CNI International News

ဝါရှင်တန်၊ ဇူလိုင် ၃၁

အမေရိကန်အောက်လွှတ်တော်သည် တရားရေးဝန်ကြီးဌာန (DOJ) ၏ China Initiative အမည်ရှိ အစီအစဉ်ကို ပြန်လည်အသက်သွင်းရန် အဆိုပြုခဲ့ကြောင်း Asia  Times မှဖော်ပြခဲ့သည်။

ထိုအစီအစဉ်သည် တရုတ်နှင့်ဆက်နွှယ်သည့် စီးပွားရေးဆိုင်ရာ သူလျှိုလုပ်ခြင်း၊ အသိဉာဏ်ပစ္စည်း ခိုးယူမှုတို့ကို ဟန့်တားရန် ရည်ရွယ်ထားသော အစီအစဉ်ဖြစ်သည်။

၂၀၂၆ ခုနှစ် ဘဏ္ဍာနှစ် ကုန်သွယ်ရေး၊ တရားရေး၊ သိပ္ပံနှင့် ဆက်စပ်အေဂျင်စီများ (CJS) အသုံးစရိတ် လျာထားငွေ ဥပဒေမူကြမ်းဟု အမည်တပ်ထားသည့် ထိုအဆိုပြုချက်သည် အမေရိကန်တွင် သုတေသန၊ ပညာရေးနှင့် စက်မှု လုပ်ငန်းများ၌ တရုတ်၏ သံသယဖြစ်ဖွယ် လွှမ်းမိုးမှုကို တန်ပြန်ရန် ရွယ်ခြင်းဖြစ်သည်ဟု ဆိုသည်။

ထိုဥပဒေမူကြမ်း၏ အကျဉ်းချုပ် ဖော်ပြချက်အရ အမေရိကန်၏ ယှဉ်ပြိုင်မှု တစ်ပန်းသာသည့် အခြေအနေကို ထိန်းသိမ်းရန်နှင့် တရုတ်ကို တန်ပြန်ရန် China Initiative အစီအစဉ်ကို ပြန်လည် အသက်သွင်းလိမ့်မည်ဟု ဖော်ပြထားသည်။

ဇူလိုင် ၂၃ ရက်က တရုတ်၏ ပညာသင်ဆုရ ကျောင်းသားများ၊ ပညာရှင်များနှင့် ဆက်စပ် အဖွဲ့အစည်းများက လွှတ်တော်ကို စာတစ်စောင်ပေးပို့ခဲ့ပြီး ထိုအစီအစဉ်ကို ပြန်လည် အသက်သွင်းမည့် လှုပ်ရှားချက်ကို ရှုတ်ချခဲ့ သည်။

တရုတ်သူလျှိုလုပ်မှုကို ပြသထားစဉ် 

ထိုအစီအစဉ်ကြောင့် အမေရိကန်ရှိ အာရှကျောင်းသားများနှင့် သိပ္ပံပညာရှင်များသည် လူမျိုးရေး ခွဲခြားခံခဲ့ရ သည်ဟု ၎င်းတို့က ပြောကြားခဲ့သည်။

“China Initiative အစီအစဉ်က အာရှနွယ်ဖွား အမေရိကန်ကျောင်းသားတွေနဲ့ သိပ္ပံပညာရှင်တွေကို ဖိနှိပ်ခံရမယ့် အရေးကို စိုးရိမ်စေခဲ့ပါတယ်။ ဖက်ဒရယ် ထောက်ပံ့ကြေး လျှောက်တာတွေ၊ သုတေသနပြုလုပ်တာတွေ၊ မိသားစုနဲ့ အတူ ခရီးသွားတာတွေလိုမျိုး သာမန် လှုပ်ရှားမှုတွေကိုတောင် လုပ်ခွင့်တားမြစ်ခံခဲ့ရပါတယ်” ဟု တရုတ် ကျောင်းသားများ၏ ပေးစာတွင် ဖော်ပြခဲ့သည်။

ထိုပေးစာကို အာရှနွယ်ဖွား အမေရိကန်ကျောင်းသားများ ဖိုရမ်၏ ဝက်ဘ်ဆိုက်တွင် တင်ပြထားသည်။

အမေရိကန်အခြေစိုက် တရုတ်သုတေသနပညာရှင်များ ပါဝင်သည့် သူလျှိုမှုများ၊ ခိုးယူမှုများကို တရားစီရင်နိုင်ရန် China Initiative အစီအစဉ်ကို ၂၀၁၈ ခုနှစ်က တရားရေးဝန်ကြီးဌာနက ပထမဆုံး စတင် အကောင်အထည် ဖော်ခဲ့ခြင်းဖြစ်ပြီး ၂၀၂၂ ခုနှစ်တွင် ထိုအစီအစဉ်ကို ဖျက်သိမ်းခဲ့သည်။

Source: Asia Times