CNI Sport News

၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၀

ဂျူဗင်တပ်စ်အသင်းဟာ လီဗာပူးလ်အသင်း ဂိုးသမား အယ်လီဆန်ကို ခေါ်ယူဖို့ အဆင်မပြေခဲ့ပြီးနောက် အက်စတွန်ဗီလာအသင်း ဂိုးသမား အီမီမာတီနက်ဇ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။ 

ဂျူဗင်တပ်စ်အသင်းအနေနဲ့ အီမီမာတီနက်ဇ်အတွက် အက်စတွန်ဗီလာအသင်း တောင်းဆိုမယ့် ပြောင်းရွှေ့ကြေးကို ပေးနိုင်ခြင်း ရှိ/မရှိအပေါ် မူတည်ပြီး အပြောင်းအရွှေ့ဖြစ်ဖို့ ရှိနေတာပါ။

ဒါပေမယ့် အက်စတွန်ဗီလာအသင်းဟာ မန်စီးတီးအသင်း ဂိုးသမား ဂျိမ်းစ်ထရက်ဖို့ဒ်ကို ခေါ်ယူချင်နေတာကြောင့် အီမီမာတီနက်ဇ်ကို ရောင်းချဖို့ မျှော်လင့်နေတာ ဖြစ်ပါတယ်။

ဂျူဗင်တပ်စ်အသင်းဟာ အစောပိုင်းက လီဗာပူးလ်အသင်းနဲ့ စာချုပ်သက်တမ်း ၁ နှစ်သာ ကျန်ရှိတော့တဲ့ အယ်လီဆန်ကို အသင်းထံ ခေါ်ယူနိုင်မယ်လို့ ယုံကြည်မှုရှိနေတာပါ။ 

မာတီနက်ဇ်ကို တွေ့ရစဉ် 

ဒါပေမယ့် လီဗာပူးလ်အသင်းက တခြားနေရာတွေမှာ ငွေကြေးသုံးစွဲပြီး ကစားသမားသစ်တွေ အားဖြည့်ဖို့ ရှိနေတာကြောင့် အယ်လီဆန်ကို စာချုပ်ကုန်ဆုံးတဲ့အထိ အသင်းမှာ ဆက်ထိန်းဖို့ ဆန္ဒရှိနေတာ ဖြစ်ပါတယ်။ 

အယ်လီဆန်ဟာ အီတလီထံ ပြန်သွားဖို့ စိတ်ဝင်စားနေပေမယ့် လီဗာပူးလ်အသင်းအပေါ် သစ္စာရှိတာကြောင့် အသင်းမှာ စာချုပ်ကုန်ဆုံးတဲ့အထိ ဆက်နေဖို့ ရည်ရွယ်ထားပါတယ်။ 

အဲ့ဒါကြောင့် ဂျူဗင်တပ်စ်အသင်းဟာ အီမီမာတီနက်ဇ်ကို ခေါ်ယူဖို့ ပစ်မှတ်ထားနေပြီး သူ့ကို မရရင် စပါးအသင်း ဂိုးသမား ဗီကာရီယိုကို ပြောင်းလဲပြီး စဉ်းစားနိုင်တာ ဖြစ်ပါတယ်။ 

ဗီကာရီယိုကလည်း စပါးအသင်းမှာ အနာဂတ် မရေမရာတာကြောင့် အခုနှစ်အစောပိုင်းမှာ အင်တာမီလန်အသင်း နဲ့ ဆွေးနွေးမှုတွေရှိခဲ့တာပါ။

ဂျူဗင်တပ်စ်အသင်းဟာ လာမယ့်ရာသီ ယူရိုပါလိဂ်ပြိုင်ပွဲမှာ အောင်မြင်မှု ရယူနိုင်ဖို့ အတွက် ကစားသမား အင်အား တောင့်တင်းအောင် ဖြည့်တင်းဖို့ စီစဉ်နေတာ ဖြစ်ပါတယ်။ 

Source: Dailymail