CNI Sport News

၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၁၅

မြန်မာနိုင်ငံမှာ ပရိသတ်အကြိုက်ဆုံး အားကစားနည်းလို့ ပြောလို့ရတဲ့ ဘောလုံးအားကစားနည်းကတော့ အခု နောက်ပိုင်း နှစ်တွေမှာ ပရိသတ်တွေရဲ့ မျှော်လင့်ချက်တွေနဲ့ အလှမ်းဝေးနေတာကြာပြီ ဖြစ်ပါတယ်။

နည်းပြတွေ အပြောင်းအလဲပြုလုပ်၊ ကစားသမားတွေသာ ပြောင်းလဲသွားခဲ့ပေမယ့် ဘာဆိုဘာမှ ဖြစ်မလာသေး တာ အားလုံးလည်း သိကြပါတယ်။ 

လက်ရှိအချိန်မှာ ပြည်ပထွက် ကစားသမားတွေ များလာတာနဲ့ နောက်ထပ် နည်းပြ အပြောင်းအလဲကြောင့် မျှော်လင့်လို့ ရကောင်းရနိုင်တယ်လို့ ပရိသတ်တွေက ထင်မှတ်ခဲ့ကြတာပါ။

ဒါပေမယ့် ပြီးခဲ့တဲ့ နီပေါအသင်းနဲ့ ကစားခဲ့တဲ့ ခြေစမ်းပွဲ ၂ ပွဲရဲ့ ခြေစွမ်းကို ကြည့်လိုက်တဲ့အချိန်မှာ မြန်မာအသင်းရဲ့ ခြေစွမ်းဟာ တော်တော်လေးကို ဆိုးရွားနေခဲ့တာကို မြင်တွေ့ခဲ့ရတာပါ။

မြန်မာအသင်းနည်းပြ မိုက်ကယ်ကိုတွေ့ရစဉ်

ခြေစမ်းပွဲမှာ အနိုင်ယူပြီး ကမ္ဘာ့အဆင့် မြင့်တက်ချင်လို့ မြန်မာအသင်းဟာ သူ့ထက် ကမ္ဘာ့အဆင့် သတ်မှတ်ချက် နိမ့်တဲ့ နီပေါအသင်းကို အိမ်ကွင်းမှာ ခေါ်ပြီးကန်ခဲ့တာ ဖြစ်ပါတယ်။ 

ဒီလိုအချိန်မှာ နီပေါအသင်းရဲ့ ခြေစွမ်းပိုင်းက တိုးတက်လာပြီး မြန်မာအသင်းဟာ တစ်ဦးနဲ့တစ်ဦး ဘောလုံးပေးပို့ မှုတောင် မမှန်ဘဲ ဖြစ်နေခဲ့ပါတယ်။ နီပေါအသင်းနဲ့ ပွဲအတွက် နည်းပြ မိုက်ကယ် ရွေးချယ်ထားတဲ့ လူစာရင်းဟာ မြန်မာအသင်းအတွက် တောင့်တင်းတဲ့လူစာရင်းလို့ ပြောလို့ရတယ်ဆိုတာ ငြင်းစရာ လုံးဝမရှိပါဘူး။

ပြည်ပထွက် ကစားသမားတွေဖြစ်တဲ့ မောင်မောင်လွင်၊ အောင်သူ၊ သန်းပိုင်၊ လွင်မိုးအောင်၊ ဝင်းနိုင်ထွန်း၊ ဟိန်းဖြိုး ဝင်း စတာတွေအပြင် ပြည်တွင်း အကောင်းဆုံးတွေဖြစ်တဲ့ နန္ဒကျော်၊ ကျော်ဇင်ဖြိုး၊ ရန်နိုင်ဦး စတဲ့ သူတွေ ပါဝင်ခဲ့ ကြတာပါ။ 

နီပေါအသင်းကို လူစာရင်း အင်အားအပြည့်နဲ့ အိမ်ကွင်းခေါ် ကန်တယ်ဆိုတော့ မြန်မာအသင်း ဂိုးပြတ်နိုင်ပွဲများ ရမလားလို့ မျှော်လင့်မိခဲ့ကြတာ ဖြစ်ပါတယ်။

ဒါပေမယ့် အထင်နဲ့ လက်တွေ့ဟာ လွဲချော်ခဲ့ပြီး ဂိုးသမား ကျော်ဇင်ဖြိုးသာ မကယ်ရင် မြန်မာအသင်းဟာ ၂ ပွဲစလုံး ရှုံးနိမ့်သွားနိုင်တာပါ။ 

တကယ်တော့ ပြည်ပထွက် ကစားသမားတွေကြောင့် မြန်မာအသင်းဟာ ပိုကောင်းသွားနိုင်မလားလို့ ထင်ခဲ့ပေမယ့် ပြည်ပထွက် ကစားသမားတွေထဲမှာ ပုံမှန်ကစားခွင့်ရတဲ့ ကစားသမားတွေဟာ လက်ချိုးပြီး ရေတွက်ရင်တောင် လက်တစ်ဖက်ပြည့်မှာ မဟုတ်ပါဘူး။ 

မြန်မာအသင်းကို တွေ့ရစဉ်

လေ့ကျင့်ခန်းပဲ ဆင်းရတာနဲ့ ပွဲကစားခွင့်ရတဲ့ အခြေအနေတွေဟာ ကွဲပြားခြားနားတဲ့အတွက် မြန်မာအသင်း နည်းပြ မိုက်ကယ်က အသင်းမှာရှိတဲ့ ကစားသမားအချို့ဟာ သူတို့ရဲ့ ကလပ်အသင်းတွေမှာ ပွဲကစားခွင့် နည်းတဲ့ အတွက် ကြံ့ခိုင်မှုပိုင်း ပြဿနာရှိနေတယ်လို့ ပြောထားတာပါ။

ပြည်တွင်းမှာ ရှိတဲ့ ကစားသမားတွေကတော့ ပြည်ပထွက် ကစားသမားတွေလို ပွဲထွက်ခွင့် ဆုံးရှုံးတဲ့သူတွေ မဟုတ်ပေမယ့် လက်ရွေးစင်အသင်းအတွက် ကစားရတဲ့အချိန်မှာ ကလပ်အသင်းအတွက် ကစားရသလိုမျိုး စွမ်းဆောင်နိုင်ခြင်း မရှိခဲ့ပါဘူး။ 

အဲ့ဒါကြောင့်လည်း မြန်မာအသင်းနည်းပြ မိုက်ကယ်က ဒီပွဲ ၂ ပွဲစလုံးကို သေချာပြန်သုံးသပ်ပြီး အကောင်းဆုံး ကစားနိုင်တဲ့ သူတွေကိုပဲ လက်ရွေးစင်အသင်းအတွက် ရွေးချယ်တော့မယ်လို့ ပြောထားခဲ့တာပါ။ 

မြန်မာအသင်းဟာ နောက်လထဲမှာ ၂၀၂၆ ကမ္ဘာ့ဖလားနဲ့ အရှဖလားခြေစစ်ပွဲ ပထမအဆင့်ပွဲစဉ်ကို ယှဉ်ပြိုင်ရ တော့မှာ ဖြစ်ပါတယ်။

ဒီအဆင့်မှာတော့ သူ့ထက် အင်အားနည်းတဲ့ မကာအိုအသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်လို့ အမှားမလုပ်ခဲ့ရင် နောက် တစ်ဆင့်တက်ဖို့ မခက်တဲ့ အနေအထားမှာ ရှိပါတယ်။ 

မြန်မာအသင်းယှဉ်ပြိုင်နေစဉ်

ဒီအဆင့် ကျော်လွန်သွားပြီးရင်တော့ ထိပ်သီးအသင်းတွေနဲ့ အစမ်းသပ်ခံရတော့မှာဖြစ်လို့ မြန်မာအသင်းအနေနဲ့ အကောင်းဆုံး လုပ်ဆောင်နိုင်ဖို့ကို သေချာလေးပြင်ဆင်ဖို့ လိုအပ်နေတာပါ။

ကမ္ဘာ့ဖလား ယှဉ်ပြိုင်ဖို့ အတွက်ကတော့ မဖြစ်နိုင်ပေမယ့် အာရှဖလားယှဉ်ပြိုင်ခွင့်ရဖို့ ကြိုးစားအားထုတ်ရမှာ ဖြစ်ပါတယ်။ 

မြန်မာအသင်းဟာ အာရှဖလားပြိုင်ပွဲကို ၁၉၆၈ က တစ်ကြိမ်ထဲသာ ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး ဒီပြိုင်ပွဲမှာ ဒုတိယရခဲ့တဲ့ မှတ်တမ်းကောင်းကို ရရှိခဲ့တာပါ။ ဒီပြိုင်ပွဲပြီးကတည်းက အာရှဖလားဆိုတာ မြန်မာအသင်းအတွက် အိပ်မက် မက်စရာသာ ရှိတော့တာ ဖြစ်ပါတယ်။

မြန်မာအသင်းရဲ့ အာဆီယံပြိုင်ဘက်တွေဖြစ်တဲ့ ထိုင်း၊ ဗီယက်နမ်၊ မလေးရှားနဲ့ အင်ဒိုနီးရှားတို့ဟာ လာမယ့် အာရှဖလားပြိုင်ပွဲကို ယှဉ်ပြိုင်ခွင့် လက်မှတ် ရရှိထားတာပါ။ 

သိပ်မကြာခင်မှာ ကမ္ဘောဒီးယားရဲ့ ကျော်တက်ခြင်းကိုပါ ခံရဖွယ်ရှိတဲ့ မြန်မာ့ဘောလုံးအနေနဲ့ ကြိုးစားအားထုတ်မှု ကို ရာနှုန်းပြည့် မလုပ်ဘူးဆိုရင်တော့ မျှော်လင့်ချက်တွေက အလှမ်းဝေးနေဆဲ ဖြစ်နေဦးမှာပါ။