CNI Sport News
၂၀၂၆ ခုနှစ်၊ မေလ ၁၂
အာဂျင်တီးနားတိုက်စစ်မှူး ဒိုင်ဘားလားက ရိုးမားအသင်းဟာ သူ့ရဲ့အနာဂတ်နဲ့ ပတ်သက်ပြီး ဆွေးနွေးဖို့ ချဉ်းကပ်ခြင်း မရှိတာကြောင့် လာဇီယိုအသင်းနဲ့ပွဲဟာ ရိုးမားအသင်းအတွက် သူ့ရဲ့နောက်ဆုံးအိမ်ကွင်းပွဲ ဖြစ်နိုင်တယ်လို့ ပြောခဲ့ပါတယ်။
ဒိုင်ဘားလားက “အမှန်တရားက ကျနော်ကိုယ်တိုင် တစ်ခုခု သိချင်ပေမယ့် ကလပ်အသင်းက ကျနော့်ကို ချဉ်းကပ်တာ မရှိသေးပါဘူး။ စာချုပ်အရ လာဇီယိုနဲ့ဒါဘီပွဲဟာ ရိုးမားအသင်း ပရိသတ်တွေအရှေ့မှာ ကျနော့်ရဲ့ နောက်ဆုံးပွဲ ဖြစ်နိုင်ပါတယ်။ ရာသီကုန်မှာ ဘာတွေ ဖြစ်လာမလဲဆိုတာတော့ ကျနော်တို့ မြင်တွေ့ရမှာပါ”လို့ Sky Italia ကို ပြောခဲ့တာပါ။
ဂျူဗင်တပ်စ်အသင်းမှာ ၇ နှစ်ကြာ ကစားပြီးနောက် ၂၀၂၂ ခုနှစ်မှာ ရိုးမားအသင်းထံ ပြောင်းရွှေ့လာခဲ့တဲ့ ဒိုင်ဘားလားရဲ့ စာချုပ်ဟာ ဒီရာသီကုန်ရင် ကုန်ဆုံးပြီဖြစ်ပါတယ်။
ဒိုင်ဘားလားဟာ ဒီရာသီမှာ ဒဏ်ရာတွေနဲ့ ရုန်းကန်နေရပြီး ဒူးခွဲစိတ်မှုခံယူခဲ့လို့ ရိုးမားအသင်းရဲ့ ပွဲအများအပြားကို လွဲချော်ခဲ့ပါတယ်။

ဒိုင်ဘားလားကို တွေ့ရစဉ်
ရိုးမားအသင်းက ပါးမားအသင်းကို ၃ ဂိုး-၂ ဂိုးနဲ့ အနိုင်ရပြီး ချန်ပီယံလိဂ် ဝင်ခွင့်အတွက် ကြီးမားတဲ့ခြေလှမ်းကို လှမ်းနိုင်ခဲ့တဲ့ပွဲမှာ ဒိုင်ဘားလားဟာ ဂိုးဖန်တီးမှု ၁ ကြိမ် ပြုလုပ်ပေးနိုင်ခဲ့တာပါ။
ဒိုင်ဘားလားက သူတို့ဟာ ချန်ပီယံလိဂ် ဝင်ခွင့်ရယူနိုင်ဖို့ကို အဆုံးထိ တိုက်ပွဲဝင်သွားမယ်လို့လည်း ပြောခဲ့ပါတယ်။
အသက် ၃၂ နှစ်အရွယ်ရှိ ဒိုင်ဘားလားဟာ ဒီရာသီမှာ ရိုးမားအသင်းအတွက် ပြိုင်ပွဲစုံ ၂၅ ပွဲ ပါဝင်ကစားထားပြီး ၃ ဂိုး သွင်းယူကာ ဂိုးဖန်တီးမှု ၅ ကြိမ် ပြုလုပ်ထားတာပါ။
သတင်းအများအပြားက ဒိုင်ဘားလားဟာ ရိုးမားအသင်းနဲ့ စာချုပ်ကုန်ဆုံးပြီးနောက် သူ့ရဲ့နိုင်ငံဖြစ်တဲ့ အာဂျင်တီးနားကို ပြန်ကာ ဘိုကာဂျူနီယာအသင်းမှာ ကစားမယ်လို့ ဖော်ပြထားပါတယ်။
Source: CNA
