည်။ 

အတ္တလန္တာမြို့သို့ ထရမ့်၏ လေယာဉ် ဆင်းသက်ချိန်မှစပြီး ဖူလ်တန်ကောင်တီ (Fulton County) အကျဉ်းထောင် သို့ သွားရောက်သည့် တစ်လျှောက်လုံး MSNBC က အသေးစိတ် ထုတ်လွှင့်တင်ပြခဲ့သည်။

MSNBC အပြင် အခြားလစ်ဘရယ် မီဒီယာများကလည်း ထရမ့်၏ အဆုံးမသတ်နိုင်သည့် နိုင်ငံရေး ပြဇာတ်ကို ဘက်ပေါင်းစုံမှ ထုတ်လွှင့်တင်ပြခဲ့ ကြသည်။ 

ထရမ့်နှင့် မတည့်သည့်် CNN သတင်းဌာနပင်လျင် ထရမ့်၏ အမှုနှင့်ပတ်သက်ပြီး အကျယ်တဝင့် ဖော်ပြခဲ့သည်။

အမေရိကန်သမ္မတ ဘိုင်ဒန်ကို တွေ့ရစဉ်

ဧပြီလက ငွေကြေး အရှုပ်တော်ပုံဖြင့် စွဲချက် ၃၄ ခုကို ရင်ဆိုင်ရန် မန်ဟတ်တန် တရားရုံးသို့ ထရမ့် ရောက်ရှိခဲ့ချိန် တွင် New Republic မဂ္ဂဇင်းမှ စီနီယာအယ်ဒီတာ တစ်ဦးဖြစ်သူ အဲလက်စ် ရှက်ဖတ် (Alex Shephard) က "ထရန့်လောက် ဘယ်သူကမှ သတင်းဌာနတွေရဲ့ သတင်းထုတ်လွှင့်မှု အစီအစဉ်ကို ဖြည့်ဆည်း မပေးနိုင်ပါဘူး"ဟု မှတ်ချက်ပေးခဲ့သည်။

CNN သတင်းဌာနသည် ထရမ့်၏ အမှုနှင့်ပတ်သက်သည့် တရားခွင် ကြားနာစစ်ဆေးမှုများ အကြောင်းကို အဓိက ထုတ်လွှင့်ခဲ့သည်။ ရှက်ဖတ်ကမူ ထရမ့်သည် သမ္မတတစ်ဦးအဖြစ် အမြင့်ဆုံး အနေအထားတွင် ရှိမနေသည့်တိုင် လက်ရှိအချိန်ထိ ထရမ့်၏ လှုပ်ရှားမှုများသည် လူထုအကြားတွင် ရေပန်းစားနေဆဲဖြစ်သည်ဟု ပြောကြားခဲ့သည်။

ထရမ့်၏ ဟာသလုပ်ရပ်များသည် သတင်းတန်ဖိုးမရှိဟု ယူဆနိုင်သည်။ မည်သို့ပင်ဆိုစေ အမေရိကန်သမိုင်း တစ်လျှောက်တွင် သမ္မတအဖြစ် တာဝန်ထမ်းဆောင်ချိန်မှာရော သမ္မတရာထူးမှ ထွက်ခွာပြီးချိန်မှာပါ စွပ်စွဲ ပြစ်တင်ခံရသည့် ပထမဆုံး သမ္မတဖြစ်သည့် ထရမ့်အကြောင်းကို သတင်းထုတ်လွှင့်ခြင်းသည် ယုတ္တိရှိသည်ဟု လည်း ယူဆနိုင်သည်။

သို့သော် ထရမ့်အကြောင်းကို အလွန်အကျူး အသားပေး ဖော်ပြနေမှုသည် အမေရိကန်မီဒီယာများ၏ ပုံစံသစ် တစ်ခုကဲ့သို့ ဖြစ်လာခဲ့သည်။ အမေရိကန်တွင် အခြား ဆိုးရွားသည့် သတင်းများ၊ အကြောင်းအရာများစွာ ရှိနေသော်လည်း ထရမ့်၏ သတင်းများကသာ ပိုမိုဖုံးလွှမ်းနေသည်။

အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့်ကို တွေ့ရစဉ်

ဟီလာရီကလင်တန်၏ စကားလုံးကို ယူသုံးရမည်ဆိုပါက ဘိုင်ဒန်သည် “နိုင်ငံရေး ကဇာတ်ခုံ” ပေါ်တွင် ထရမ့်လောက် လူကြိုက်များခြင်း မရှိပေ။ 

သို့သော် ဘိုင်ဒန်သည် နိုင်ငံရေးပြဿနာများမှအစ ကပ်ရောဂါ ကာလအတွင်း အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့သူများအတွက် ကျန်းမာရေး စောင့်ရှောက်မှုပေးရန် ဘတ်ဂျက်ကို စစ်အသုံးစရိတ်များထဲမှ ထုတ်ယူသုံးစွဲမှုများအထိ ကိစ္စရပ် တိုင်းကို ကောင်းမွန်စွာ စီမံခန့်ခွဲနိုင်ခဲ့သည်။ 

စင်စစ်တွင် လစ်ဘရယ်မီဒီယာများသည် ထရမ့်ကို ခုတုံးလုပ်ပြီး ၎င်းတို့၏ သတင်းလိုင်းများကို လူကြိုက်များ စေရန် ဖန်တီးတင်ဆက် နေကြခြင်း ဖြစ်သည်။ 

Fox News သတင်းဌာနကလည်း ထရမ့်ဘက်မှ ကာကွယ်ပေးသည့် သတင်းများ၊ ထရမ့်ကို ထောက်ခံသည့် သတင်းများကို ဆက်လက် တင်ပြနေဆဲ ဖြစ်သည်။

ဖူလ်တန်ကောင်တီတွင် ယာယီဖမ်းဆီးခံခဲ့ရစဉ်က ထရမ့်ကို ရိုက်ကူးထားသည့် ရဲမှတ်တမ်း ဓာတ်ပုံနှင့်ပတ်သက် ပြီး Fox News က အပြုသဘောဆောင်သည့်ဘက်မှ ဖော်ပြခဲ့သည်။

ထို ရဲမှတ်တမ်းဓာတ်ပုံသည့်် ထရမ့်၏ လူသိများထင်ရှားမှုကို ပိုမိုမြင့်တက်စေလိမ့်မည်ဟု Fox News က ဖော်ပြခဲ့ ပြီး လက်တွေ့တွင်လည်း ထိုဓာတ်ပုံကြောင့် ထရမ့်၏ မဲဆွယ်စည်းရုံးရေးအဖွဲ့သည် ရန်ပုံငွေ သန်းနှင့်ချီ ရှာဖွေ နိုင်ခဲ့သည်။

ထို့ကြောင့် လစ်ဘရယ် အမေရိကန်မီဒီယာများပေါ်တွင် ထရမ့်၏ သတင်းများနှင့် နိုင်ငံရေးလှုပ်ရှားမှုများကသာ ဆက်လက် လွှမ်းမိုးထားဖွယ် ရှိနေသည်။

Source: Al Jazeera