CNI Sport Article

၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၉

ယူနိုက်တက်အသင်းကတော့ ၂၀၂၃-၂၄ ရာသီမှာ ဆုဖလားတွေ ရယူပြီး အောင်မြင်မှုတွေ ရယူနိုင်ဖို့ ပစ်မှတ်ထား နေပေမယ့် ရာသီအစမှာတင် အသင်းအတွက် အခက်အခဲ ဖြစ်စေနိုင်မယ့် အရာတွေနဲ့ ရင်ဆိုင်နေရပါတယ်။

မန်ချက်စတာကလပ်ဟာ တိုက်စစ်မှူး ဂရင်းဝုဒ်ရဲ့ အခြေအနေတွေကို ဖြေရှင်းပြီးသွားလို့ အေးဆေးဖြစ်တော့မယ် အချိန်ကျမှ နောက်ထပ် ဖြေရှင်းစရာတွေက ထပ်ပြီးရောက်ရှိလာခဲ့တာပါ။

ယူနိုက်တက်အသင်းဟာ ပရီးမီးယားလိဂ် ၄ ပွဲ ကစားပြီးချိန်မှာ ၂ ပွဲနိုင်၊ ၂ ပွဲရှုံးနဲ့ ရလဒ်တွေက မကောင်းခဲ့လို့ ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။ 

ဆန်ချိုကို တွေ့ရစဉ်

ဒီအချိန်မှာ တောင်ပံကစားသမားတွေဖြစ်တဲ့ ဆန်ချိုနဲ့ အန်တိုနီရဲ့ အခြေအနေတွေကို ဖြေရှင်းရဖို့ ရှိလာခဲ့တာပါ။

ဆန်ချိုကတော့ ပြီးခဲ့တဲ့ အာဆင်နယ်အသင်းနဲ့ ပွဲမှာ သူ့ကို လူစာရင်းကနေ ချန်လှပ်ခဲ့တာနဲ့ ပတ်သက်ပြီး နည်းပြ အဲရစ်တန်ဟတ်ရဲ့ ပြောဆိုမှုကို ဆိုရှယ်မီဒီယာပေါ်မှာ ပြန်တုံ့ပြန်သွားခဲ့တာ ဖြစ်ပါတယ်။

ဒတ်ချ်လူမျိုးနည်းပြဟာ ဆန်ချိုရဲ့ လေ့ကျင့်ရေးကွင်း စွမ်းဆောင်ရည်တွေကြောင့် ချန်လှပ်ခဲ့တာလို့ ပြောခဲ့တဲ့ အပေါ် ဆန်ချိုက သူဟာ လေ့ကျင့်ရေးကွင်းမှာ အကောင်းဆုံး ကြိုးစားခဲ့ပြီး လူတွေပြောတဲ့ အရာတိုင်းကို မယုံ ကြည်ကြပါနဲ့လို့ ပြောသွားခဲ့တာပါ။ 

အဲရစ်တန်ဟတ်ဟာ မနှစ်ကတည်းက ဆန်ချိုကို သူ့ရဲ့ အကောင်းဆုံး ခြေစွမ်းပြန်ရဖို့ စိတ်ရှည်ရှည်နဲ့ အချိန်တွေ ပေးခဲ့ပြီး တစ်ဦးထဲ လေ့ကျင့်မှုတွေ ပြုလုပ်စေခဲ့ပါတယ်။ ဒါပေမယ့် ဆန်ချိုဟာ အခုအချိန်ထိ ပုံမှန်ခြေစွမ်းမျိုးကို မပြသနိုင်ခဲ့တာပါ။

အဲ့ဒါကြောင့်လည်း နည်းပြက ဆန်ချိုကို လူစာရင်းကနေ ချန်လှပ်ခဲ့တာ ဖြစ်ပါတယ်။ ဆန်ချိုကတော့ ဒီလို ပြန် တုံ့ပြန်ခဲ့တဲ့အတွက် ကစားသမားဟောင်းတွေရဲ့ ဝေဖန်မှုတွေခံခဲ့ရပြီး အသင်းဘက်က အရေးယူမှုတောင် ခံရနိုင် ဖွယ် ရှိနေပါတယ်။ 

အန်တိုနီကို တွေ့ရစဉ်

ဆန်ချို ဖြစ်ရပ်အပြီး ရက်အနည်းငယ်အကြာမှာ အန်တိုနီရဲ့ အဖြစ်အပျက်က ထပ်ပြီး ရောက်ရှိလာခဲ့တာပါ။

အန်တိုနီဟာ အိမ်တွင်း အကြမ်းဖက်မှု ပြုလုပ်ခဲ့တယ်ဆိုပြီး ရည်စားဟောင်းဖြစ်သူရဲ့ စွဲချက်တင်ခြင်းကို ခံထားရတာ ဖြစ်ပါတယ်။

အန်တိုနီဟာ ပြီးခဲ့တဲ့နှစ်က အေဂျက်စ်ကနေ ရောက်ရှိလာပြီးကတည်းက ယူနိုက်တက်အသင်းရဲ့ ညာတောင်ပံမှာ ပုံမှန်ပွဲထွက်ခွင့် တစ်နေရာကို ရယူထားတဲ့သူ ဖြစ်ပါတယ်။ 

အန်တိုနီရဲ့ ရည်းစားဟောင်းဖြစ်သူက ဘရာဇီးလ်ကစားသမားရဲ့ တိုက်ခိုက်မှုကြောင့် သူမရရှိခဲ့တဲ့ ဒဏ်ရာတွေကို ဘရာဇီးလ် သတင်းဌာနကနေ တစ်ဆင့် ဖော်ထုတ်ခဲ့တာပါ။ 

အဲ့ဒါကြောင့် အန်တိုနီဟာ စုံစမ်းစစ်ဆေးမှုတွေနဲ့ ရင်ဆိုင်နေရပြီး ဘရာဇီးလ်အသင်း လူစာရင်းကနေတောင် ချန်လှပ်ခံခဲ့ရတာ ဖြစ်ပါတယ်။

အန်တိုနီကတော့ သူဟာ ရည်းစားဟောင်းဖြစ်သူကို ကိုယ်ထိလက်ရောက် တိုက်ခိုက်ခဲ့တာမျိုး မရှိဘူးလို့ ပြော ထားတာပါ။ 

ယူနိုက်တက် အသင်းကိုတွေ့ရစဉ်

အန်တိုနီရဲ့ အနေအထားဟာ ဂီတာဖေးအသင်းထံ အငှားချထားတဲ့ ဂရင်းဝုဒ်ရဲ့ ဖြစ်ရပ်နဲ့ ပုံစံချင်း သွားတူနေပြီး ယူနိုက်တက်အနေနဲ့ ဒီအခြေအနေတွေကို ဘယ်လိုကိုင်တွယ်မလဲဆိုတာကို အားလုံးက စောင့်ကြည့်နေတာ ဖြစ်ပါတယ်။ 

အန်တိုနီအနေနဲ့ ဂရင်းဝုဒ်လို ယူနိုက်တက်အသင်းမှာ ကစားခွင့်မရအောင် ကန့်ကွက်မှုတွေ ပြုလုပ်ခံရမယ်ဆိုရင် မန်ချက်စတာကလပ်အနေနဲ့ ရာသီအစမှတင် အခက်အခဲတွေနဲ့ ရင်ဆိုင်ရတော့မှာပါ။

ဒါပေမယ့် ယူနိုက်တက်အသင်းကတော့ ဆန်ချိုရော၊ အန်တိုနီကိုပါ ချန်ပီယံလိဂ် ပြိုင်ပွဲဝင်မယ့် အသင်းလူစာရင်း မှာ ထည့်သွင်းထားတာ ဖြစ်ပါတယ်။ 

ယူနိုက်တက်အသင်းအနေနဲ့ နိုင်ငံတကာပွဲစဉ်တွေ ယှဉ်ပြိုင်နေတဲ့အချိန်မှာ ဒီပြဿနာတွေကို ဦးစွာဖြေရှင်းဖို့ လိုနေတာဖြစ်ပြီး မကြာခင် ရက်သတ္တပတ်တွေ အတွင်းမှာ ပရီးမီးယားလိဂ်၊ ချန်ပီယံလိဂ်ပွဲစဉ်တွေ လာတော့မှာ ဖြစ်လို့ အသင်းလူ စာရင်း အင်အားကို အားကောင်းအောင် လုပ်ဖို့ လိုနေတာပါ။

ယူနိုက်တက်အသင်း ပရိသတ်တွေကတော့ ပိုင်ရှင် ဂလေဇာမိသားစုက အခုအချိန်ထိ အသင်းကို မရောင်းချလို့ စိတ်ပျက်နေတဲ့အချိန်မှာ ရာသီအစပိုင်းမှာတင် ပြဿနာတွေကို ဆက်တိုက် ကြားနေရတာ ဖြစ်ပါတယ်။ 

မန်ချက်စတာကလပ်အနေနဲ့ ဒီပြဿနာတွေကို မဖြေရှင်းနိုင်ဘူးဆိုရင် အသင်းပရိသတ်တွေ မျှော်လင့်နေတဲ့ ဂန္ထဝင်နည်းပြကြီး ဆာအဲလက်စ် ဖာဂူဆန် လက်ထက်ကလို အောင်မြင်မှုမျိုး ပြန်ရဖို့ကတော့ အလှမ်းဝေးနေမယ် ဆိုတာ အသေအချာပါပဲ။